ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
ချောင်းရေလွှဲခြင်း
ရေလွှဲခြင်းလုပ်ငန်းကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဆောင် ရွက်ခဲ့သည်။ ရေလွှဲသည်ဆိုသည်မှာ တာတမံတည်ဆောက်မှုတိုင်းတွင် မပါမဖြစ်လုပ်ငန်းဖြစ်သည်။ ချောင်းပေါ်တွင် တမံဖို့နိုင်ရေးအတွက် တမံအူကြောင်း၏ အထက်ဘက် (Upstream)မလှမ်းမကမ်း သင့်တင့်သော အကွာအဝေးတွင် ယာယီရေတားတမံ တစ်ခုကို ဦးစွာတည်ဆောက်ရသည်။ ဤယာယီရေတားတမံ မတည်ဆောက်မီ လွဲှမည့်ရေပမာဏနှင့် လိုက်လျောညီထွေအရွယ်ရှိသည့် ရေလွှဲဥမင်လိုဏ်၊ ရေထုတ်ပြွန် စသည့် ရေလမ်းတစ်ခုကို သင့်လျော်သည့် အမာခံအောက်ခံ အုတ်မြစ်ပေါ်တွင် ကြိုတင်ဆောင်ရွက်ထားပြီး ဖြစ်ရမည်။
အဆိုပါ မြစ်၊ချောင်းအတွက် နှစ်ပေါင်းများစွာ ရရှိထားသော ကာလ အပိုင်းအခြားအလိုက်၊ ရက်အလိုက်၊ နာရီအလိုက် ရေထုစီးနှုန်းများကို အခြေခံ၍ ယာယီရေတားတမံအမြင့်နှင့် ရေလွှဲလမ်းကြောင်း အရွယ်အစားကို ဒီဇိုင်းရေးဆွဲရသည်။
ဤသို့ရေးဆွဲရာတွင် ရေလွှဲလမ်းကြီးကြီးနှင့် ကျယ်ကျယ်ဆောင်ရွက်ထားလျှင် ယာယီဖို့မည့်ရေတားတမံ အမြင့်ကို လျှော့ပေါ့စဉ်းစားနိုင်သည်။ အကယ်၍ ရေလွဲှထားမည့် ရေသွားလမ်း၏အရွယ်ကို လျှော့ချလိုလျှင် ယာယီရေတားတမံကို လုံလောက်သည့်အမြင့်အထိ မြှင့်တင်ခြင်း၊ ယာယီ ရေတားတမံ၏ ထုထည်ကို ပိုမိုကြံ့ခိုင်အောင် ဆောင်ရွက်ခြင်း၊ ယာယီ ရေတားတမံတွင်သုံးစွဲမည့် ဖို့မြေ/ရောစာ စသည်တို့၏ အရည်အသွေးကို ပို၍ကောင်းမွန်စေခြင်း စသည်တို့ကို ဂရုစိုက်ကြရမည်။
ဤနှစ်ချက်ကိုချိန်ညှိရန်မှာ ဒီဇိုင်းတွက်ချက်သူ၏ တာဝန်ဖြစ်သည်။ ဒီဇိုင်းတွက်ချက်သူသည် နှစ်စဉ် အချိန်ကာလအလိုက် စီးဝင်ရေ အချက်အလက်ကို မူတည်၍ တွက်ချက်သည်။ တိုင်းတာရရှိသော အချက်အလက် အပြည့်အစုံရရှိနိုင်မှု အားနည်းပါက သင်္ချာနည်းဖြင့် နှစ်ပေါင်းများစွာဆန့်ထုတ်၍ ခန့်မှန်းတွက်ချက်ကြသည်။ Numerical Analysis ပြုလုပ်သည်ဟု ခေါ်ကြသည်။
မည်သည့်နည်းကိုသုံးသည်ဖြစ်စေ မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းမှု ဆိုသည်မှာ ရှေ့တွင်နှစ်ပေါင်းများစွာ လက်တွေ့ရရှိထားသော အချက်အလက်များအပေါ် အခြေခံ၍ နောင်ဖြစ်ပေါ်လာနိုင်မှုကို တွက်ချက်ရသည့် Logic တစ်ခုသာဖြစ်သည်။ ဤသို့တွက်ချက်မှုများမှာ မှန်ကန်သည်ကများသည်။ သို့သော် အကြိမ် ၁၀၀ တွင် တစ်ကြိမ်လွဲခဲ့သော်ဆို သည့် သံသယစိတ်တော့ ရှိသင့်ကြသည်။
