မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာအနီးဖြစ်ပွားခဲ့သည့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူ ခဲ့ ရသည့် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိမှုကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ပြောကြားချက်
ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူရခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဆရာတော်၊ သံဃာတော် များနဲ့ တပည့်ဒါယကာ၊ ဒါယိကာမများကို အဖြစ်မှန်သိရှိစေရေး ရိုသေစွာ လျှောက်ထားတင်ပြသွား မှာဖြစ်ပါတယ်ဘုရား။
ပထမဦးစွာ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့၊ ဘွဲ့ ၃ ဘွဲ့ ဆက်ကပ်ပူဇော် ခံခဲ့ရတဲ့ နိုင်ငံတော်သံဃနာယက အဖွဲ့ဝင်ဟောင်း ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်ခဲ့တဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဂုဏ်တော်၊ ကျေးဇူး တော်တို့ကို တပည့်တော်တို့ က ရိုသေလေးစားစွာ ရှိခိုးပူဇော်အပ်ပါတယ်ဘုရား။
အလားတူပဲ ဒဏ်ရာရရှိခဲ့တဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ ဆရာတော်ကြီးအားလည်း ရိုသေစွာရှိခိုးပူဇော်အပ်ပါတယ်ဘုရား။ သံဃာတော်အရှင်မြတ်များနဲ့ ဒါယကာ၊ ဒါယိကာမများဘုရား...
ဒီဖြစ်စဉ်ဟာ ယခုဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မဖြစ်ပွားမီ အဲဒီဒေသရဲ့အခြေအနေများကိုလည်း သိရှိရန်လိုအပ် ပါတယ်။ ငါန်းဇွန်၊ မြို့သာဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီး မြောက်ခြမ်းက PDF အမည်ခံအကြမ်း ဖက်အဖွဲ့များ ရွာသား အယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ဆက်ကြေးကောက်၊ ပြန်ပေးဆွဲ၊ မိုင်းထောင် မိုင်းခွဲ ဖောက်ခွဲ တိုက်ခိုက်တာတွေ စတာတွေကို မကြာခဏ လုပ်ဆောင်နေတဲ့ နေရာဖြစ်ပါတယ်။
ဒီဖြစ်စဉ် မဖြစ်ပွားခင် ၁ ရက်အလို ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ PDF အမည်ခံ အကြမ်းဖက်သမား ၅ ဦး ဟာ ဆိုင်ကယ် ၃ စီးနဲ့ မြို့သာကျေးရွာလမ်း အတိုင်း အရပ်ဝတ်များနဲ့ မောင်းနှင်လာပြီး မြို့သာနယ်မြေရဲစခန်းကို ပစ်ခတ်ခဲ့ ပါတယ်။
ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ရဲစခန်းအနီးမှာနေထိုင် တဲ့ အပြစ်မဲ့သာမန်အရပ်သားရွာသား ၁ ယောက် ကျဆုံး/သေဆုံးခဲ့ရပါတယ်။ ယခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်လောက်မှာ ဆီမီးခုံနဲ့မန္တလေးပြေးဆွဲနေတဲ့ “ပြည့်စုံအောင်” ယာဉ်လိုင်းက မော်တော်ယာဉ် တစ်စီးကို အကြမ်းဖက်အဖွဲ့ PDF က ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ကမ္မကျေးရွာအနီး ကမ္မရွာရဲ့ အနောက်မြောက်ဘက်က ဖောင်းကတော၊ သားကျင်ဘက်ကို ခေါ်ဆောင် သွားတယ်ဆိုပြီး ဒေသခံတွေက သတင်း ပေးတိုင်ကြားလာခဲ့ပါတယ်။ ဒါကြောင့် ငါန်းဇွန်မြို့မှာရှိနေတဲ့ လုံခြုံရေးအဖွဲ့ များဟာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အရှေ့ဘက် လမ်းကြောင်း၊ အနောက်ဘက်လမ်းကြောင်း နှစ်ကြောင်းနဲ့ ဖောင်းကတော၊ သားကျင် နေရာကို လုံခြုံရေးဆောင်ရွက်ဖို့ ချီတက်ခဲ့ပါတယ်။
အနောက်ဘက်လမ်းကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့အဖွဲ့ကို မနက် ၁၀ နာရီကျော်ကျော်လောက်မှာ ဖောင်းကတောရွာနားအရောက် PDF အကြမ်းဖက် အဖွဲ့ ၂၀ လောက်က မိုင်းဆွဲတိုက်ခိုက် ခဲ့လို့ အပြန်အလှန် ပစ်ခတ်ထိတွေ့ တိုက်ခိုက် မှုဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့တွေတောင်ဘက်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကမ္မရွာ ဘက်ကို ထွက်ပြေးသွားတာကိုလည်း တွေ့ရှိရပါတယ်။ တပ်က ကျဆုံး၊ ဒဏ်ရာ ရသူရှိခဲ့ သလို အကြမ်းဖက်အဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုရှိတယ်ဆိုတာ သိရှိခဲ့ရပါတယ်။ အဲဒါနဲ့မရှေးမနှောင်းမှာပဲ အရှေ့ဘက်လမ်းကြောင်းကနေ ချီတက် နေ တဲ့ လုံခြုံရေးအဖွဲ့ရောက်ရှိနေတဲ့ ကမ္မရွာ အနီးက ပစ်ခတ်သံတွေကြားခဲ့ရပါ တယ်။
အဲဒီအရှေ့ဘက် လမ်းကြောင်းကနေ ချီတက်နေတဲ့လုံခြုံရေးအဖွဲ့ကလည်း ခုနက ကျွန်တော်ပြောခဲ့တဲ့ မော်တော်ယာဉ်တစ်စီး ခေါ်ဆောင်သွားတယ်ဆိုတဲ့ ဖောင်းကတော၊ သားကျင်ရွာဘက်ကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက်အဖွဲ့တွေ ကို ပိတ်ဆို့နိုင်ဖို့ အလျင်အမြန်ချီတက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
အဲ့ဒီလုံခြုံရေးအဖွဲ့တွေဟာ ကမ္မရွာရဲ့ထိပ် ဘုရားအနီးလမ်းပေါ်မှာ ကမ္မရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစားယာဉ်တစ်စီးနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကား ပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြ တားဆီးတာလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
နောက်ဆုံး သေနတ်ကိုမိုးပေါ်ထောင်ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာလည်း သိရှိ ခဲ့ရပါတယ်။ အရပ်ကား Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက် ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာ ကို အကြမ်းဖျင်းသိရှိရပါတယ်။ ဒီဖြစ်စဉ် တွေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံစိစစ် ဆန်းစစ်သွားမှာဖြစ်ပါတယ်။
သံဃာတော်အရှင်သူမြတ်များနှင့် ဒါယ ကာ၊ ဒါယိကာမများဘုရား...
အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေ ရတဲ့ စစ်သည်များရဲ့ တာဝန်ထမ်းဆောင်ရမှု ဟာ အခက်အခဲများစွာရှိပါတယ်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ပဲ အရပ်သားအယောင်ဆောင်ပြီး အပြစ်မဲ့ပြည်သူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်တိုက်ခိုက် နေတာဖြစ်ပါတယ်။ ရန်သူ၊ မိမိ၊ သာမန်ပြည်သူလူထုကို ရုတ်တရက်ခွဲခြားနိုင်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီလိုအခြေအနေမျိုး မှာ မြို့ရွာတွေကို ကာကွယ်နိုင် ဖို့၊ သာမန်အရပ်သားပြည်သူတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားတာဝန်ထမ်းဆောင် နေကြရပါတယ်။
တပ်မတော်အနေနဲ့ ဒီမြန်မာနိုင်ငံမှာ ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာစည်ပင် ထွန်းကားပြန့်ပွားစေဖို့၊ ခိုင်မာစေဖို့ ရှေး ယခင်ကတည်းက ယနေ့အထိ တက်ကြွ နှိုးကြားစွာဆောင်ရွက်ခဲ့တာကို ဗုဒ္ဓဘာသာ နဲ့သက်ဆိုင်တဲ့ ဘာသာဝင်တွေအားလုံး သိရှိ ပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ် တစ်ခုလောက်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက် မီဒီယာတွေ၊ NUG၊PDF အမည်ခံအကြမ်းဖက်အဖွဲ့ တွေက ပျက်စီးရာပျက်စီး ကြောင်း အချိန် ကိုက်လှုံ့ဆော်နေတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့အထိ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက် မှုတွေကြောင့် ရဟန်း သံဃာ ၁၄၀ ပါး၊ သီလရှင် ၂ ပါး၊ ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခွန်းမှမပြောဘဲ ရေငုံနှုတ်ပိတ်နေ နေကြ တာတွေ့ရမှာဖြစ်ပါတယ်။ဒါတွေကိုသတိရှိဖို့လိုအပ်ကြောင်းမေတ္တာရပ်ခံလိုပါတယ်။
သံဃာတော်အရှင်မြတ်များနှင့် ဒါယကာ၊ ဒါယိကာမများဘုရား...
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပည့်တော် တို့လည်း ပရိယတ္တိသာသနာမှာ တန်ဖိုးရှိ ထင်ရှားကျော်ကြားလှတဲ့ သံဃာတော်အရှင် သူမြတ်တစ်ပါးဆုံးရှုံးခဲ့ရလို့ များစွာ ဝမ်းနည်း ကြေကွဲရပါတယ်ဘုရား။ အဆင့်မြင့်အရာရှိ ကြီးများပါဝင်သည့် စုံစမ်း စစ်ဆေး အဖြစ် မှန်ဖော်ထုတ်ရေးအဖွဲ့ဖွဲ့စည်းပြီး ဖော်ထုတ်သွားပါမယ်ဘုရား။ စုံစမ်းဖော်ထုတ်တွေ့ရှိ ချက်များအရ လိုအပ်သည့်အရေးယူ ဆောင်ရွက်မှုများ ကိုလည်းဆောင်ရွက်သွားပါမည်။
ဆရာ၊ ဒကာ လက်တွဲညီ သာသနာ့ အကျိုး ဆက်လက်ဆောင်ရွက်ပါမည်ဘုရား။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုပါဘုရား။