စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

(ယမန်နေ့မှအဆက်)

သတင်း ဟူသောဝေါဟာရ၏  အနက်နှင့် အဓိပ္ပာယ်ကို ရှင်းခဲ့ပြီး ဖြစ်သဖြင့် ယခုထပ်မံရှင်းပြရန် လိုတော့မည်မဟုတ်ပါ။ သို့ရာတွင် သတင်း ဟူသောအရေးကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် သုံးခဲ့ကြသနည်းဟူသည်ကိုမူ လေ့လာရန်လိုပါလိမ့်ဦးမည်။

သတင်း ဟူသောအရေးကို တွေ့ရသည်မှာ ချားစ်လိန်း၏ အင်္ဂလိပ်-မြန်မာအဘိဓာန်တွင်ဖြစ်သည်။ ယင်းအဘိဓာန်ကို သင်္ဘောကပ္ပတိန်ချားစ်လိန်း အမည်ရှိ ပုဂ္ဂိုလ်က ဦးဆောင်ပြုစုခဲ့သည်။ မြန်မာစာအပိုင်းကို မက္ခရာမင်းသားကြီးက ကြပ်မတ်တည်းဖြတ်ခဲ့သည်။ အင်္ဂလိပ်ဝေါဟာရ News ကို သတင်း ဟု ရေးသားပုံနှိပ်ထားသည်ကို တွေ့ရသည်။ ၁၈၃၃ ခုနှစ်မှစ၍ ပြုစုခဲ့ပြီး ၁၈၄၁ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သော အဘိဓာန်ဖြစ်သည်ဟု သိရသည်။ သို့ရာတွင်မြန်မာနိုင်ငံ၌ မြန်မာဘာသာဖြင့် ပထမဦးစွာပုံနှိပ်ထုတ်ဝေခဲ့သော သတင်းစာ၏ အမည်ကိုမူ သတင်းစာ ဟု စာလုံးမပေါင်းဘဲ သ တွင် လုံးကြီးတင်လျက် သိတင်းစာ ဟု စာလုံးပေါင်းလျက်တွေ့ရပါသည်။

ထိုသတင်းစာမှာ ဓမ္မသိတင်းစာ ဖြစ်သည်။ ဓမ္မသိတင်းစာကို ၁၈၄၃ ခုနှစ်မှ စတင်၍ ၁၈၅၃ ခုနှစ်အထိ မော်လမြိုင်မြို့၌ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထူးထူးခြားခြားမှတ်သားရသည်မှာ ၁၈၃၃ ခုနှစ်မှစ၍ ပြုစု၍ ၁၈၄၁ ခုနှစ်တွင် ထုတ်ဝေသော ချားစ်လိန်းနှင့်မက္ခရာမင်းသားကြီးတို့၏ အင်္ဂလိပ်-မြန်မာအဘိဓာန်၌ သတွင်  လုံးကြီးတင်မပါဘဲ  သတင်းဟု စာလုံးပေါင်းသော်လည်း ထိုအဘိဓာန်ထက် အနှစ်၂၀ ခန့်နောက်ကျမှ ထုတ်ဝေသည့် သတင်းစာကိုမူ သတွင် လုံးကြီးတင်လျက် သိတင်းစာဟု စာလုံးပေါင်းထားခြင်း ဖြစ်သည့်အချက် ဖြစ်သည်။

တစ်ဖန်တုံ ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့၌ပင် ပုံနှိပ်ထုတ်ဝေခဲ့သည့် မြန်မာ-အင်္ဂလိပ်အဘိဓာန်တစ်ဆူ ပေါ်ပေါက်ခဲ့ပါသည်။ ယင်းအဘိဓာန်ကား ဆရာယုဒသန်ပြုစုသည့် မြမ္မာနှင့် အင်္ဂလိပ်အဘိဓာန် (မြန်မာ-အင်္ဂလိပ်အဘိဓာန်)ဖြစ်သည်။ ထိုအဘိဓာန်တွင်လည်း သိတင်းစာ ဟူ၍ပင် သတွင် လုံးကြီးတင်လျက် စာလုံးပေါင်းထားသည်ကို တွေ့ရပြန်ပါသည်။