ဆည်တာတမံ၊ ရေတားအဆောက်အအုံတို့သည် သာမန်လူနေအိမ်၊ တိုက်တာအဆောက်အအုံနှင့် မတူသောအချက်များမှာ တစ်စုံတစ်ရာ ချွတ်ယွင်းခဲ့လျှင် လူသိန်းချီ၊ သန်းချီ ဘေးဒုက္ခကြုံရနိုင်သလို အသက်ပေါင်း ထောင်သောင်းချီ၍ ဆုံးရှုံးသွားနိုင်သည်။
သို့ပါ၍ တမံပညာရှင်အများစုသည် လုံလောက်သော အန္တရာယ် ကင်းရှင်းမှုရရှိအောင် Safety Factor ထည့်ပြီး စဉ်းစားထားကြသည်။
Safety Factor ဆိုသည်မှာ ဒီဇိုင်းတွက်ချက်ရာတွင် ပုံမှန်လိုအပ်သော ခံနိုင်ရည်ထက် ၁၀ယ၂၀ယ၃၀ယ၄၀ ရာခိုင်နှုန်းမှသည် ၁၀၀ယ၂၀၀ယ၃၀၀ယ၄၀၀ ရာခိုင်နှုန်းထိ အပိုဆောင်းခံနိုင်ရည် ရှိအောင် တွက်ချက်တည်ဆောက်ခြင်း ဖြစ်သည်။
Safety Factor တင်၍ ဆောင်ရွက်ရမှု အဆင့်များကွဲလွဲသည်။ ပျက်စီးပါက ထိခိုက်ဆုံးရှုံးမှု နည်းပါးမည့်ကိစ္စများတွင် Safety Factor ကို လျှော့ပေါ့တွက်ချက် နိုင်သော်လည်း ထိခိုက်ပျက်စီးပါက ဆုံးရှုံးမှု ပမာဏကြီးမားစေမည့် အဆောက်အအုံများတွင်မူ Safety Factor ကို ပို၍စဉ်းစားပေးကြရသည်။
Safety Factor ပို၍ထည့်လေ ပို၍ကုန်ကျစရိတ်များလေ၊ တည်ဆောက်ရေးကာလ ပိုကြာလေဖြစ်မည်။ သို့သော် ခိုင်ခံ့မှုရှိလျှင်ပြီးရော ကုန်ချင်သလောက်ကုန်၊ ကြာချင်သလောက်ကြာဟူသော ဝေါဟာရမှာ ပညာရှင်ပီသသော အင်ဂျင်နီယာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အတွက် မဟုတ်ပေ။
ယခုဖော်ပြနေသည်မှာ တာတမံလုပ်ငန်းခွင်၊ ချောင်းပိုင်းလုပ်ငန်းများ စတင်နိုင်ရေး၊ မြစ်/ချောင်း ရေလွှဲခြင်းကိစ္စတွင် ယာယီရေတားတမံ (Temporary Cofferdam)၏ အမြင့်/ခိုင်ခံ့မှုနှင့် ယာယီရေလွှဲစနစ် (Temporary Diversion System)၏ အရွယ်အစားတို့ ချိန်ညှိစဉ်းစားရာတွင် ဘက်စုံစဉ်းစားကြသည်ဆိုသော အချက်ကို အလျဉ်းသင့်၍ ဖော်ပြခြင်းဖြစ်သည်။
Temporary Cofferdam ကုန်ကျစရိတ်မှာ စက်ယန္တရားပြင်ဆင်မှု စရိတ်နှင့် စက်မောင်း ဆီစရိတ်သာရှိသည်။ သို့သော် ဤကုန်ကျမှုကို ချွေတာမိကြသည်။
ထူးထူးခြားခြားငွေကုန်မများသော ဤလုပ်ငန်းမျိုးကို အချိန်အနည်း ငယ်ပိုပေးပြီး လုံလောက်သော Safety Factor ထည့်၍ ဆောင်ရွက်သင့်သည်။
ဤသို့မဟုတ်ပါက တမံတည်ဆောက်နေစဉ် မမျှော်လင့်ထားသော အခြေအနေကြုံခဲ့လျှင် ပို၍ငွေကုန်သည်။ ပို၍အချိန်ကုန်သည်။ ရံဖန်ရံခါ လူ့အသက်များပါ ဆုံးရှုံးနိုင်သည်။ တန်ဖိုးကြီးသော စက်ယန္တရားများပါ ဆုံးရှုံးတတ်သည်။ ဆောင်ရွက်ဆဲလုပ်ငန်းများ ရပ်ဆိုင်းသွားပြီး ပြန်လည်ပြုပြင်ရေး လုပ်ငန်းများကို အချိန်ကုန်၊ ငွေကုန်ခံ၍ ဆောင်ရွက် ရတတ်သည်။
