ရုရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် နိုင်ငံတကာ ယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေပြိုင်ပွဲ)တွင် မြန်မာလှေလှော် အားကစားအဖွဲ့ ရွှေတံဆိပ်တစ်ခု စတင်ဆွတ်ခူး
ရန်ကုန် ဇွန် ၂၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Barnaul မြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁ ရက်အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာ ယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေပြိုင်ပွဲ) (Altai Regatta Dragon Festival) မီတာ ၂၀၀ အမျိုးသား ၁၀ တက်လှော်ပြိုင်ပွဲတွင် မြန်မာလှေလှော် အားကစားအဖွဲ့မှ ရွှေတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိထားကြောင်း မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်မှ သိရသည်။
ယနေ့ယှဉ်ပြိုင်သည့် မီတာ ၂၀၀ အမျိုးသား ၁၀ တက်လှော်ပြိုင်ပွဲတွင် မြန်မာအသင်းသည် ပြေးလမ်းနံပါတ်(၃)မှ စံချိန် ၄၃ ဒသမ ၆၀၂ ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့ပြီး ပထမဆု(ရွှေ)တံဆိပ် ရရှိခဲ့ကာ ပြေးလမ်းနံပါတ်(၅)မှ ယှဉ်ပြိုင်သည့် အင်ဒိုနီးရှားအသင်းက စံချိန် ၄၃ ဒသမ ၆၅၀ ဖြင့် ဒုတိယ(ငွေ)တံဆိပ်၊ ပြေးလမ်းနံပါတ်(၄)မှ ယှဉ်ပြိုင်သည့် ကမ္ဘောဒီးယား အသင်းက စံချိန် ၄၅ ဒသမ ၇၀၁ ဖြင့်တတိယ(ကြေး)တံဆိပ်များ ဆုတ်ခူးရရှိကာ ပြေးလမ်း နံပါတ်(၆)မှ ယှဉ်ပြိုင်သည့် ဖိလစ်ပိုင်အသင်းက စံချိန် ၄၆ ဒသမ ၇၀၆ ဖြင့် စတုတ္ထ၊ ပြေးလမ်းနံပါတ်(၁)နှင့်(၂)တို့မှ ယှဉ်ပြိုင်သည့် အိမ်ရှင်ရုရှားအသင်းတို့က စံချိန် ၄၉ ဒသမ ၄၅၈ နှင့် ၅၂ ဒသမ ၆၄၄ တို့ဖြင့် ပဉ္စမနှင့် ဆဋ္ဌမနေရာတို့မှ အသီးသီး ပန်းဝင်ခဲ့ကြသည်။
၎င်းနိုင်ငံတကာ ယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေပြိုင်ပွဲ)သို့ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဥဇဘတ်ကစ္စတန်၊ မြန်မာနှင့် အိမ်ရှင်ရုရှားနိုင်ငံတို့မှ အားကစားအသင်းများပါဝင်ပြီး မီတာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ ၂၀၀၀ ပြိုင်ပွဲများ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် ယင်းပြိုင်ပွဲသည် ဗျငညေ ွောနျ ပြိုင်ပွဲတွင် ဆုရရှိသော နိုင်ငံများအား ဦးစားပေး ဖိတ်ခေါ်ပြိုင်ပွဲဝင်ကြခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေပြိုင်ပွဲ)သို့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း ဦးဆောင်ကာ အုပ်ချုပ်/နည်းပြနှစ်ဦး၊ အမျိုးသားအားကစားသမား ၁၂ ဦး စုစု ပေါင်း ၁၅ ဦးပါဝင်သော မြန်မာလှေလှော် အားကစားအဖွဲ့မှ ဆက်လက်ပါဝင် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။