တိုင်းပြည်အင်အား အမျိုးသမီးစွမ်းပကား   

 

တိုင်းပြည်အင်အား အမျိုးသမီးစွမ်းပကား   

 

(မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြုဆောင်းပါး) 

    မြန်မာ့လူ့ဘောင်တွင် အမျိုးသမီးများကို မှီခိုသူများအဖြစ် အချို့ကသတ်မှတ်ကြသည်။ အကယ်စင်စစ် မြန်မာအမျိုးသမီးများသည်  သမိုင်းအဆက်ဆက်တွင် အမျိုးသားများနှင့်တန်းတူ ရင်ပေါင်တန်း၍ အမျိုးသားရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။ အိမ်ထောင်ပြုသားမွေး မှီခိုအဆင့်တွင်သာ ကျေနပ်နေသူများ မဟုတ်ဘဲ မိသားစုအတွက်၊ နိုင်ငံအတွက်၊ အမျိုးဘာသာသာသနာအတွက် ထက်မြက်စွာကြိုးစား ဆောင်ရွက်ခဲ့ကြသည်။

မြန်မာ့သမိုင်းတွင်   မော်ကွန်းတင်ထိုက်သော စွမ်းဆောင်ရည်များနှင့်ပြည့်စုံသည့်      မြန်မာအမျိုးသမီးများကို တွေ့နိုင်ပါသည်။ မြန်မာအမျိုးသမီးများသည် မိမိတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တစွမ်းရည်များကိုအမျိုးသားများနှင့်   ယှဉ်တွဲပြသနိုင်ခဲ့သည်။      ပုဂံခေတ်တွင် ထင်ရှားခဲ့သောမိဖုရားကြီးဖွားစောသည်  မင်းလေးဆက်တိုင်တိုင် ပုဂံအင်ပါယာကြီး မယိမ်းယိုင်မပြိုလဲအောင် အမြော်အမြင်ကြီးမားစွာ  ကြပ်မတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ခင်ပွန်းဖြစ်သူ နရသိင်္ဃဥစ္စနာမင်း လက်ထက်မှစ၍ သူ၏သီလသမာဓိပြည့်စုံမှု၊  ပံ့ပိုးစွမ်းဆောင်ပေးနိုင်မှုတို့ကြောင့်  မတ်တော်ကျစွာမင်း၊ သားတော်ဥစ္စနာမင်း၊ မြေးတော် နရသီဟပတေ့မင်းတို့ကပင်  မိဖုရားကြီး ဖွားစောကို သခင်ဖွားစော၊ အဖွားစော၊ ဖွားရင်း၊ အဖွားရင်းဟူ၍ ရိုသေလေးစားမြတ်နိုးမှုဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ သုတေသီတို့ကမူ မင်းဝိုင်းဖွားစောဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ ပုဂံမင်းအဆက်ဆက်က ဝိုင်းဝန်းလေးစားခြင်းခံရသော မိဖုရားကြီးဟု အဓိပ္ပာယ် ဖော်ဆောင်နိုင်ပေသည်။

သမိုင်းတွင် ရဟန်းတော်များကို စာဝါပို့ချသူပုဂ္ဂိုလ် အများစုမှာ  ဆရာရဟန်းတော်များသာဖြစ်သည်။

သို့သော် ပုဂံခေတ်ကျစွာမင်း၏ သမီးတော် သံဗျင် မင်းသမီးလေးမှာ  ထူးခြားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ မင်းသမီးလေးသည် ရဟန်းတော်များသာ တတ်သိကျွမ်းကျင်သည့် ပိဋကတ်တော်ကို ထုံးလိုခြေ  ရေလိုနှောက်နိုင်သည့်အဆင့်အထိ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ရဟန်းတော်များကို  ပြန်လည်စာဝါပို့ချနိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။

ရှေးမြန်မာမင်းများလက်ထက်တွင် ကလန်၊ သံပျင်၊တရားသူကြီး၊ အမတ်ကြီး၊ မင်းညီမင်းသား၊ မိဖုရားခေါင်ကြီး၊ မင်းဧကရာဇ်ဟူ၍ တရားစီရင်ခွင့်ရသူ ခုနစ်ဦးရှိရာ  ထိုခုနစ်ဦးတွင် မိဖုရားခေါင်ကြီး ပါဝင်နေသည်ကိုကြည့်ခြင်းဖြင့်    မြန်မာအမျိုးသမီးတို့၏ ဉာဏ်ရည်နှင့် စွမ်းဆောင်ရည်ကို ခန့်မှန်းသိမြင်နိုင်သည်။ ထို့ကြောင့်ပင်လျှင်  “ယခေါင်ကာလ၊ ရှေးမဆွ၌၊ ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာ” ဟု မန်လည်ဆရာတော်က ရေးဖွဲ့ဂုဏ်ပြုရလောက်အောင်ပင် မြန်မာအမျိုးသမီးများ ထက်မြက်ခဲ့ကြသည်။

