မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှရှောင်ရှားကြ
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်သည်။ ၁၈၃၉ ခုနှစ်တွင် ဥရောပတိုက်သားများဖြစ်ကြသော ပေါ်တူဂီ၊ စပိန်နှင့်ဒတ်ချ်လူမျိုးကုန်သည်များသည် ဘိန်းရောင်း ချရန် တရုတ်နိုင်ငံ ဂွမ်ဒုန်းပြည်နယ် ဟူးမင်းမြို့သို့ ရောက်ရှိလာခဲ့ရာ ဟူကျန်ပြည်နယ်အုပ်ချုပ်ရေးမှူး Li Zexu သည် ဇွန်လ ၂၆ ရက်တွင် ဟူးမင်းမြို့သို့ သွားရောက်ပြီး ဥရောပဘိန်းကုန်သည်များသယ် ဆောင်လာသောဘိန်းများကိုသိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ဖျက်ဆီးမှုကို ဂုဏ်ပြုသည့် အနေဖြင့် ၁၉၈၇ ခုနှစ် ဇွန်လကကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက ဇွန်လ ၂၆ ရက်ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။
ယနေ့ကာလတွင်ကမ္ဘာ့လူသားများသည် အဖျက်စွမ်းအားကြီးမားသော သဘာဝဘေးအန္တရာယ်များ အပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်တွေ့ကြုံခံစားနေရသည်။ ယင်းတို့အနက် မူးယစ်ဆေးဝါးအန္တရာယ်သည် အဆိုးရွားဆုံးနှင့် အပြင်းထန်ဆုံးဖြစ်ပြီး လူသားတစ်ရပ်လုံးကို လူညွန့်တုံးစေသည်အထိ အဖျက်စွမ်းအား ကြီးမားလှသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအားလုံးက မူးယစ်ဆေးဝါးအန္တရာယ်ကို ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်လျက်ရှိကြသည်။
မူးယစ်ဆေးဝါးဆိုသည်မှာ သုံးစွဲမိသူအတွက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုများကို ဖြစ်စေတတ်ပြီး ရေရှည်အားဖြင့်စွဲလမ်းခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ စိတ်ကျန်းမာရေးထိခိုက်ပျက်ပြားစေခြင်း စသော ဂုဏ်သတ္တိရှိသည့် အရည်သော်လည်းကောင်း၊ အမှုန့်သော်လည်းကောင်း၊ အစိုင်အခဲ(ဆေးပြား) သော်လည်းကောင်း ဆိုလိုသည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် မူးယစ်ဆေးဝါးများကို ဆေးပညာရပ်နှင့် ကျန်းမာရေး အခြေအနေများအရ အသုံးပြုရန်မှအပ ကျန်အခြေအနေများတွင်အသုံးပြုခြင်းအား ဥပဒေပြဋ္ဌာန်းကာ တားမြစ်ထားသည်။ မူးယစ်ဆေးဝါး သုံးစွဲထားသူများသည် ဆေးအာနိသင်ပြချိန်(ဆေးတက်ချိန်)တွင် ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေများသည် သာမန်မသုံးစွဲထားသောသူများထက်ပို၍ သာလွန်သည်ဟုမြင်တတ်ကြသည်။ သို့သော် ဆေးအရှိန်ပြယ်ချိန်တွင် စိတ်ပိုင်းဆိုင်ရာအားဖြင့် စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းတို့ဖြစ်ပေါ်စေပြီး ရုပ်ပိုင်းဆိုင်ရာအားဖြင့် အင်အားကုန်ခန်းခြင်း၊ အစာမစားနိုင်ခြင်းတို့ကို အချိန်ကြာမြင့်စွာ ခံစားရမည်ဖြစ်သည်။
မူးယစ်ဆေးဝါး အမျိုးမျိုးရှိသည်။ စိတ်ကျစေတတ်သည့်အရက်၊ စိတ်ကြွစေတတ်သော နီကိုတင်းနှင့် ကဖိန်း၊ စိတ်ချောက်ချားစေသည့် ဟယ်လူစင်နိုဂျင်၊ ဘိန်းပါသောဆေးများ၊ ကိုကင်းနှင့်အဖက်တမင်း၊ စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊ ဆေးခြောက် စသည်တို့ဖြစ်သည်။ ဆေးသုံးစွဲသူများသည် စိတ်ဓာတ်ကြံ့ခိုင်မှုယိုယွင်းလာခြင်း၊ ကာယစွမ်းအားဆုတ်ယုတ်လာခြင်း၊ ဉာဏစွမ်းအားလျော့ပါးလာခြင်း၊ လုံ့လဝီရိယနှင့် ဇွဲသတ္တိများ ဆိတ်သုဉ်းကာ တွေဝေမိန်းမောစေမည် ဖြစ်သည်။ နောက်ဆုံးတွင် စာရိတ္တယိုယွင်းလာပြီး မကောင်းမှုဟူသမျှကိုကျူးလွန်ရန် ဝန်မလေးခြင်းတို့ ဖြစ်ပွားတတ်သည်။ မူးယစ်ဆေးစွဲသူသည် မူးယစ်ဆေးဝါးမှတစ်ပါး အခြားမည်သည့် အရာကိုမှ စိတ်ဝင်စားမှုမရှိတော့ဘဲ အသက်ရှင်နေသော်လည်း ဘဝသေသူအဖြစ် တန်ဖိုးမဲ့စွာ ရပ်တည်ရမည်သာ ဖြစ်သည်။
မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီကို ထိခိုက်စေရုံသာမက ဆေးစွဲနေသူ၏ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ နိုင်ငံ၏အရင်းအမြစ်များနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေသည်။ ဆေးသုံးစွဲသူအနေဖြင့် HIV/AIDS ခုခံအားကျဆင်းရောဂါ၊ အသည်းရောင် အသားဝါစီပိုးများ ကူးစက်ခံရမှု အပါအဝင် အခြားရောဂါပေါင်းစုံ ဝင်ရောက်နိုင်ပြီး ဆိုးကျိုးများစွာကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ မိသားစုရှိပါကလည်း မိသားစုများအနေဖြင့် ပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ လျစ်လျူရှုခြင်းခံရမှုများကြောင့် စိတ်ဒဏ်ရာဖြင့် သောကဝေနေရမည်ဖြစ်သည်။
မူးယစ်ဆေးဝါး၏ သဘောသဘာဝမှာ စိတ်ကိုစွဲလမ်းစေခြင်းဖြစ်ပြီး ရံဖန်ရံခါသုံးစွဲရာမှ မကြာခဏ၊ ထိုမှတစ်ဆင့် နေ့စဉ်ဆက်တိုက်သုံးစွဲလာတတ်သည်။
ဆေးသုံးစွဲမှုမှ တစ်ခဏတာရရှိသော စိတ်ပိုင်းဆိုင်ရာ ခံစားမှုအပေါ် စွဲလမ်းရာမှ မသုံးစွဲရလျှင်မနေနိုင်သည့် ဆေးစွဲသူအဖြစ်သို့ ရောက်ရှိရသည်။ လူငယ်လူရွယ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများမှာ လူမှုဆက်ဆံရေးကတစ်ဆင့် အများဆုံး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကို ခေတ်မီသူတိုင်းပြုလုပ်ကြသည်ဟု လွဲမှားယူဆခြင်း၊ ရွယ်တူအပေါင်းအသင်းများအကြား ဝင်ဆံ့စေရန် အားကျမခံ လိုက်ပါသုံးစွဲခြင်း၊ အသစ်အဆန်းတစ်ခုအနေဖြင့် လက်တည့်စမ်းသုံးစွဲခြင်း၊ အပေါင်းအသင်းများက
မြှောက်ပင့်ဆွဲဆောင်ခြင်း၊ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများရှိနေသည်ကို အတုမြင်အတတ်သင် သုံးစွဲခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းခြင်းတို့သည် မူးယစ်ဆေးဝါး စတင်သုံးစွဲရခြင်း၏ ဇာစ်မြစ်ဖြစ်သည်။
လူငယ်လူရွယ်များ၏ လက်ဦးဆရာများဖြစ်သော မိဘများသည် လူငယ်များ အရက်၊ ဆေးလိပ်၊ ကွမ်းယာသုံးစွဲခြင်း၊ ကော်ရှူခြင်းနှင့် အခြားမူးယစ်ဆေးဝါး သုံးစွဲခြင်းတို့မှ ရှောင်ရှားနိုင်ရန် အကူအညီပေးနိုင်သည်။ အဓိကအားဖြင့် မိဘနှင့်သားသမီးဆက်ဆံရေးမှာ များစွာအရေးပါသည်။ ကောင်းမွန်သော ဆက်ဆံရေးထူထောင်နိုင်ခြင်းသည် လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်မှကင်းဝေးစေရေး နည်းလမ်းကောင်းဖြစ်သည်။ မိဘနှင့်သားသမီးကြား ချစ်ခင်နွေးထွေးမှုရှိခြင်းနှင့် အပြန်အလှန် ယုံကြည်မှုရှိခြင်း
သည် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးမြင့်မားမှု၊ မိမိကိုယ်မိမိတန်ဖိုးထားတတ်မှု၊ မိမိကိုယ်မိမိအားကိုးမှုတို့ကို ဖြစ်ထွန်းစေပြီး ဘဝတွင်ကြုံတွေ့ရသည့် အခက်အခဲများကို ကျော်လွှားစေနိုင်သည့်အပြင် ကောင်းမွန်သော အမူအကျင့်များ ဖြစ်ထွန်းလာစေသည်။
