ခေါင်းဆောင်အပြောင်းအလဲကြောင့် အက်ကွဲကြောင်းများ ပိုမိုထွက်ပေါ်လာနိုင်သည့် နေတိုးအဖွဲ့

 

ခေါင်းဆောင်အပြောင်းအလဲကြောင့် အက်ကွဲကြောင်းများ ပိုမိုထွက်ပေါ်လာနိုင်သည့် နေတိုးအဖွဲ့

 

နယ်သာလန်နိုင်ငံမှ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မာ့ခ်ရုတေသည် လက်ရှိတွင်  နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ်၏နေရာတွင်   ဆက်လက် တာဝန်ထမ်းဆောင်မည့်သူအဖြစ် နေတိုးတပ်ဖွဲ့ဝင် အားလုံး၏ သဘောတူညီချက် ကို     ရရှိထားပြီဖြစ်ကြောင်း တွေ့ရှိရသည်။

မာ့ခ်ရုတေသည် နယ်သာလန်နိုင်ငံ၏ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။  ၎င်းအနေဖြင့်   နေတိုးအဖွဲ့၏ အတွင်းရေးမှူးချုပ်နေရာအတွက် ရိုမေးနီးယားသမ္မတ ကလောက်စ် အီဟိုဟန်းနစ်စ်နှင့် ပြိုင်ဆိုင်ရဖွယ် ရှိခဲ့သော်လည်း ယခုအခါ အီဟိုဟန်းနစ်စ်မှာ နေတိုးအဖွဲ့၏ အတွင်းရေးမှူးချုပ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ဇွန်လ ၂၀ ရက်တွင် နေတိုးအဖွဲ့မှ တာဝန်ရှိသူ များအား အသိပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

နေတိုးတပ်ဖွဲ့အနေဖြင့် အတွင်းရေးမှူးချုပ်ရာထူးတွင် ဆက်လက်ထမ်းဆောင်မည့်သူအား ရွေးချယ်နိုင်ရေးကို ဇူလိုင်လတွင် ကျင်းပမည့် နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်မီ အပြီးသတ်ဆုံးဖြတ်ခဲ့ဖွယ်ရှိသည်။ သို့သော် တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ထို့ကြောင့် နေတိုးအတွင်းရေးမှူးချုပ်ရာထူးကို မာ့ခ်ရုတေက ထမ်းဆောင်ခွင့်ရရှိမည်ဆိုပါက ၎င်းအနေဖြင့် ယခုနှစ် အောက်တိုဘာလ ၂ ရက်မှစ၍ အတွင်းရေးမှူးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

သို့သော် မာ့ခ်ရုတေအနေဖြင့် နေတိုးအတွင်းရေးမှူးချုပ်ရာထူးတာဝန်ကို မထမ်းဆောင်မီ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရသည်။ မာ့ခ်ရုတေသည် ဥရောပသမဂ္ဂအဖွဲ့၏ ပဉ္စမမြောက်အကြီးဆုံး စီးပွားရေးနိုင်ငံအား ဦးဆောင်ခဲ့သော်လည်း နေတိုးအဖွဲ့၏ ရည်မှန်းချက်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိဟု အတိုက်အခံများက ပြောကြားထားသည်။ နယ်သာလန်နိုင်ငံသည် နေတိုးအဖွဲ့၏ အသုံးစရိတ်အတွက် နယ်သာလန်နိုင်ငံ၏ စုစုပေါင်းဂျီဒီပီ၏ ၂ရာခိုင်နှုန်းသာ အသုံးပြုခဲ့ပြီး အရှေ့ဥရောပ အရေးတွင်လည်း ရပ်တည်ချက်တင်းမာသူမဟုတ်ဟု ပြောဆိုထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် နေတိုးအဖွဲ့၏ အတွင်းရေးမှူး ရာထူးအတွက် ရုရှားနိုင်ငံအား တုံ့ပြန်ရန်ဆန္ဒရှိနေသည့် အခြားကိုယ်စားလှယ်လောင်း  တစ်ဦးကသာ ပိုမိုသင့်တော်မည်ဖြစ်သည်ဟူသော ပြောဆိုချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