ပုဂံခေတ်မှသည်  ပင်းယခေတ်၊  အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တို့တွင်လည်း   သူ့ခေတ်သူ့အခါအလျောက် စွမ်းဆောင်ရည် မြင့်မားသော မြန်မာအမျိုးသမီးများ ပေါ်ထွန်းခဲ့သည်ချည်းဖြစ်သည်။   သာဓကတင်ပြရလျှင် ညောင်ရမ်းခေတ်  စာပေလောကတွင် တောင်တွင်းရှင်ငြိမ်းမယ်သည် အိုင်ချင်းကဗျာရေးသားရာ၌ အလွန်ထူးချွန်ခဲ့သူဖြစ်သည်။ ထို့အတူပင် မယ်ခွေ၊ ခင်ဆုံ၊ မမြလေး၊   လှိုင်ထိပ်ခေါင်တင်တို့သည်လည်း  ကမ္ပည်းမော်ကွန်းတင်ခံရသည့်  မြန်မာအမျိုးသမီးစာပေပညာရှင်၊   အနုပညာရှင်များဖြစ်သည်။

ကိုလိုနီခေတ်တွင်လည်း မြန်မာအမျိုးသမီးများသည် သူ့ကျွန်မခံစိတ်ဓာတ်ဖြင့် မိမိတို့၏စွမ်းရည်ကို ပြသနိုင်ခဲ့သည်။   ဝိုင်အမ်ဘီအေမှ  သခင်မများ၊ အမ်အေဒေါ်အုန်း၊  ဒေါ်မြစိန်၊  သခင်မ ဒေါ်သိန်းတင်တို့သည်   ကိုလိုနီခေတ်၏ အာဇာနည်များဟုပင် ခေါ်ဆိုထိုက်သူများဖြစ်သည်။ မြန်မာအမျိုးသမီးများသည် နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု၌ အမျိုးသားများနည်းတူဆောင်ရွက်နိုင်ရန်မြန်မာအမျိုးသမီးကုမ္မာရီအသင်းကို တည်ထောင်ခဲ့ကြသည်။ ထိုအသင်း၏ရည်ရွယ်ချက်များမှာ  မြန်မာအမျိုးသမီးတို့၏ အကျိုးကို  သယ်ပိုးဆောင်ရွက်ရန်၊  အမျိုးသမီးများကို   ထိခိုက်နစ်နာမှုများမှ ကာကွယ်စောင့်ရှောက်ရန်၊ ပညာဗဟုသုတ တိုးပွားရေးအတွက် အားပေး ဆောင်ရွက်ရန်၊     တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အကြောင်းကိစ္စများ ပေါ်ပေါက်လာလျှင် ကူညီရန်တို့ဖြစ်သည်။

