အပြုသဘောဆောင်သည့် ချဉ်းကပ်မှုမျိုးဖြစ်စေချင်
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက်)
မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ပါဝင်သည့်နိုင်ငံဖြစ်ပြီး ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်လျက် ရှိသည့်နိုင်ငံဖြစ်သည်။ ကလေးသူငယ်ဥပဒေ(၁၉၉၃)ကို ပြင်ဆင်အစားထိုးခဲ့သည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ(၂၀၁၉)တွင်လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အရေးယူအပြစ်ပေးရန် ထည့်သွင်းပြဋ္ဌာန်း ထားပြီးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားအဖြစ် 4Digits(1566) Helpline ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စတင်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် အရွယ်မရောက်သေးသူများအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ကော်မတီကို ဖွဲ့စည်းပြီး ကုလသမဂ္ဂစောင့်ကြည့်လေ့လာရေး အစီရင်ခံစာတင်ပြရေး အဖွဲ့နှင့်လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ကော်မတီအနေဖြင့် ၂၀၁၂ ခုနှစ်မှစတင်၍ ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံစာ တင်ပြရေးအဖွဲ့နှင့် အစည်းအဝေးပေါင်း ၅၈ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အစီရင်ခံစာ တင်ပြရေးအဖွဲ့၏ စုံစမ်းချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် အချက်အလက် အထောက်အထားများဖြင့် ပြန်ကြားပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ် အတွင်း ကုလသမဂ္ဂအဖွဲ့က တပ်မတော်တွင် အသက်မပြည့်သေးသူဟု သံသယရှိသူကိုးဦးသာရှိသည်ဟု စုံစမ်းထားသည်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်နှင့်ပတ်သက်သော ဖော်ပြချက်များ ပါဝင်သည့်၂၀၂၃ ခုနှစ် အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီရင်ခံစာပါ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဖော်ပြချက်တွင် အတည်မပြုနိုင်သော သတင်းရင်းမြစ်များနှင့် အစိုးရကိုဆန့်ကျင်သည့် အုပ်စုများထံမှ ရရှိသောအချက်အလက်များအပေါ် အခြေခံထားသည့် အခြေအမြစ်မရှိသော တစ်ဖက်သတ်စွပ်စွဲချက်များနှင့် မမှန်ကန်သည့်ကိန်းဂဏန်းများ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသည်။ ထို့ပြင် အစီရင်ခံစာ၌ ချိုးဖောက်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြထားခြင်း မရှိသဖြင့် ထင်ယောင်ထင်မှားဖြစ်စေသည်။ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ အမျိုးမျိုး၏ ကျူးလွန်မှုများအား တပ်မတော်က ကျူးလွန်သည်ဟု စွပ်စွဲဖော်ပြထားသည်ကိုလည်း တွေ့ရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်အရ ကလေးသူငယ်များနှင့် ပတ်သက်သော အချက်အလက်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်အစီရင်ခံစာ မထုတ်ပြန်မီကတည်းက ကြိုတင်ပေးပို့ထားခဲ့ပြီးဖြစ်သည်။
ထိုသို့ ကြိုတင်ပေးပို့ထားပြီး ဖြစ်သော်လည်း ယင်းအချက်များကို အစီရင်ခံစာတွင် ထင်ဟပ်ဖော်ပြထားခြင်း မရှိကြောင်းတွေ့ရှိရသည်။ ယခုအစီရင်ခံစာတွင် တပ်မတော်က ၂၀၂၃ ခုနှစ်အတွင်း အသက်မပြည့်သေးသူ ၁၁၀၂ ဦးကို စစ်မှုထမ်းစေခဲ့သည်ဟု ဖော်ပြထားခြင်းမှာ ချဲ့ကားဖော်ပြခြင်းဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် အစီရင်ခံစာတင်ပြရာတွင် သမာသမတ်ဖြစ်ရန်၊ ဓမ္မဓိဋ္ဌာန်ကျရန်လိုအပ်သည်။ ယခုအစီရင်ခံစာပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်တွင် ရှုထောင့်မျိုးစုံမှ အထောက်အထားများဖြင့် ဖော်ပြရန်လိုအပ်သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့်ဖော်ပြချက်တွင် အတည်မပြုနိုင်သော သတင်းအရင်းအမြစ်များနှင့် တည်ဆဲအစိုးရအပေါ် ဆန့်ကျင်သည့်အုပ်စုများထံမှ ရရှိသော အချက်အလက် အမှားအပေါ်အခြေခံထားသည်။ အခြေအမြစ်မရှိသော တစ်ဖက်သတ်စွပ်စွဲချက်များ၊ မမှန်ကန်သည့် ကိန်းဂဏန်း အချက်အလက်များ ပါဝင်လျက်ရှိသည်။ ထို့ပြင် ချိုးဖောက်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများနှင့် ပတ်သက်၍ ရှင်းလင်းစွာဖော်ပြထားခြင်း မရှိဘဲ ထင်ယောင်ထင်မှားဖြစ်စေသည့် အချက်အလက်များသာ ပါဝင်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၅)ရပ်တွင် ပါဝင်သည့် နိုင်ငံတော်ဆောင်ရွက်ချက်များကို ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီသို့ အစီရင်ခံစာများ တင်သွင်းလျက်ရှိသည်။ အရွယ်မရောက်သေးသော ကလေးစစ်သည်များနှင့် ပတ်သက်၍၂၀၀၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၌ ပထမဦးစားပေးစာရင်းအဖြစ် ပါဝင်လာခဲ့သည့်အတွက် ယင်းစာရင်းမှပယ်ဖျက်နိုင်ရန် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယခုအခါ ကလေးစစ်သည် မကျန်တော့သလောက်ရှိနေသည်ကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများသိရှိပြီးဖြစ်သည်။ သို့ဖြစ်၍ ဇွန်လ ၁၃ ရက် ကုလသမဂ္ဂ၏အစီရင်ခံစာတွင်ပါဝင်သည့် အခြေအမြစ်မရှိသောစွပ်စွဲချက်များကို ကန့်ကွက်ပယ်ချပြီး အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်သင့်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။