မကြာမီရာထူးမှ နုတ်ထွက်တော့မည့် ဂျန်စတိုတန်ဘာ့ဂ်သည် ရုရှားဆန့်ကျင်ရေး သမားတစ်ဦးဖြစ်ပြီး ၎င်းင်းသည် ရုရှားဆန့်ကျင်ရေး လုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်ကပင် အနောက်နိုင်ငံများအား ဦးဆောင်၍ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ တစ်နည်းအား ဖြင့် ရုရှားနိုင်ငံနှင့်စပ်လျဉ်း၍ ရပ်တည်ချက်တင်းမာသူနှင့်  ရုရှားအား  အလျှော့မပေးလိုသူ ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

သို့သော် မာ့ခ်ရုတေ၏ ရပ်တည်ချက်မှာ ကွဲပြားမှုရှိနေသည်။ ၎င်း၏ ရပ်တည်ချက်မှာ ယူကရိန်းအရေးတွင် နက်ရှိုင်းစွာ ပါဝင်နေသည့် ဥရောပသမဂ္ဂအဖွဲ့ (အီးယူ) နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံနှင့် ဆက်ဆံမှုတစ်ရပ်ကို တည်ထောင်ရန်လိုအပ်မည် ဟူ၍ဖြစ်သည်။ ထို့ပြင်  ရုရှားနိုင်ငံသည် လက်ရှိတွင်  အီးယူ၏ပြိုင်ဖက်အဖြစ် ရပ်တည်နေပြီး ရုရှားက ယူကရိန်းအရေးအား လက်လျှော့မည်မဟုတ်သောကြောင့် အီးယူနိုင်ငံများအနေဖြင့် ယူကရိန်းအား လက်နက်ကိုင်ပဋိပက္ခတွင် အနိုင်ရရှိစေရန်အတွက် ရုရှားနှင့် ဆက်ဆံရေးတစ်ရပ်ကို တည်ထောင်ရန်လိုအပ်သည်ဟု  ၎င်းက ပြောကြားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင်  နေတိုးအဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ဟန်ဂေရီနိုင်ငံသည် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ နေတိုး၏ ရပ်တည်ချက်များကို ကန့်ကွက်လျက်ရှိ သည်။ အကြောင်းမှာ နေတိုးအဖွဲ့အနေဖြင့် ရုရှားနှင့် စစ်မက်ဖြစ်ပွားမည့် အခြေအနေ ပိုမိုနီးကပ်လာခြင်းဖြစ်သည်ဟု ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ထောက်ပြထားသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် နေတိုးအဖွဲ့အတွင်း၌ပင် အက်ကြောင်းများ ထွက်ပေါ်လာပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အီးယူနိုင်ငံများက ယူကရိန်းသို့ တာဝေးပစ်လက်နက်စနစ်များ ထောက်ပံ့နေခြင်းအပေါ် ရုရှားက သတိပေးထားပြီး အဆိုပါ တာဝေးပစ်လက်နက်များကို ရုရှားနိုင်ငံအတွင်းသို့ တိုက်ခိုက်ရန် ခွင့်ပြုပေး ခြင်းသည် အနောက်နိုင်ငံများ သို့မဟုတ် အီးယူနိုင်ငံများက ယူကရိန်းအရေးတွင် တိုက်ရိုက်ပါဝင်လာသည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အစောပိုင်းတွင် အတိအလင်း ပြောကြား ထားခြင်းကြောင့် ဂျန်စတိုတန်ဘာ့ဂ်နှင့် ရပ်တည်ချက်ကွဲပြားနေသည့် မာ့ခ်ရုတေအနေဖြင့် နေတိုးအဖွဲ့ အကြီးအကဲအဖြစ် တရားဝင် တာဝန်ထမ်းဆောင်မည်ဆိုပါက နေတိုးအဖွဲ့ အတွင်း၌ ပိုမိုကြီးမားသည့် အက်ကွဲကြောင်းများ ပေါ်ထွက်လာနိုင်ကြောင်း     ရေးသား တင်ပြလိုက်ရပါသည်။

Ref:RT