၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ်ချီးမြှင့်
နေပြည်တော် ဇွန် ၂၁
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း မိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ကီလိုတန်းအလိုက် အမျိုးသား၊ အမျိုးသမီး အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာမျိုးသိန်းကျော်တို့က အမျိုးသမီး (၄၉ - ၅၃) ကီလိုတန်း အတိုက်ပြိုင်ပွဲ၊ အမျိုးသား (၆၈ - ၇၄) ကီလိုတန်း အတိုက်ပြိုင်ပွဲနှင့် အမျိုးသမီး (၄၃ - ၄၆) ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ ဦးရွှေကြိမ်းနှင့် ခွန်စံလွင်တို့က အမျိုးသား (၄၆ - ၅၀) ကီလိုတန်း အတိုက်ပြိုင်ပွဲ၊ အမျိုးသား (၅၀ -၅၄) ကီလိုတန်း အတိုက်ပြိုင်ပွဲနှင့် အမျိုးသား (၅၄-၅၈) ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ ဘရွှေနှင့် ဒေါက်တာမှုထန်တို့က အကောင်းဆုံး အမျိုးသမီး၊ အမျိုးသား အားကစားသမားဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမျိုးသားတံခွန်စိုက်ဆု ဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကိုလည်းကောင်း တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်းတံခွန် စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို စုပေါင်းတံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစား သမားများ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်မြင့်မားလာစေရန်နှင့် အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒို ပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်မည့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဇွန်လ ၁၇ ရက်မှ ၂၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၅ သင်းတို့မှ အားကစားသမား စုစုပေါင်း ၂၆၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။