တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာမှ မိုင်းထိ လူနာအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာ-၂၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များထံသို့ ယနေ့နံနက် ၁၀ နာရီခန့်တွင် ကဇူးကိုင်းကျေးရွာနေ ဦးဝင်းဘို၊ ကျေးရွာဥက္ကဋ္ဌ ဦးကျော်သန်းနှင့် ဦးဝင်းဘို၏ ဇနီးဖြစ်သူ ဒေါ်မဖြူတို့ ရောက်ရှိလာပြီး ဒေါ်မဖြူမှာ မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိထားသဖြင့် ဆေးဝါးကုသမှု ခံယူလိုကြောင်း ပြောကြားလာခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ကနဦးဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။

 ဖြစ်စဉ်မှာ ကဇူးကိုင်းကျေးရွာနေ ဦးဝင်းဘို၏ဇနီးဖြစ်သူ ဒေါ်မဖြူသည် ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ကျေးရွာအရှေ့ဘက်ရှိ ၎င်း၏ခြံသို့ငှက်ပျောပင် ခုတ်ရန်သွားရောက်စဉ် ကျေးရွာ၏ အရှေ့ဘက် မီတာ ၇၀၀ ခန့်အကွာသို့ အရောက်၌ နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲပြီး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းထိလူနာအား တပ်မတော်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုဆောင် ရွက်ပေးလျက်ရှိပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်မင်း နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။