အမျိုးသမီးအခွင့်အလမ်းများ ရှင်သန်ခိုင်မာရေး

 

အမျိုးသမီးအခွင့်အလမ်းများ ရှင်သန်ခိုင်မာရေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်)

    မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သည်။ အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလှသည်။ အမျိုးသမီးများသည် မိသားစုတာဝန်များသာမက နိုင်ငံတော်ကာကွယ်ရေး၊ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့ အပါအဝင် အရေးပါသောကဏ္ဍများမှ ဘက်စုံပါဝင် ထမ်းဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ၏ ဦးဆောင်မှုများ တိုးမြင့်လာစေရေးနှင့် အမျိုးသမီးအခွင့်အလမ်းများ ရှင်သန်ခိုင်မာရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် နိုင်ငံတိုင်းတွင် နိုင်ငံအဆင့် ယန္တရားတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ရန်နှင့်  အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  အမျိုးသားအဆင့်  မဟာဗျူဟာစီမံကိန်း ရေးဆွဲရန်ချမှတ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်က နိုင်ငံအဆင့်ယန္တရား တစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ (MNCWA-Myanmar National Committee for Women's Affairs)ကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့်  ကော်မတီစတင ်ဖွဲ့စည်းသည့်  အဆိုပါနေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပေးပြီး နှစ်စဉ်ဇူလိုင်လ ၃ ရက်နေ့တိုင်း မြန်မာအမျိုးသမီးများနေ့ကို ခမ်းခမ်းနားနား ကျင်းပလျက်ရှိသည်။

အဆိုပါနေ့တွင် တစ်နိုင်ငံလုံး၌ အထိမ်းအမှတ်အဖြစ် သစ်ပင်များ စိုက်ပျိုးခြင်း၊ ကဏ္ဍအသီးသီးတွင် (စာပေ၊အားကစား၊ အနုပညာနှင့်နိုင်ငံတာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်) ထူးချွန်ထက်မြက်သည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ဂုဏ်ပြုပြဇာတ်နှင့် အသိပညာပေး ဇာတ်လမ်းများ၊ မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို ဖျော်ဖြေပွဲဖြင့် တင်ဆက်ပြသခြင်းများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားသောနိုင်ငံဖြစ်သည့် အားလျော်စွာ မြန်မာအမျိုးသမီးတို့သည် ယဉ်ကျေးသိမ်မွေ့စွာ ကြီးပြင်းလာကြသူများဖြစ်ကြသည်။ သားသမီးဘဝတွင်  သားသမီးတို့ ကျင့်ဝတ်နှင့်အညီ နေထိုင်ကြရသည်။

အထူးသဖြင့်စောင့်လေမျိုးနွယ် ဟူသောကျင့်ဝတ်ကို လေးစားလိုက်နာကြသည်။ အမျိုးဂုဏ်စောင့်ထိန်းခြင်းကို ဂုဏ်ယူလျက်ရှိကြသည်။

မြန်မာနိုင်ငံတွင် မြန်မာအမျိုးသမီးများအား အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိစေရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများအား ကာကွယ်ခုခံပိုင်ခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အမျိုးသားများနှင့် ရင်ပေါင်တန်းနိုင်ရေး စသည်တို့အတွက် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများဖြင့် ပြဋ္ဌာန်းထားရှိသည်။ မြန်မာနိုင်ငံ၏ အဓိကဥပဒေဖြစ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း အမျိုးသားနှင့်အမျိုးသမီး ခွဲခြားမှုမရှိဘဲ အခွင့်အရေး တန်းတူရှိနေကြောင်းကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ ပုဒ်မ-၃၄၇ တွင်”နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟုလည်းကောင်း၊ ပုဒ်မ-၃၄၈ တွင် “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ  လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရ”ဟု လည်းကောင်း၊ ပုဒ်မ-၃၅၀ တွင်”အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့်အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်}} ဟုလည်းကောင်း၊  ပုဒ်မ-၃၆၈  တွင် “နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်”ဟုလည်းကောင်း သတ်မှတ်ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် အမျိုးသားများသည် မြန်မာ့ရိုးရာ အစဉ်အလာအားဖြင့် လည်းကောင်း၊ ဘာသာရေးအားဖြင့် လည်းကောင်း တန်းတူညီမျှမှုရှိသည်။ မောင်တစ်ထမ်းမယ်တစ်ရွက် ဆိုစကားသည် တန်းတူရည်တူရှိမှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ရှေးယခင်က မြန်မာအမျိုးသမီးတို့၏ ဟန်ပန်ကို  ခြေတစ်လှမ်းကုဋေတစ်သန်းဟု ညွှန်းဆိုခဲ့ကြသည်။ ဣန္ဒြေသိက္ခာမြင့်မားခြင်းကို ပြဆိုခြင်းဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာကြီးတွင် နည်းပညာမြင့်မားလာမှုနှင့်အတူ အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ နည်းပညာများ တတ်မြောက်လာကြပြီဖြစ်ရာ အမျိုးသားများနည်းတူ တိုင်းပြည်တာဝန်ကို ကျရာကဏ္ဍမှ ထမ်းဆောင်နေကြပြီဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေး ကဏ္ဍအပါအဝင်  အခြားသော ကဏ္ဍပေါင်းစုံတွင်လည်း  အမျိုးသမီးများ၏ တာဝန်ထမ်းဆောင်မှု ရာခိုင်နှုန်းမှာမြင့်မားလာပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကိုဘက်စုံထောင့်စုံ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးလျက်ရှိသည်။ မြန်မာအမျိုးသမီးများကလည်း ၎င်းင်းတို့၏ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များဖြင့်  မိမိတို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး ပါဝင်ဆောင်ရွက်လျက်ရှိသည်။အနှစ်ချုပ်ဆိုရသော် မြန်မာအမျိုးသမီးများ၏ အခွင့်အလမ်းများ ရှင်သန်ခိုင်မာပြီးနိုင်ငံတော်၏ တာဝန်များကိုတက်ကြွစွာ ပါဝင်ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသား လိုက်ရပေသည်။  ။

Dates: 
Wednesday, July 3, 2024 - 11:04