မြန်မာ့သမိုင်းတွင် အရပ်သားဘဝဖြင့် သူရဘွဲ့ရခဲ့သူ အမျိုးသမီးမှာ  မချစ်ပိုဖြစ်သည်။   မချစ်ပိုသည် တနင်္သာရီတိုင်းဒေသကြီး   လောင်းလုံမြို့နယ်  နခံတောရွာသူဖြစ်သည်။   မချစ်ပိုသည်  ဘီအီးတပ်သို့ ဝင်သွားသော မောင်ဖြစ်သူအားလာရှာရင်း  တပ်ကြပ်မောင်လှနှင့် ဖူးစာဆုံသည်။       အချိန်ကာလကား လွတ်လပ်ရေးရပြီးစ  ပြင်ဦးလွင်ကို  သိမ်းပိုက်ရန် ကြိုးစားနေသော      သောင်းကျန်းသူများနှင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေချိန်ဖြစ်သည်။ မချစ်ပိုသည်   သတ္တိရှိသူပီပီ   ခမောက်ကိုဆောင်းလျက် နွားကျောင်းသားဟန်ဆောင်ကာ  ရန်သူ့သတင်းများကို စွန့်စားထောက်လှမ်းပေးခဲ့သည်။ ရန်သူများအထိ နာခဲ့သဖြင့် မချစ်ပိုဆိုလျှင် အလွန်ကြောက်လန့် ကြသည်။ ညတိုက်ပွဲတွင် မချစ်ပိုနှင့်အဖွဲ့  ရန်သူ့စည်းတွင်းသို့ လက်ပစ်ဗုံးပစ်ဝင်ကာ  ရန်သူ့နယ်မှ ပြန်အထွက် ဝမ်းဗိုက်ကို  ကျည်ထိမှန်ခဲ့သည်။ ဒဏ်ရာကုသရင်း  ခေတ္တပုန်းရှောင်နေသော   မချစ်ပိုကို  ရန်သူက သတင်းရပြီး လာရောက်ဖမ်းဆီးခံရသည်။ မချစ်ပိုကို  ခံတွင်းမှအံပွားကြောင့် စွမ်းနေသည်ဟုဆိုကာ အံပွားကို ဆွဲနုတ်သောရန်သူကို ဆောင်ထားသည့်ဓားမြှောင်ဖြင့် ထိုးသတ်ခဲ့သည်။ ရန်သူဗိုလ်ကိုယ်တိုင် မချစ်ပိုကို သေနတ်ဖြင့်  အချက်ပေါင်းများစွာပစ်သတ်ခဲ့ပြီး မသေမည်စိုးကာ ရေတွင်းထဲပစ်ချခဲ့သည်။ အပေါ်မှ အုတ်ခဲ၊ တုတ်၊ မြေကြီးများပင် ထပ်မံပစ်ပေါက်ချခဲ့သေးသည်။   ရန်သူကို   သတ္တိပြောင်မြောက်စွာ အသက်စွန့်တိုက်ပွဲဝင်ခဲ့သော  မချစ်ပိုကို  ၁၉၅၀ ပြည့်နှစ်  လွတ်လပ်ရေးနေ့တွင်   နိုင်ငံတော်က သူရဘွဲ့တံဆိပ် အပ်နှင်းခဲ့သည်။

မြန်မာနိုင်ငံ၏  လူမှုရေး လုပ်ငန်းများတွင်လည်း မြန်မာအမျိုးသမီးများ ပါဝင်ဆောင်ရွက်ခဲ့သည်။

ဒေါ်ဦးဇွန်း ခေါ် ဘွားဦးဇွန်းသည် ယခင်က မြန်မာနိုင်ငံတွင်မရှိသေးသော ဘိုးဘွားရိပ်သာကို စေတနာ၊ မေတ္တာအရင်းခံ၍ စတင်တည်ဆောက်ပေးခဲ့သည်။

မိဘများရှေ့ဆင့်နောက်ဆင့်   ကွယ်လွန်သွားချိန်တွင်  ပိုးထည်ကုန်သည် ဒေါ်ဦးဇွန်းသည်   အိုမင်းမစွမ်းဖြစ်နေသော ဘိုးဘွားများကို  မိမိ၏မိဘများသဖွယ် ပြုစုစောင့်ရှောက်နိုင်ရန် မင်းကွန်း၊ သထုံ၊ ပေါင်းတည်၊ ရန်ကုန်(နှင်းဆီကုန်း)နှင့်ပခုက္ကူတို့တွင်  ဘိုးဘွားရိပ်သာများ  ဖွင့်လှစ်ပေးခဲ့သည်။   ယခုအချိန်၌ ဒေါ်ဦးဇွန်း   စတင်သန္ဓေတည်မွေးဖွားပေးခဲ့သော   ဘိုးဘွားရိပ်သာများမှသည် မြန်မာပြည်အနှံ့အပြားတွင် ဘိုးဘွားရိပ်သာများ ဆက်လက်ပေါ်ပေါက်လာခဲ့ပေသည်။

ကျန်းမာရေးကဏ္ဍတွင်လည်း  ဖလောရင့်နိုက်တင်ဂေးဆုရှင်  သူနာပြုဆရာမကြီး ဒေါ်ခင်အုန်းမြသည် လူနာများကို သက်စွန့်ဆံဖျား  ကယ်တင်ပြုစုနိုင်ခဲ့သူအဖြစ် ထင်ရှားခဲ့သည်။ဒေါ်ခင်အုန်းမြသည် ဗုံးများ၊ စက်သေနတ်များ ပစ်ခတ်ပေါက်ကွဲနေသည့်ကြားမှပင် ဒဏ်ရာရ အမျိုးသမီးငယ်ကို ဘေးကင်းရာသို့ အရကယ်တင်ပြုစု ကုသပေးခဲ့သည်။ ထို့ကြောင့် ၁၉၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီကချီးမြှင့်သည့်  ဖလောရင့်နိုက်တင်ဂေးဆုကို ရန်ကုန်မြို့ အမှတ် -၂ တပ်မတော်ဆေးရုံကြီး၌တာဝန်ထမ်းဆောင်နေသော ဗိုလ်ခင်အုန်းမြ (နောင်တွင် အငြိမ်းစားဗိုလ်မှူး)က   ဆွတ်ခူးရရှိခဲ့သည်။ ထိုဆုသည် မြန်မာနိုင်ငံသူနာပြုများထဲမှ ပထမဆုံး ရရှိခဲ့သော ဆုပင်ဖြစ်သည်။

မြန်မာသူနာပြုအမျိုးသမီးများထဲမှ ဒုတိယအကြိမ် ဖလောရင့်နိုက်တင်ဂေး ဆုချီးမြှင့်ခံရသူတစ်ဦး ၁၉၉၃ ခုနှစ်တွင် ပေါ်ထွန်းခဲ့ပြန်သည်။ ထိုသူမှာ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယောနမ်ဖြစ်သည်။ ဒေါ်အမ်ယောနမ်သည် တပ်မတော်စစ်ကြောင်းမှ ဒဏ်ရာရရဲဘော်များနှင့်အရပ်သူ၊ အရပ်သားများကို  မူဆယ်ဆေးရုံတွင် သက်စွန့်ဆံဖျား ပြုစုကယ်တင်ခဲ့သည်။ ဒေါ်အမ်ယောနမ်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ချီးမြှင့်သည့်    ဖလောရင့်နိုက်တင်ဂေး ဆုတံဆိပ်ကို ၁၉၉၃ ခုနှစ် ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့ သူနာပြု တက္ကသိုလ်၌ကျင်းပသော အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ   ဒေါက်တာတင်ဦးက ဆုရသူအား ပေးအပ်ခဲ့သည်။ ဆရာမကြီး ဒေါ်အမ်ယောနမ်က  “သူနာပြုတိုင်းဟာ အနစ်နာခံရမယ်။ စိတ်ထားကောင်းရမယ်။ အနစ်နာ၊ စေတနာ၊ ဝါသနာ၊ မေတ္တာ၊ ကရုဏာ ရှိရမယ်။ လူနာတွေအပေါ်လည်း ဆက်ဆံရေးကောင်းမွန်ရမယ်။ အခုလို ဖလောရင့်နိုက်တင်ဂေး ဆုချီးမြှင့်ခံရတာဟာ   ကျွန်မတစ်ဦးတည်း စွမ်းဆောင်နိုင်လို့မဟုတ်ပါဘူး။   ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့ ဆရာဝန်တွေ၊  သူနာပြုဆရာမတွေ၊ ဆေးတပ်သားတွေရဲ့ ဝိုင်းဝန်းစွမ်းဆောင်မှုကြောင့် ရရှိခြင်းဖြစ်ပါတယ်။ သူတို့အားလုံးကိုလည်း အထူးကျေးဇူးတင်မိပါတယ်” ဟု ပြန်လည်ဖွင့်ဟပြောဆိုခဲ့ပါသည်။  သူသည်  စွမ်းဆောင်ရည်မြင့်မားသော အမျိုးသမီးဖြစ်ရုံသာမက စိတ်ကောင်း စေတနာကောင်းရှိသူအဖြစ် သူ့စကားများက ဖော်ပြနေပါသည်။ ဖလောရင့်နိုက်တင်ဂေး ဆုမရသော်လည်း သားဖွားဆရာမ ဒေါ်သိန်းရီ၏ စွမ်းဆောင်မှုကလည်း ချီးကျူးစရာဖြစ်သည်။ ဒေါ်သိန်းရီသည် ၁၉၉၅ ခုနှစ် ဖြစ်ပွားသည့်မီးလောင်မှုတွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို မီးလောင်နေသော အိမ်အတွင်းမှ အသက်စွန့်ကယ်တင်ခဲ့သည်။

