စားသုံးဆီကြောင့် ဘေးမဖြစ်စေလို
လူသားတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုတွင် စားသုံးဆီသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
စားသုံးဆီဆိုသည်မှာ လူတို့ချက်ပြုတ်ကြော်လှော် စားသုံးရာတွင် အဆိပ်အတောက်မဖြစ်စေဘဲ စားသုံး ရန်သင့်လျော်သောဆီဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီနှင့် တိရစ္ဆာန်ထွက်ဆီဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အမှန်စင်စစ်အားဖြင့် စားသုံးဆီသည် အဆီအက်စစ် (Fatty Acid) အမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ဆောက် ထားခြင်းဖြစ်ပြီး ပြည့်ဝအဆီအက်စစ် (Saturated Fatty Acid)၊ မိုနိုမပြည့်ဝအဆီအက်စစ် (Mono-unsaturated Fatty Acid)၊ ပိုလီမပြည့်ဝအဆီ အက်စစ် (Polyunsaturated Fatty Acid) တို့ ပေါင်းစပ်ပါဝင်နေသောကြောင့် စားသုံးဆီ၏ အရည်အသွေးများ ကွဲပြားနေခြင်းဖြစ်သည်။ မြန်မာလူမျိုး များ ချက်ပြုတ်ကြော်လှော်ရာတွင် အသုံးများသော စားသုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်း ဆီနှင့် ပဲပုပ်ဆီတို့ဖြစ်ပြီး ယေဘုယျအားဖြင့် အပင် ထွက်ဆီ (Vegetable Oil) များကိုသာ အသုံးပြုကြ သည်။
ကမ္ဘာ့စားသုံးဆီဈေးကွက်ကို လေ့လာကြည့်ပါက ဈေးကွက်၏ ၃၀ ရာခိုင်နှုန်းကျော်မှာ စားအုန်းဆီဖြစ်ပြီး ပဲပိစပ်ဆီသည် ဒုတိယနေရာ၌ရှိနေသည်။ နေကြာ ဆီမှာမူ ကမ္ဘာ့စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံ၌ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်း တို့ စိုက်ပျိုးကြပြီး မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိက ထားစားသုံးကြသည်။
လက်ရှိတွင် ပြည်တွင်း၌စားသုံးဆီ ကြိတ်ခွဲထုတ် လုပ်မှု ၉၀ ရာခိုင်နှုန်းတွင် အရည်အသွေးမပြည့်မီသော ရောနှောဆီများ ရောင်းချနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၌ ဆီလိုအပ်မှုမှာ ပြည်တွင်းစားသုံးမှု၊ စက်မှုလုပ်ငန်းသုံးနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသုံး အားလုံးပေါင်းအတွက် နှစ်စဉ်ဆီတန်ချိန် ၁၁ သိန်းခန့် လိုအပ်လျက်ရှိရာ ပြည်တွင်းဆီထုတ်လုပ်မှုသာမက ပြည်ပမှ ဆီအမျိုးမျိုးကို နှစ်စဉ်တန်ချိန်ကိုးသိန်းခန့် လိုအပ်နေကြောင်း သိရသည်။ ပြည်တွင်းလိုအပ်ချက် ပြည့်မီရန် ပြည်ပမှ စားသုံးဆီအမျိုးမျိုးကို တင်သွင်း လျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော်မှာ စားအုန်းဆီဖြစ် သည်။ ပြည်တွင်းဈေးကွက်ရှိ ကာလပေါက်ဈေးအရ နေကြာဆီသည် စားအုန်းဆီထက် ဈေးနှစ်ဆနှင့် နှမ်း နှင့်မြေပဲဆီမှာ စားအုန်းဆီထက် ဈေးသုံးဆခန့် ပိုမို များပြားလျက်ရှိသည်။ ထို့ကြောင့် ဈေးကွက်အနေ အထားအရ စားအုန်းဆီမှာ တခြားဆီများထက် ဈေး ကွက်နေရာ ပိုမိုရရှိနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ ဆီစားသုံးမှုများပြားသည့်နိုင်ငံ တွင် စားသုံးဆီအမျိုးမျိုးကို စားသုံးနေကြသည့် အလျောက် နေ့စဉ်စားသုံးသည့် စားသုံးဆီများနှင့် ပတ်သက်သည့် ကျန်းမာရေးရှုထောင့်မှ သက်ရောက် မှုကိုလည်း လေ့လာသင့်သည်။ စားသုံးဆီများတွင် ပုံပြောင်းအဆီအက်စစ်များ (Trans Fatty Acid)နှင့် ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော တခြားဓာတ် သဘာ၀ (ဥပမာ-အာဖလာတော့ဆင်မှိုဆိပ်) များပါရှိ နိုင်သည်။ ထိုကဲ့သို့သော စားသုံးဆီများကြောင့် သွေး အတွင်းကိုလက်စထရောမြင့်တက်လာပြီး နှလုံးနှင့် အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာရောဂါများ ဖြစ်လာနိုင်သည်။ ရှောင်ရှားသင့်သည့် အဆီအမျိုး အစားများမှာ Trans Fatty Acid နှင့် Saturated Fatty Acid တို့ပင်ဖြစ်သည်။ ယင်းအဆီများသည် ခန္ဓာကိုယ်အတွက် အကျိုးမပြုသောကိုလက်စထရော (low-Density Lipoprotein-LDL) ကိုတိုးစေ ပြီး ခန္ဓာကိုယ်အတွက်အကျိုးပြုသောကိုလက်စထရော (High-Density Lipoprotein-HDl) ကို လျော့ကျ စေနိုင်သည်။
မပြည့်ဝဆီများဖြစ်ကြသည့် အိုမီဂါ-၃၊ အိုမီဂါ-၆၊ Oleic acid နှင့် Linoleic acid များသည် ခန္ဓာကိုယ် အတွက်အကျိုးပြုသည့်အဆီများဖြစ်ကြပြီး ယင်း ကဲ့သို့သောအဆီများကို နေ့စဉ်စားသုံးသည့် အစား အစာများတွင် ထည့်သွင်းစားသုံးခြင်းဖြင့် အဝလွန် ခြင်းကိုကာကွယ်နိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်အနေ ဖြင့် ဗီတာမင် A၊ D၊ E၊ K တို့ကဲ့သို့သော ဗီတာ မင်ဓာတ်များကို စုပ်ယူနိုင်ရန် အဆီဓာတ်လိုအပ်ပေ သည်။ အဆီမရှိလျှင် ခန္ဓာကိုယ်က ယင်းဗီတာမင်များကို စုပ်ယူနိုင်မည်မဟုတ်ပေ။ လူအများစုသည် အဆီဆိုသည့် အရာမှာ ခန္ဓာကိုယ်အတွက် မကောင်း သောအရာဟု သတ်မှတ်ထားတတ်ကြပြီး ၎င်းင်းတို့ နေ့စဉ်စားသုံးသည့် အစားအစာများတွင် ပါဝင်သည့် အဆီများကို ချေဖျက်နိုင်ရန် အချိန်ကုန်ငွေကုန်ခံပြီး လုပ်ဆောင်လေ့ရှိကြသည်။ ကျန်းမာသောကိုယ် အလေးချိန်ထိန်းသိမ်းရန် အဆီဓာတ်ကို ပမာဏ တစ်ခုအထိ လိုအပ်သည်။
အခြေခံအားဖြင့် စားသုံးဆီတွင်ပါဝင်သည့်အဆီကို ပြည့်ဝဆီနှင့်မပြည့်ဝဆီဟူ၍ နှစ်မျိုးခွဲခြားထား ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ အဆီအုပ်စုတစ်စုချင်းစီ၌ အဆီအမျိုးအစားများစွာ ပါဝင်လျက်ရှိသည်။ မပြည့်ဝဆီများတွင် Polyunsaturated Fatty Acid နှင့် Monousnsturated Fatty Acid တို့ ပါဝင်နေ သည်။ ယင်းတို့ကို အတန်အသင့် စားသုံးသည့်အခါ ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး