အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်   ဒေသခံပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိ

အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်   ဒေသခံပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူ  များကရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၃)အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၂)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

 ဖြစ်စဉ်မှာ အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် လားရှိုးမြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာ မှ ရှော့တိုက်ဒုံးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါအကြမ်းဖက် သောင်းကျန်းသူ များ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒုံးသီးများသည် လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ(၃)၊ သာယာလမ်းပေါ်ရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် (၁၂)နှစ်နှင့် (၁၄)နှစ် အရွယ် ကလေး ၃ ဦးနှင့် ဒေသခံပြည်သူ အမျိုးသား ၁  ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးသေဆုံးခဲ့သည်။ အဆိုပါ သေဆုံးသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ် လိုက်သည့် ရှော့တိုက်ဒုံးသီး ၁ လုံးသည် လားရှိုးမြို့၊ ရပ်ကွက် ၁၀ ၊ နီလာလမ်းရှိ နေအိမ် ၁ လုံးပေါ်သို့ ကျရောက်ခဲ့ပြီး ဒုံးသီးမှာ ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ် ကင်းရှင်းစေရေး သွားရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။  

ယနေ့ညနေ  ၄ နာရီခွဲခန့်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများ  က ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်ခဲ့မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁)ရှိ ပန်အုပ်ဘုန်းကြီးကျောင်းဝန်းအတွင်း ရှော့တိုက်ဒုံးသီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ရာ  အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး  ရှော့တိုက်ဒုံးသီး ၁ လုံးသည် ရပ်ကွက်(၄)၊ နယ်မြေ(၃)ရှိ လူနေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသမီး  ၁ ဦး၊ ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက ဆေးဝါးကုသမှု များခံယူရန်အတွက် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများ၏ မြို့/ရွာများအတွင်းသို့ အသက်အန္တရာယ် ထိခိုက်သေကြေသည်အထိ စက်ဆုပ်ရွံရှာဖွယ် ပစ်ခတ် တိုက်ခိုက် ခဲ့မှုသည် စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ အကြမ်းဖက် သောင်းကျန်းသူများအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး(Counter – Terrorism Operation)ကို ပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 3, 2024 - 11:06