တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၂

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်(၁)ဦး၏ ဝန်စည်တစ်ခုအတွင်းမှ    တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Cosmetic မျိုးစုံ(၉၉)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀)ကို လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌  ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်  ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Hand Manual Hydraulic Stacker (၁)ခု   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန်လ ၂၈ ရက်တွင် နေပြည်တော်ကောင်စီ  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ်အတွင်း၌   တရားမဝင်ကျွန်းသစ်(၂ ဒသမ ၄၃၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇွန်လ ၃၀ ရက်တွင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေး စခန်းအနီး၊ ကျိုင်းတုံလမ်းမကြီးဘေး၌ စုပုံထားရှိသော အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် Total တံဆိပ်ပါ Rotary Hummer (၁၁)ခုအပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၅၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ    အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၃၀ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(သုည ဒသမ ၂၆၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၉၆၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဇူလိုင်လ ၁ ရက်တွင် ပဲခူးခရိုင်အတွင်း၌   တရားမဝင်ကျွန်းသစ် (သုည ဒသမ ၄၂၇)တန်၊ သစ်မာ(၂ ဒသမ ၀၉၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၅၃၆)ကို   သစ်တောဥပဒေအရ လည်းကောင်း၊ ဝေါမြို့နယ်  အဗျားငှက်ချေးဝင်း ကျေးရွာအနီး၌ လိုင်စင်မဲ့  Honda Fit  မော်တော်ယာဉ်(၁)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဘုရားကြီးမြို့ (Denko) ဆီဆိုင်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Glory Deluxe ခြင်ထောင် (၃၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀)နှင့်     အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head (၁)စီးနှင့်    နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၂၀၃၂၅၀၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၁ ရက်တွင် မန္တလေးတိုင်း ဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးနှင့် ကျွဲရေကုန်းရွာကြား၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ ဖြစ်သည့် တရုတ်နိုင်ငံထုတ် ပုစွန်လုံး ပင်လယ်စာ  ကီလိုဂရမ်(၁၀၀၀၀)နှင့် သက်တံလိပ်   ကီလိုဂရမ် (၅၅၀၀) အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Van (၁)စီးနှင့် Isuzu Forward Van Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ရွှေကျင်စစ်ဆေးရေး စခန်း၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၁၁၉၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၄၆၆၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး၊  စက်မှုဇုန်ထုတ် TT Truck (၁)စီးနှင့် Mitsubishi Fuso Truck  (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၅၄၆၆၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၂ ရက်တွင်   တနင်္သာရီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထက်ကျွန်း အနောက်ဘက်(၁.၅)မိုင်ခန့်အကွာ၌ စက်လှေ(၁) စင်းပေါ်မှ တရားမဝင် အခြားသစ်(၅ ဒသမ ၃၃၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၇၇၂၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် စက်လှေ(၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁၇၇၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန်လ ၂၈ ရက်၊ ၃၀ ရက်နှင့် ဇူလိုင်လ ၁ ရက်၊ ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၃၈၅၈၂၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Dates: 
Wednesday, July 3, 2024 - 10:09