နှလုံးရောဂါခံစားရနိုင်ခြေကို လျော့ကျစေနိုင်သည်။ Polyunsaturated Fatty Acid ကို ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီကဲ့သို့သော အသီးအရွက်ဆီများ တွင်တွေ့ရတတ်ပြီး သွေးတွင်းကိုလက်စထရော ပမာဏနှင့် Triglyceride ပမာဏကို လျော့ကျစေ သည်။ Polyunsaturated Fatty Acid တစ်မျိုးမှာ အိုမီဂါ-၃ အက်စစ်ဖြစ်သည်။ ယင်းကို အဆီများသည့် ဆယ်လ်မွန်၊ မက်ကာရယ်နှင့် ငါးခူကဲ့သို့သောငါးများ၊ နှမ်းကြတ်စေ့ဆီနှင့် သစ်ကြားသီးများတွင် တွေ့ရှိရ တတ်သည်။ ထိုကဲ့သို့သော အိုမီဂါ-၃ ဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အစားအစာများကို တစ်ပတ် လျှင်နှစ်ကြိမ် စားသုံးသင့်သည်။
စားသုံးရန်မသင့်သည့်အဆီနှစ်မျိုးမှာ ပြည့်ဝဆီ များဖြစ်ကြသည့် Staurated Fatty Acid နှင့် Trans Fatty Acid များဖြစ်ကြပြီး ယင်းတို့သည် သွေးတွင်း ကိုလက်စထရောပမာဏကိုတိုးစေပြီး သွေးကြောများ ကိုပိတ်ဆို့စေသကဲ့သို့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း တိုးပွားစေသည်။ ပြည့်ဝဆီများကို တိရစ္ဆာန်များမှရရှိ သည့် စားသောက်ကုန်များဖြစ်ကြသော အသားများ၊ နို့နှင့်ဥအမျိုးမျိုးတွင် တွေ့ရှိနိုင်သည်။ ထို့ပြင် အုန်းဆီ နှင့် စားအုန်းဆီများတွင်လည်း ပြည့်ဝဆီများပါဝင်နေသည်ကို သတိပြုသင့်ပေသည်။
စားသုံးဆီ ၁ ဂရမ် (1 gram) ကို စားပြီးတိုင်း အင်အားဓာတ် (စွမ်းအင်) ၉ ကီလိုကယ်လိုရီ (9 Kcal) ရရှိစေပြီး ထိုရရှိလာသောစွမ်းအင်ကို နေ့စဉ်လှုပ်ရှားသွားလာမှုများတွင် အသုံးပြုကြရသည်။ ထို့ကြောင့် စားသုံးဆ သည် လူတို့အတွက် အင်အား ဖြစ်စေသောအစာအုပ်စုဝင်ဖြစ်သော်လည်း လိုအပ် သည့်ပမာဏထက် ပို၍စားသုံး မိပါက အင်အားဓာတ် လွန်ကဲမှုကိုဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန်တိုးလာ နိုင်သည်နှင့်အမျှ အဝလွန်ကာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါ စသည့် နာတာရှည် ရောဂါများ ဖြစ်စေနိုင်သည်။ စားသုံးဆီကို အလွန်အကျွံစားသုံးသောကြောင့် ဖြစ်ပေါ်စေနိုင်သည့် ရောဂါဆိုးများမှ ရှောင်ရှားနိုင်ရန် အသက်အုပ်စုအလိုက် တစ်နေ့တာအတွက် အနည်း ဆုံးလိုအပ်သော စားသုံးဆီပမာဏကို ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန (အာဟာရဌာနခွဲ)မှ အောက်ပါဇယားအတိုင်း လမ်းညွှန်မှုပြုထားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
