နှလုံးရောဂါဖြစ်ရခြင်း အကြောင်းရင်း

 

နှလုံးရောဂါဖြစ်ရခြင်း အကြောင်းရင်း

 

ယခုရက်ပိုင်းအတွင်းမှာပင် မိတ်ဆွေနှစ်ဦး နှလုံးရောဂါဖြင့် ညအိပ်နေရင်း သေဆုံးသွားကြသည်။တစ်ဦးမှာ တောင်တက် စက်ဘီးစီးသမားဖြစ်သဖြင့် ကျန်းမာရေး အလွန်ကောင်းသည်ဟု ထင်ရသူဖြစ်ပြီး ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသည် ဆိုသောအခါ လူတိုင်းမယုံကြည်နိုင် ဖြစ်ရသည်။ မနေ့ကမှ မိတ်ဆွေ အပေါင်းအသင်းများနှင့် ရယ်မောပျော်ရွှင်နေသေးသည်။ လေ့ကျင့်ခန်း မှန်မှန်လုပ်နေလျှင် နှလုံးရောဂါ မဖြစ်နိုင်ဟု ယူဆနေခြင်းမှာ မမှန်ကန်သလို ဖြစ်နေသည်။

တခြားတစ်ဦးမှာ    မိမိသွားနေကျဘုရားတစ်ဆူတွင် စားပွဲခုံတစ်ခု၊ ကြေးစည်တစ်လုံးဖြင့် အလှူခံဖြတ်ပိုင်းရေး ပေးသူ အသက် ၇၀ ကျော်အရွယ်ဖြစ်သည်။ သူသည် ဘုရားရိပ်၊ တရားရိပ်တွင် အေးချမ်းစွာနေပြီး ဝါတွင်းရော ဝါပပါ ဥပုသ်ရက်ရှည်စောင့်သူဖြစ်သည်။ သက်သတ်လွတ်  အမြဲစားသူဖြစ်သဖြင့်  နှလုံးအဆီတိုးပြီး သွေးကြောပိတ်စရာ အကြောင်းလည်း မရှိပေ။

သူ၏တစ်ခုတည်းသောပြစ်ချက်မှာ       အားလျှင် ဖက်ဆေးပေါ့လိပ်ကြီးကို  မီးညှိပြီးဖွာနေတတ်သည်။ ညနေစာ၊  ညစာမစား။  ဆေးလိပ်သာလျှင်  သူ၏အဖော်ဖြစ်သည်။

ဖြစ်ပုံက ထိုနေ့ညနေက မိုးသည်းထန်စွာရွာသဖြင့်    ဘုရားအပြင်ဘက်လမ်းမပေါ်တွင် ရေများ လျှံနေသည်။

သူက အိမ်မပြန်တော့ဘဲ ဘုရားတွင်ပင် အိပ်လိုက်သည်။ သူ၏အလှူခံစားပွဲအောက်ရှိ သမံတလင်းတွင်ပင် နှီးကြောဖျာကြမ်းတစ်ချပ်ခင်းပြီး ကတ်ထူစာအုပ်သုံးအုပ်ကို ခေါင်းအုံးပြီး အိပ်လိုက်သည်။ လူကြီးဖြစ်၍  ကောင်းစွာ အိပ်ပျော်ပုံမရ။  ဖက်ဆေးပေါ့လိပ်အကြီးတစ်လိပ် နီးပါးကုန်အောင် အိပ်ရင်းဖွာနေပုံရသည်။ နံနက်လင်းပိုင်းရောက်မှ အိပ်ပျော်သွားပုံရသည်။  သို့သော်  သူ၏အိပ်ပျော်ခြင်းမှာ  မနိုးသောအိပ်ခြင်းဖြစ်သည်။ နံနက်လင်း၍ ဘုရားလူကြီးတချို့ရောက်လာတော့ သူ့ကိုကောင်းစွာ အိပ်ပျော်နေသည်ထင်၍ မနှိုးကြ။ အရုဏ်ဆွမ်းကပ်သူများ ပြန်သွားကြပြီး နံနက် ၆ နာရီခွဲကျော်မှ သူ့ကို လှုပ်နှိုးကြရာ ခန္ဓာကိုယ်မှာ လှုပ်ရှားမှုမရှိတော့ဘဲ တောင့်နေလေပြီ။ ယနေ့မှစ၍   အလှူခံဖြတ်ပိုင်းရေးသည့်နေရာတွင် အလှူရှင်အတွက် သာဓုခေါ်ပြီး ကြေးစည်တီးပေးတတ်သည့် ထိုအဘကို မတွေ့ရတော့ပြီ။ သောက်၍မကုန်သေးသော  ဖက်ဆေးပေါ့လိပ်အတိုလေးမှာကား  ပြာခွက်အတွင်းတွင် ကျန်ခဲ့သည်။