အသိပညာပေးခြင်းသည် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေးအတွက် ထိရောက်သော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ အခြေခံကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ၊ လူထုအခြေပြုဗဟိုဌာနများတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကျင်းပပေးခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည်တို့သည် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအတွက် အဓိကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အားကစားမြှင့်တင်စိတ်လန်းရွှင် ဆန့်ကျင်မူးယစ်ဆေး ဆိုသလို အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက် ခြင်းသည် မူးယစ်ဆေးဝါးရှောင်ကြဉ်ရေးတွင် များစွာအရေးပါသည်။ မည်သူမဆို မိမိနှင့်သင့်လျော်ရာ ကိုယ်လက်လှုပ်ရှားမှု၊ အားကစားနည်းတစ်မျိုးမျိုးကို နေ့စဉ်လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာရေး အသိမြင့်မားကာ မူးယစ်ဆေးဝါးသုံးစွဲမှုမှကင်းဝေးစေသည်။ ထို့အတူ အခြေခံပညာကျောင်းများမှအစပြု၍ အားကစားနှင့်ပညာရေးပေါင်းစပ်မှုကို ပီပီပြင်ပြင်ဖြစ်စေရန်၊ လူငယ်များဝါသနာပါရာ ပန်းချီ၊ တေးဂီတ၊ အနုပညာရပ်များ၊ လူမှုရေးလုပ်ငန်းများ စသည်တို့တွင် အာရုံစိုက်၍ လုပ်ကိုင်တတ်စေရန်၊ မကြာခဏ ခရီးထွက်ခြင်းနှင့် စာအုပ်စာပေဖတ်ရှုလေ့လာစေရန် စသည်တို့ဖြင့် ပြုစုပျိုးထောင်ပေးသင့်လှသည်။
မူးယစ်ဆေးစွဲရောဂါသည် ကုသ၍ရသောရောဂါဖြစ်သည်။ မူးယစ်ဆေးစွဲနေသူတို့သည် နီးစပ်ရာဆေးရုံ ဆေးခန်းများသို့ သွားရောက်၍ ဆေးဖြတ်နိုင်သည်။
နိုင်ငံတော်တွင် မူးယစ်ဆေးစွဲနေသူများ ဆေးကုသမှုခံယူနိုင်စေရေးနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျှော့ချရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက မူးယစ်ဆေးစွဲရောဂါကုသရေး ဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခုနှင့် မက်သာဒုံးဆေးခန်း ၈၆ ခုတို့ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါကုသရေးအစီအစဉ်များကို လူထုအတွင်းရောက်ရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်လာကြပြီး ဆေးရုံ၊ ဆေးခန်း အခြေပြုဆေးကုသရေး လုပ်ငန်းများအပြင် လူထုအခြေပြုဆေးကုသရေး လုပ်ငန်းများပါ တိုးချဲ့ဆောင်ရွက်လာကြသည်ကိုတွေ့ရှိရသည်။
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကာယဗလ(ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းမှု)၊ ဉာဏဗလ (အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှု)၊ စာရိတ္တဗလ(ကိုယ်ကျင့်တရားကောင်းမွန်မှု)၊ မိတ္တဗလ (ပေါင်းသင်း ဆက်ဆံတတ်မှု)၊ ဘောဂဗလ(စီးပွားရေး၊ ကြီးပွားရေးနားလည်မှု) ဟူသော ဗလငါးတန်ပြည့်ဝသည့် လူသားအရင်းအမြစ်များစွာ လိုအပ်သည်။ ယနေ့လူငယ်များသည် မျက်မှောက်ခေတ်၏ အန္တရာယ်ဆိုး တစ်ခုအဖြစ် ရပ်တည်နေသော မူးယစ်ဆေးဝါးရန်မှ ကင်းဝေးပြီး ဗလငါးတန်ပြည့်ဝ အောင်ဖြည့်ဆည်းနိုင်ရေး များစွာအရေးကြီးသည်။ သို့ပါ၍ မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်မှသည် မူးယစ်ကင်းစင်သော နိုင်ငံတော်ကြီးဖြစ်စေရေးအတွက် မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှရှောင်ရှားကြ ဆိုသလို မူးယစ်ဆေးဝါးရှောင်ရှားကြရေး လိုအပ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
လင်းအရုဏ်ဦး(ပဲခူး)