အထက်ဖော်ပြပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်မှုပြုထားသော စားသုံးဆီပမာဏနှင့်အညီ မိသားစုတိုင်းက တိကျစွာလိုက်နာသုံးစွဲခြင်းဖြင့် ကုသရန်ခက်ခဲသော နာတာရှည်ရောဂါများမှ ကင်းဝေးစေ ခြင်းကြောင့် ဆေးကုသမှုအတွက် အသုံးပြုရမည့် ကုန်ကျစရိတ်သက်သာခြင်းနှင့် မိသားစုဝင်များ စိတ် ချမ်းသာမှုကို ရရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရှိ ပြည်သူတစ်ဦးတစ်ယောက်ချင်းမှအစပြု၍ မိသားစု ပေါင်းများစွာက စားသုံးဆီကို လိုအပ်သလောက်သာ သုံးစွဲလိုက်ခြင်းအားဖြင့် ပြည်သူများကျန်းမာသန်စွမ်း ပြီး နာတာရှည်ရောဂါများကင်းဝေးကာ မိမိတို့၏ လုပ်ငန်းဆောင်တာများကို စွမ်းအားပြည့်ဆောင်ရွက် လာနိုင်ခြင်း နှင့်အတူ ပြည်ပမှ စားသုံးဆီတင်သွင်းမှု အတွက် အသုံးပြုရသော နိုင်ငံခြားငွေချွေတာနိုင် ခြင်းကြောင့် တခြားပြည်တွင်းလိုအပ်ချက်များကို ပိုမိုတိုးချဲ့ဖြည့်ဆည်း ဆောင်ရွက်လာနိုင်မည်လည်း ဖြစ်သည်။
စားသုံးသူပြည်သူများ၏ ကျန်းမာရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါ သည်ဖြစ်ပေရာ လူတိုင်းကိုယ်စီ စားသုံးဆီနှင့် ကျန်းမာရေး ဆက်နွယ်မှုကို ဂရုပြုကြခြင်းဖြင့် စားသုံး ဆီကြောင့် ဖြစ်ပွားတတ်သော နာတာရှည်ရောဂါများမှ ကင်းဝေးကြစေရန် အရည်အသွေးစစ်ဆေးပြီးသော စားသုံးဆီများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်ထားသောပမာဏနှင့်အညီ လိုအပ်သလောက် သာဝယ်ယူသုံးစွဲသင့်ကြောင်း တိုက်တွန်းလိုပါသည်။
စားသုံးဆီတင်သွင်းသူ၊ ထုတ်လုပ်သူ၊ ဖြန့်ချိသူများအနေဖြင့်လည်း စားသုံးဆီ၏အန္တရာယ်နှင့် စားသုံး ဆီများအကြောင်း သေချာစွာသိရှိရန် လိုအပ်သည်။ ထို့ပြင် မိမိ၏စီးပွားရေးအတွက် ငွေကြေးအကျိုး အမြတ်ကိုသာ ဦးတည်သည့်လုပ်ငန်းမဖြစ်စေဘဲ စားသုံးသူအရေးကိုရှေးရှုသည့် ကျင့်ဝတ်နှင့်ညီသော လုပ်ငန်းများ ဖြစ်စေရေး အလေးထားရန် လိုအပ်သည်။
နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများအနေဖြင့် လည်း ရေရှည်တည်တံ့သော တိုးတက်မှုကိုဦးတည်၍ မူဝါဒများ၊ ညွှန်ကြားချက်များ ချမှတ်လျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၂၀၃၀) ၏ ပန်းတိုင် (၃) ဖြစ်သည့် ကျန်းမာရေးနှင့် လူမှုဘဝကောင်းမွန်ရေး (Good Health and Well-being) အား ဖော်ဆောင်နိုင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၂)ရပ်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးအား ပြည့်မီရန်အတွက် အထောက်အကူပြုမည့် စားသုံးဆီ နှင့်ပတ်သက်သည့် အမိန့်ကြေညာစာများ ထုတ်ပြန် ထားရှိပါသည်။ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာ ပိုင်အဖွဲ့က ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်တွင် အမိန့်အမှတ် ၂/၂၀၂၄ ဖြင့်ရောနှောဆီ (Blended Oil) အဖြစ် အစားအသောက်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက် များကို ထုတ်ပြန်ခဲ့သည်။ ယင်းညွှန်ကြားချက်အရ ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ်ရောစပ်ရာတွင် အမျိုးအစားနှစ်မျိုးသာ ရောစပ်ရမည်ဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီတစ်မျိုး သည် အနည်းဆုံး ၄၀ ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ် သည်။ ထို့ပြင် အနံ့တုများ ထည့်သွင်းခွင့်မပြုသည့်အပြင် တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ် အသုံးပြုခွင့်မပြုကြောင်း ညွှန်ကြား ထားပြီးဖြစ်သည်။
ယင်းညွှန်ကြားချက် မထွက်ရှိမီအချိန်က စားသုံးဆီများကို သင့်သလိုရောနှောခဲ့သဖြင့် ကျန်းမာရေး ရှုထောင့်မှကြည့်လျှင် သော်လည်းကောင်း၊ စီးပွားရေး ရှုထောင့်မှကြည့်လျှင်သော်လည်းကောင်း စိန်ခေါ်မှု များ၊ ပြဿနာများရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ကျန်းမာရေးရှုထောင့်အရ ဆိုရလျှင် ပြည့်ဝဆီနှင့် မပြည့်ဝဆီ များအား အထိန်းအကွပ်မဲ့ရောစပ်ခြင်းအား ဖြင့် မည်သည့်ဆီ၊ မည်သည့်ပမာဏ ပါဝင်နေသည်ကို မသိရှိနိုင်ပေ။ ပြည့်ဝဆီများ ပိုမိုပါဝင်သောစားသုံးဆီ များကို ပြန်ကြော်ဆီများအဖြစ် အသုံးပြုမိလျှင် အထက်တွင် ဖော်ပြခဲ့သော ကျန်းမာရေးဆိုးကျိုး အမြောက်အမြား ဖြစ်ပေါ်နိုင်သည်။ စီးပွားရေး ရှုထောင့်မှ ကြည့်လျှင်လည်း စားအုန်းဆီကဲ့သို့သော ဆီများကို ဓာတုအနံ့များထည့်ကာ ပဲဆီ၊ နှမ်းဆီဟု စားသုံးသူများအား လိမ်လည်ရောင်းချခြင်းမှ ယင်းဆီ ၏တန်ဖိုးသည် ပဲဆီ၊ နှမ်းဆီအစစ်များကဲ့သို့ မြင့်မားလာသည့်အတွက် Shadow Inflation အား ဖြစ်ပေါ် စေမည်ကို တွေ့ရှိရသည်။ ယင်းတို့ကို ထိန်းချုပ်တားဆီး နိုင်ရေးအတွက် ယခုထုတ်ပြန်လိုက်သည့် အမိန့် ကြော်ငြာစာသည် ထိရောက်မှုအပြည့်အဝရှိသည့် ညွှန်ကြားချက်တစ်ရပ်ပင်ဖြစ်သည်။ ခေတ်စနစ်နှင့် ညီသော အပြစ်ပေးအရေးယူမှုများလည်း ထည့်သွင်း ထားသည်ဖြစ်ရာ စားသုံးဆီထုတ်လုပ်တင်သွင်းဖြန့်ဖြူး ရောင်းချသူများအနေဖြင့် တိတိကျကျလိုက်နာဆောင် ရွက်ခြင်းအားဖြင့် ပူးပေါင်းပါဝင်သင့်ပေသည်။ သတိ မမူ ဂူမမြင် ပြုလုပ်နေပါက တိကျပြင်းထန်သည့် အရေးယူမှုများ ချမှတ်ခံရနိုင်သည်ကို သတိချပ်သင့် ပေသည်။
အချုပ်အားဖြင့်ဆိုရလျှင် စားသုံးဆီသည် ပြည်သူ များ၏ ကျန်းမာရေးအခန်းကဏ္ဍတွင်သာမက နိုင်ငံ တော်၏စီးပွားရေးကဏ္ဍတွင်ပါ အဓိကမဏ္ဍိုင်အဖြစ် ပါဝင်နေသည့်အတွက် ယင်းမဏ္ဍိုင် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပေသည်။ ထိုကဲ့သို့ ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်မှသာ အနာဂတ်၌ စားသုံးသူအခန်းကဏ္ဍတွင် နိုင်ငံတော်၊ နိုင်ငံသားနှင့် စီးပွားရေးလုပ်ငန်း ရှင်များ သုံးဦးသုံးဖလှယ် အကျိုးရှိလာနိုင်မည်ဖြစ် ကြောင်း ရေးသားလိုက်ရပါသည်။ ။
ဒေါက်တာပြည်ထူး(FDA)