မှတ်သားရသည့်အချက်မှာ ၁၈၄၁ ခုနှစ်တွင် ပုံနှိပ်သောချားစ်လိန်း၏ အဘိဓာန်တွင် သတွင် လုံးကြီးတင်မပါဘဲ သတင်းဟု စာလုံးပေါင်းပါလျက် ၁၈၄၃ ခုနှစ်တွင် ပုံနှိပ်သောသတင်းစာနှင့် ၁၈၅၂ ခုနှစ်တွင် ပုံနှိပ်သောအဘိဓာန်တို့တွင် သိတင်းဟု သတွင် လုံးကြီးတင်လျက် သိတင်းဟု စာလုံးပေါင်းထားသော အချက်ဖြစ်သည်။

လုံးကြီးတင်ပါခြင်းအဖြစ်ကို ဤသို့စဉ်းစားမိပါသည်။

လုံးကြီးတင်သည် ယေဘုယျအားဖြင့် အိသရသင်္ကေတဖြစ်ပါသည်။ အိသရကို ကိုယ်စားပြုပါသည်။ အိ သရ၏ တန်ဖိုးကိုပင် ဖော်ပြပါသည်။ သို့ရာတွင် အချို့သောဝေါဟာရတို့တွင်ပါသော လုံးကြီးတင်သည် အိ သရကို ကိုယ်စားမပြုပါ။  အိ သရ၏ တန်ဖိုးမရှိပါ။ လုံးကြီးတင်သော   သင်္ကေတမျှသာ ဖြစ်ပါသည်။

ထိုလုံးကြီးတင်သင်္ကေတသည် ယင်းနှင့်ယှဉ်ဖက်ထားသော ဗျည်းအက္ခရာ၌ အ သရမရှိကြောင်း ဖော်ပြသည့်သင်္ကေတမျှသာဖြစ်သည်။ တစ်နည်းဆိုရသော် အသတ်သင်္ကေတနှင့် တန်ဖိုးတူသည်ဟု ဆိုသော် ရနိုင်ပါမည်။ အသတ်ဟူသည်လည်း ယင်းတွဲစပ်ထားသော၊ ယင်းတံခွန်လွှားထားသော ဗျည်းအက္ခရာ၌ အ သရသံမရှိကြောင်းကို ဖော်ပြသည့် သင်္ကေတမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။

ဤတွင် သိတင်းဟူသောဝေါဟာရကို သတင်းဟုမရေးဘဲ သိတင်းဟု သတွင် လုံးကြီးတင်လျက် စာလုံးပေါင်းရေးသားခြင်း၏ အကြောင်းရင်းကို သိရန်လိုအပ်ပါသည်။ မြန်မာဘာသာတွင် အ သရသံကို အ ဖျောက်သောစနစ်နှစ်ခုရှိပါသည်။ တစ်ခုမှာ လုံးကြီးတင်သောစနစ်ဖြစ်၍ နောက်တစ်ခုမှာ တစ်ချောင်းငင်သောစနစ် ဖြစ်ပါသည်။ ဤတွင် အ သရသံကိုဖျောက်သော၊ လုံးကြီးတင်သောစနစ်ကိုတင်ပြလိုပါသည်။

အထင်ရှားဆုံးသော သာဓကမှာ တာဝတိံသာမှ သိကြားဖြစ်ပါသည်။ တာဝတိံသာသိကြားကို ယခုအခါ သ တွင် လုံးကြီးတင်လျက် သိကြားဟု ရေးသားကြပါသည်။ သိကြားဟုပင် လုံးကြီးတင်လျက်ပြဋ္ဌာန်းထားပါသည်။ စင်စစ် သတွင် လုံးကြီးတင်လျက် သိကြားဟုရေးရန် အကြောင်းမရှိပါ။ သိကြား၏ ရင်းမြစ်စကားမှာ  သက္ကတဘာသာ  ဂံကြ ဖြစ်ပါသည်။

သက္ကတဘာသာ  ဂံကြသည် ပါဠိဘာသာဖြင့် သက္က ဖြစ်ပါသည်။ သ သည် ပါဠိအလို၊ ကြသည် သက္ကတအလိုဖြစ်သည်။ ပါဠိသက္ကတ နှစ်မျိုးသက်၌ သကြ ဖြစ်သည်။ သကြကိုပင် သကြားဟု ကြကို ကြားပြု၍ သကြား ဖြစ်ပါသည်။ သို့ရာတွင် သတွင် အ သရ မပါစေလိုသဖြင့် သတွင် လုံးကြီးတင်ယှဉ်လျက် သိဟုရေးကာ သိကြားဖြစ်လာပါသည်။