 လေကြောင်းပို့ဆောင်ရေးမှ   လေယာဉ်မယ်  ဒေါ်သွယ်သွယ်ဝင်းသည်  လေယာဉ်စက်ချွတ်ယွင်း၍ သဲသောင်ပြင်သို့    ဆင်းသက်ရမည့်အချိန်တွင်  လေယာဉ်မှူးက ခါးပတ်ပတ်ရန် ပြောဆိုသည်ကိုပင်  ဂရုမစိုက်နိုင်ဘဲ  ခရီးသည်များ အန္တရာယ်ကင်းရန် မည်သို့လုပ်ဆောင်ရမည်ကို လမ်းညွှန်လျက်ကပင်  အသက်ဆုံးရှုံးခဲ့ရသည်။   သတ္တိကောင်းလှသော၊ စိတ်ထားမြင့်မြတ်လှသော လေယာဉ်မယ် ဒေါ်သွယ်သွယ်ဝင်းကို နိုင်ငံတော်က ရဲဗလဆုချီးမြှင့်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ကျင်းပသည့် စတုတ္ထအကြိမ်   အမျိုးသမီး  ညီလာခံမှ အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်အောင် အမျိုးသားအဆင့် ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ဆုံးဖြတ်ကြသည်။ထိုဆုံးဖြတ်ချက်အရ  ၁၉၉၆  ခုနှစ်  ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကိုဖွဲ့စည်းကာ  ထိုကော်မတီဖွဲ့စည်းသော ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့သည်။ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားမှုကို စုစုစည်းစည်း လုပ်ဆောင်ပေးနိုင်လျှင် ပိုကောင်းမည်ဟုစဉ်းစားကြကာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့ကို မြန်မာအမျိုးသမီးများ ကမ္ဘာ့အမျိုးသမီးများနှင့် ရင်ပေါင်တန်းနိုင်ရေး၊ အမျိုးသမီးထု၏ စွမ်းအားစုကို နိုင်ငံတော်တည်ဆောက်ရေးတွင်   အပြည့်အ၀ အသုံးချနိုင်ရေးအတွက် ၂၀၀၃ ခုနှစ်  အောက်တိုဘာလ ၈ ရက်နေ့တွင်    ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များမှာ-

(က)   အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်  နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်။

(ခ)     အမျိုးသမီးများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်။

(ဂ)    အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်။

(ဃ)   တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို    ပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက်  လေ့ကျင့်ပျိုးထောင်ပေးရန်။

(င)     အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို   စနစ်တကျဆောင်ရွက်ရန်။

(စ)    အမျိုးသမီးများနှင့် ကလေးသူငယ်များ လူကုန်ကူးမှု   လျော့နည်းပပျောက်ရေး အတွက် အမျိုးသားရေး  တာဝန်တစ်ရပ်အသွင်ဖြင့် ဆောင်ရွက်နိုင်ရန်။

(ဆ)   အမျိုးသမီးများ၏  အခွင့်အရေးများကို   တိုင်းရင်းသားယဉ်ကျေးမှု လေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊  ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။

          ထိုကောင်းမွန်သော   ရည်ရွယ်ချက်များအတိုင်း ပေါက်မြောက်အောင်မြင်စေရန် အမျိုးသမီးထုတစ်ရပ်လုံးက  အမျိုးသားများနှင့် ယှဉ်တွဲကြိုးစား အကောင်အထည်ဖော်ရမည်ဖြစ်သည်။

စွမ်းဆောင်ရည်မြင့်မားသော မြန်မာအမျိုးသမီးများကို အမျိုးကိုစောင့်သိသော ဝံသာနုအမျိုးသမီးများအဖြစ်လည်းကောင်း၊  လောကီလောကုတ္တရာ စာပေပညာများ တတ်ကျွမ်းသော ပညာရှင်များအဖြစ် လည်းကောင်း၊   သတ္တိနှင့် စွန့်လွှတ်စွန့်စားမှုတွင်    မော်ကွန်းတင်ထိုက်သော အာဇာနည်များအဖြစ်လည်းကောင်း၊ အမျိုးဘာသာ သာသနာကို  ထွန်းလင်းတောက်ပအောင်မြှင့်တင်နိုင်သူများအဖြစ် လည်းကောင်း သမိုင်းတွင်    အထင်အရှားတွေ့နိုင်ပေသည်။  

ထို့ကြောင့်   အနာဂတ်မျိုးဆက်သစ် မြန်မာအမျိုးသမီးများသည်လည်း     နိုင်ငံတော် တည်ဆောက်ရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အင်အားတစ်ရပ်အဖြစ် ကြိုးစားပါဝင်သင့်သည်။      မြန်မာ့ယဉ်ကျေးမှု၏   အသက်ဟုဆိုနိုင်သော   ဟီရိသြတ္တပ္ပဟူသော အရှက်အကြောက်တရားများ   (မကောင်းမှုကို ပြုလုပ်ရန် ရှက်ခြင်း၊ ကြောက်ခြင်း) ကို အခြေခံကျင့်သုံးကာ   တိုးတက်လာသော     နည်းပညာစနစ်များနှင ပေါင်းစပ်လျက် ခေတ်နှင့်အညီ ထူးချွန်ထက်မြက်သော  စွမ်းဆောင်ရှင်များအဖြစ် စံပြုဂုဏ်ယူဝင့်ကြွားနိုင်သူများဖြစ်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်ပါသည်။  ။