COVID-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၂၇

   

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19)  ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲအတည်ပြု လူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိလျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေး လက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၇ ပါး၊ လှည်းကူးမြို့နယ်၊ နယ်မြေခံသင်တန်းကျောင်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၁၆၁ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ သံဃာတော် ၄၂ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာအရပ်သား ၄၈၅ ဦးတို့ကို အသီးသီးဆက်လက်လက်ခံ ကုသ ပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

   

ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ အတည်ပြုလူနာအရပ်သား ၃၄ ဦး၊ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၈၂ ဦးနှင့် ရွှေညောင်မြို့တည်းခိုရေး စခန်းမှ သီးသန့်စောင့်ကြည့်ရမည်သူ ၃၅ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော် နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။

   

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၇၄၉ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၇၄ ဦးတို့ကို အသီးသီးလက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါ သီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်အလိုက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။