နောက်ထပ်သာဓကတစ်ခုမှာ ပိတောက်ဖြစ်ပါသည်။ ပိတောက်၏ ရှေးအကျဆုံးအရေးမှာ ပျာတောက်ဖြစ်ပါသည်။ ပျားတောက်ဟု ဆိုလိုရင်းဖြစ်ပါသည်။ တစ်ခါတစ်ရံ ဗျာတောက်ဟုပင် စာလုံးပေါင်းပါသေးသည်။ ယင်းပန်း၏ရနံ့မှာ ပျားများပင် တောက်လောက်အောင် မွှေးသဖြင့် ပျားတောက်ဟု အနွတ္ထအမည် ပေးခဲ့ကြဟန်တူပါသည်။  ပျားများပင်တောက်သောပန်းကို ပျားတောက်ပန်းဟုခေါ်ရာမှ ပျတောက်ပန်း၊  ပျတောက်ပန်းမှပတောက်ပန်းဖြစ်ခဲ့ဟန်တူပါသည်။ ထိုမှတစ်ဖန် ပတွင် အသရကင်းကြောင်း သိစေရန်    လုံးကြီးတင်သင်္ကေတကို ယှဉ်လျက်ပိတောက်ပန်းဟု ရေးမှတ်ကြခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြရသောပစ္စည်းတစ်ခုရှိပါသည်။ ယင်းပစ္စည်းမှာ ဖိနပ် ဖြစ်ပါသည်။

ဖိနပ်၏ရင်းမြစ်စကားလုံးမှာ ဖနပ် ဖြစ်ပါလိမ့်မည်။

ဖနပ်ဟူသောစကား၌ ဖတွင် အ သရကင်းကြောင်း သိစေလိုသဖြင့် ဖအပေါ်တွင် လုံးကြီးတင်လျက် ဖိနပ်ဟုအရေးတွင်ခြင်းဖြစ်ပါသည်။ သို့ဖြစ်လျှင် ဖ၏အနက်ကား အဘယ်နည်း။ ဖ၏အနက်မှာ ခြေဖြစ်ပါသည်။ ခြေမှ ခြ၊ ချ မှ ခ၊ ခ မှ ဖ သို့အသံလည်းပြောင်း၊ အက္ခရာလည်းပြောင်းခြင်း ဖြစ်ပါသည်။ ဖဝါး၊ ဖမိုး၊ ဖနောင့်၊ ဖမျက်၊ ဖဆစ်တို့တွင်ရှိသော ဖ ၏အနက်ပင်ဖြစ်ပါသည်။ ဖနပ် သည် ရှေးအရ ခြေနှပ်>ခြနှပ်>ခနှပ်>ဖနှပ်>ဖနပ် သို့အဆင့်ဆင့်ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ ဤတွင် နှပ်၊ နပ်၏အနက်ကို ရှင်းရပေဦးမည်။ နှပ်၊ နပ်၏ရင်းမြစ်အနက်မှာ ပူးကပ် ဖြစ်သည်။ သို့ဖြစ်၍ ဖနပ်၏အနက်မှာ ]]ခြေတွင်ကပ်ရသော၊ ခြေတွင်ကပ်နေသောအရာ ဖြစ်ပေသည်။ အထက်ပါသာဓကများ(သကြား>သိကြား၊ ပျားတောက်> ပျတောက်>ပတောက်>ပိတောက်)တို့ကဲ့သို့ပင် ဖနပ်မှ ဖိနပ်ဖြစ်လာရပါသည်။

(ဖဝါး၊ ဖမိုး၊ ဖနောင့်တို့ကို ခြေထပ်ထည့်၍ ခြေဖဝါး၊ ခြေဖမိုး၊ ခြေဖနောင့်ဟုသုံးရာမှ လက်နှင့်တွဲကာ လက်ဖဝါး၊ လက်ဖမိုး၊ လက်ဖနောင့်ဟူသောဝေါဟာရများလည်း ဖြစ်လာပါသည်။)

ချုပ်၍ဆိုရသော် သကြားမှ သိကြား၊ ပတောက်မှ ပိတောက်၊ ဖနပ်မှ ဖိနပ်ဖြစ်လာသကဲ့သို့ပင် သတင်းမှ သိတင်းဖြစ်သွားခြင်းပေတည်း။ နောင်တွင်မူ မူလအနက်စွဲအရေးဖြစ်သော သတင်းဟုပင် တွင်တွင်ကျယ်ကျယ် ရေးသားသုံးနှုန်းကြသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပါသတည်း။

မြန်မာစာကို ချစ်မြတ်နိုးတတ်ပါစေ။