ပြည်သူ့စစ်မှုထမ်းခြင်းမှသည် နိုင်ငံတော် ကာကွယ်ရေးဆီသို့   

 

ပြည်သူ့စစ်မှုထမ်းခြင်းမှသည် နိုင်ငံတော် ကာကွယ်ရေးဆီသို့   

  

      ပြည်သူ့စစ်မှုထမ်းသင်တန်းများနှင့် သတင်းများသည် ယခုအခါ ပြည်သူလူထုကြား၌ ရင်းနှီးကျွမ်းဝင်လာပြီဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အာဏာတည်သည့်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည့်အချိန်တွင်   ပြည်သူလူထုအကြား၌ စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။ နိုင်ငံတော်အစိုးရအပေါ်၌လည်း အထင်အမြင်များ လွဲမှားခဲ့ကြသည်။

ထိုစနစ်သည် မိမိတို့နိုင်ငံတစ်ခုတည်းက တစ်မူထူးခြားစွာ တီထွင်ထားခြင်းမဟုတ်၊ အခြားနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိကြောင်းကို  ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် အလျဉ်းသင့်သလို ဖော်ပြရှင်းပြထားပြီးဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ   တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေး အင်အားကို   တစ်ဖက်တစ်လမ်းမှ တိုးချဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ  (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များပြဋ္ဌာန်းချက် ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို    ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။

ယခု  ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင် အာဏာတည်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် အခန်း(၈)ခန်းပါရှိပြီး အခန်း(၁)တွင် အမည်၊ စတင် အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂)တွင် ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၄) တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ အခန်း(၅)တွင် စစ်စည်းရုံးခြင်း၊ အခန်း(၆)တွင် ပြည်သူ့စစ်မှုထမ်းခြင်းမှ   ကင်းလွတ်ခွင့်ပြုခြင်း၊   အခန်း(၇)တွင် ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း(၈)တွင် အထွေထွေဟူ၍ ဖော်ပြပါရှိသည်။

အခန်း(၁)တွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသူများ၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသူ နိုင်ငံသားတိုင်းကို စစ်မှုထမ်းရမည့် အသက်အရွယ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။ ကျွမ်းကျင်သူဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုသည်။ စစ်မှုထမ်းဆောင်ရမည့် ကာလမှာ ၂၄ လ (နှစ်နှစ်)ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များ အနေဖြင့်မူ ၃၆ လ (သုံးနှစ်) ဖြစ်သည်။ နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ငါးနှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

လတ်တလောကာလတွင် မြန်မာနိုင်ငံသားများအဖို့   ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အမှန်တကယ် လက်တွေ့လိုက်နာ ကျင့်သုံးဆောင်ရွက်သည့်အခါ အောင်မြင်သည့်အတွက် သင်တန်းများ ဆက်တိုက်ဆိုသလို ဖွင့်လှစ်လျက်ရှိရာ ယခုဆိုလျှင် သင်တန်းအမှတ်စဉ်(၃)သို့ပင် ဖွင့်လှစ်သင်ကြားပေးနိုင်ပြီဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများနည်းတူ စစ်မှုထမ်းခြင်းကို နိုင်ငံသားတစ်ဦး၏ သာမန်ဝတ္တရားအဖြစ် ရှုမြင်လာကြမည်ဟု ယုံကြည်မိပါသည်။ သင်တန်းအမှတ်စဉ်(၁)ကို ဧပြီလ ၈ ရက်တွင် လည်းကောင်း သင်တန်းအမှတ်စဉ်(၂)ကို မေလ ၁၄ ရက်တွင် လည်းကောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ သင်တန်းကာလမှာ ရက်သတ္တ ၁၂ ပတ်ဖြစ်သည်။

ထိုသို့ သင်တန်းများ ဖွင့်လှစ်ပေးရာတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လက်လွတ်စပယ် ဖွင့်လှစ်ပေးခြင်းမျိုး မဟုတ်ပေ။  အရပ်သားပြည်သူများကို စစ်ပညာ သင်ကြားပေးရမည်ဖြစ်၍  သေချာစိစစ်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရသည်။ သင်ကြား ပေးမည့် နည်းပြများမှအစ စစ်ပညာအခြေခံ သင်ခန်းစာများအထိ သေချာမွမ်းမံပြင်ဆင်ရသည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း  တက်ရောက်ခြင်းဖြင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာခြင်း၊    အသင်းအဖွဲ့ဖြင့် လုပ်ဆောင်တတ်လာခြင်း၊ အချိန်ကိုက် စစ်သင်တန်း ဖြစ်သည့်အတွက် သတ်မှတ်ချိန်အတိုင်း အချိန်ကိုက် လုပ်ဆောင်တတ်လာခြင်း၊ နည်းပြများ၏ သွန်သင် လမ်းညွှန်ပြသပေးမှုကြောင့် စိတ်ဓာတ်နှင့်ခံယူချက်များ မြင့်မားလာပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာခြင်း၊ မိမိကိုယ်တိုင်မှ  မိမိ၏မိသားစု၊ မိမိ၏မြို့ရွာ၊ မိမိ၏နိုင်ငံတော်ထိ တန်ဖိုးထား ချစ်တတ်လာမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း ပဒေဆိုသည်မှာလည်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့အတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့သည့် ဥပဒေမဟုတ်ပေ။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်   အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်နှင့်   တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အတွက် စစ်ပညာသင်ကြားပေးကာ နိုင်ငံတော်ကာကွယ်ရေး အတွက်  စစ်မှုထမ်းဆောင်နိုင်ရန်   နိုင်ငံ၏ လူသားအရင်းအမြစ်ကို နိုင်ငံတကာနှင့် ယှဉ်နိုင်ရန် အရည်အသွေး မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းစနစ် ပြဋ္ဌာန်းခြင်းသည် နိုင်ငံတော်၏ ပစ္စုပ္ပန်နှင့်အနာဂတ်ကိုလည်း ကာကွယ်ခြင်းဖြစ်သည်။ ပြည်သူပြည်သားအားလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားလာနိုင်ရန် သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့်    နောင်တော် တပ်မတော်သားများနည်းတူ ကိုယ့်နေရပ်၊ ကိုယ့်မြို့ရွာမှသည်  မြန်မာနိုင်ငံအနှံ့ တာဝန်ကျရာတပ်ရင်း တပ်ဖွဲ့၊ရုံး၊ ဌာနချုပ်များတွင် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်းများ အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး ပညာများကို    နည်းမှန်လမ်းမှန် အသုံးချကာ နိုင်ငံတော်ကို ကာကွယ်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။   ။