စာရေးသူ၏ လုပ်သက်တစ်လျှောက်တွင် Temporary Cofferdam များ ကျိုးပေါက်မှုကိစ္စ မကြာခဏ တွေ့ကြုံကြားသိခဲ့ရသည်။ Temporary Cofferdam ကိစ္စတွင် စနစ်တကျ တွက်ချက်ရန်နှင့် Safety Factor လျှော့၍ မစဉ်းစားကြပါရန် ကြုံကြိုက်၍ အကြံပြုခြင်းဖြစ်ပါသည်။
ဆည်တော်ကြီးစီမံကိန်းအတွက် အတိုင်ပင်ခံအဖွဲ့အဖြစ် အိန္ဒိယနိုင်ငံမှ ပညာရှင်အဖွဲ့ (Water and Power Consultancy Services Ltd.,(WAPCOS)ကို ငှားရမ်း၍ မြန်မာနိုင်ငံ ပညာရှင်များနှင့် တွဲဖက် ဆောင်ရွက်ခဲ့သည်။
လယ်ယာစိုက်ပျိုးရေးအတွက် အဓိကစီမံကိန်းကြီး ဖြစ်သော်လည်း ရေတန်ဖိုးကို အမြင့်ဆုံးအသုံးချလို၍ ဤတမံတွင် ရေအားလျှပ်စစ် ၂၅ မဂ္ဂါဝပ်အင်အားကို တပ်ဆင်ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ ကိုလံဘီယာမြစ်၏ လက်တက် Snake River ပေါ်တွင် တည်ဆောက်ထားသည့် တချို့သော ဆည်ရေပေးဝေရေး တမံများတွင် ဤကဲ့သို့ပင် တပ်ဆင်အင်အား မဂ္ဂါဝပ်နည်းသည့် တမံများလည်းပါသည်။ မဂ္ဂါဝပ်နည်းခြင်း၊ များခြင်းထက် နှစ်စဉ် ပြန်လည်ပြည့်ဖြိုးမြဲ စီးဆင်းနေသည့်ရေကို မည်မျှ တန်ဖိုးရှိအောင် အသုံးချနိုင်သည်ဆိုသောအချက်ကို အမိအရဆုပ်ကိုင် မှုပင်ဖြစ်သည်။
ဆည်တော်ကြီးဘက်စုံရေလှောင်တမံ စီမံကိန်းကြီး အောင်မြင်ခဲ့၍ မတ္တရာ၊ ပုသိမ်ကြီး၊ မန္တလေး၊ အမရပူရ စသည့်အပူပိုင်း မိုးနည်းရေရှား ဒေသများတွင် စပါး၊ ပဲ၊ ပြောင်း သီးနှံမျိုးစုံ သီးထပ်စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံများ ပျော်ရွှင်နေကြပြီ။
မန္တလေးတူးမြောင်း၊ ရေနံ့သာတူးမြောင်းနှင့် လက်တန်တူးမြောင်းများ ဖြတ်သန်းသွားရာ ဘေးဝဲယာမှ ကျေးရွာအားလုံး ဤဆည်၏ အကျိုးကျေးဇူးကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေ၊ ကျွဲ၊ နွားသောက်ရေများပါ လုံလောက်ခဲ့ကြပြီဖြစ်သည်။
ပြန်လည်ပြည့်ဖြိုးမြဲရေကို အကျိုးရှိအောင်သုံး၍ နှစ်စဉ် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၃၄ ထုတ်လုပ်ပေးလျက်ရှိသည်။ နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးနေသလို သပိတ် ကျင်းကိုဖြတ်၍ ကောလင်းရွှေတူးဖော်ရေးအထိ တိုက်ရိုက်ဓာတ်အားဖြန့်နိုင်ခဲ့ပြီ။
ဆက်လက်ဖော်ပြပါမည်။