တံတားဦးမြို့နယ်၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ အသက်တစ်နှစ်ခွဲ အောက် ကလေးငယ်များကို ငါးမျိုးစပ် ပုံမှန်ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား မေးခိုင်ကာကွယ် ဆေးထိုးနှံခြင်းနှင့် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ဇူလိုင်လ ၁ ရက်တွင် တံတားဦးမြို့ သံဃာ့ ဆေးကုသဆောင်၌ ဆောင်ရွက်သည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးရာတွင် မွေးကင်းစအရွယ်မှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား BCG ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား မေးခိုင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့သည်။
ထို့ပြင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကလေးငယ်များ၏ မိဘများနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်ပေးနိုင်သည့် ရောဂါများအကြောင်းနှင့် အကျိုးကျေးဇူးများ အကြောင်းတို့ကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဉ်ကို တံတားဦးမြို့ပေါ်ရပ်ကွက် အမှတ်(၁၊ ၂၊ ၃) တို့မှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ် ၆၃ ဦး၊ ကိုယ်ဝန်ဆောင်မိခင်လောင်း ၂၇ ဦး တို့အား ကာကွယ်ဆေးများကို လစဉ် ၁ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။