နှလုံးရောဂါသည် အဆီအအိမ့်စားပြီး အငြိမ်းစားနေသူများ၏ ရောဂါဖြစ်သည်ဟု ဆိုသော်လည်း ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်းကိုလည်း မကြိုက်ပေ။

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု၊  မီးခိုး၊  ဓာတ်ဆီ၊ ဒီဇယ်ဆီလောင်ကျွမ်းပြီးထွက်လာသည့်   ကားအိတ်ဇောမှ အငွေ့များကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်သည်။ ဆေးလိပ်၊ ဆေးပေါ့လိပ် သောက်သူများလည်း   နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်သည်။ အထူးသဖြင့် အစာမရှိချိန်နှင့် ညအိပ်ရာဝင်ချိန်တွင် ဆေးလိပ်သောက်သူများသည် နှလုံးအမောဖောက်ရောဂါဖြင့်  သေဆုံးလေ့ရှိသည်ဟု ဆိုသည်။

ဆေးလိပ်အငွေ့ကို   တစ်ဆင့်ခံရှူရှိုက်မိသူများတွင်ပင် နှစ်ကြာလျှင် နှလုံးရောဂါရနိုင်သည်ဟုဆိုသည်။

ဈေးချိုတွင် ဆိုင်ထွက်သော မိတ်ဆွေတစ်ဦးမှာ ရင်ကျပ်နှင့်နှလုံးရောဂါ စတင်ဝင်ရောက်လာသဖြင့် အထူးကု ဆရာဝန်ကြီးနှင့်ပြပြီး ကုသမှုခံယူနေရသည်။

သူသည် အသက် ၅၀ ကျော်သာရှိသေးသည်။ သူ၏ပြစ်ချက်ကို လေ့လာဆန်းစစ်ကြည့်သောအခါ သူ၏ဆိုင်ခန်းမှာ ထောင့်ကျပြီး အလင်းရောင်အဝင်နည်းကာ  ခြင်ကိုက်သဖြင့်  ခြင်ဆေးခွေနှစ်ခွေကို  အမြဲထွန်းထားသည်။ ထိုခြင်ဆေးအငွေ့များကို တစ်နှစ်လုံး ရှုရှိုက်ပြီးနောက် သူ့တွင် ရင်ကျပ်အမောရောဂါရလာ

ခြင်းဖြစ်သည်။ ယခုအခါ သူသည် နှလုံးဆရာဝန်၏ အကြံပေးချက်အရ နံနက်တိုင်း ကျုံးနံဘေးတွင် လမ်းလျှောက်ပြီး  လေ့ကျင့်ခန်းပြုလုပ်နေသည်ကို  တွေ့ရသည်။ သူ၏ဖြစ်ရပ်ကိုကြည့်ပြီး ခြင်ဆေးခွေ ထွန်းသူများအား အသိပညာပေးရန် လိုအပ်ကြောင်း တွေ့ရပေသည်။

တစ်လောက  ပြည်ပမှဝင်လာသော  ခြင်ဆေးခွေတစ်မျိုးတွင် ပိုးသတ်ဆေးအဆိပ်များ လိုအပ်သည်ထက်ပို၍ ပါဝင်နေသဖြင့်   အငွေ့ရှူရှိုက်မိသူများအတွက်  အန္တရာယ်ရှိနိုင်ကြောင်း ကြေညာခဲ့သည်။ သို့သော် အရပ်ထဲရှိ အိမ်ဆိုင်များတွင် တိုးတိုးတိတ်တိတ် ဆက်လက်ရောင်းချနေဆဲဖြစ်ကြောင်း တွေ့ရသည်။ ဒီမှာရှိတဲ့ ခြင်ဆေးတွေက ရိုးသွားပြီ။ ခြင်တွေကမကြောက်တော့ဘူး။  ပြည်ပကလာတဲ့ခြင်ဆေးကမှခြင်သေတာ။ ဖြတ်ပြေးတာနဲ့ သေတာပဲ။ ဈေးကလည်း သက်သာတယ်။  ဝယ်သူတွေကလည်း  ဒါပဲမေးကြတယ်။ ဒါကြောင့် ရောင်းရတယ်ဟု ပြောသံကြားရသည်။   တတ်ကျွမ်းနားလည်သူ  ပညာရှင်များက ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် သတိပေးသည်ကို သတိမမူကြဘဲ ခြင်ပြေးသည့်အကျိုးကိုသာ ကြည့်၍ ဝယ်ယူကြသည်ကို တွေ့ရသည်။ လူထုကို အသိပညာပေးရသော အလုပ်သည်  လက်တွေ့အကျိုးနှင့် ယှဉ်လာလျှင် အလွန်ခက်ခဲမှုများ ရှိကြောင်း တွေ့ရသည်။  လူ့ခန္ဓာကိုယ်တွင်ရှိသော အင်္ဂါအစိတ်အပိုင်းများသည် အိပ်စက်ချိန်တွင်  အနားရကြသော်လည်း  လုံးဝအနားမရဘဲ သေသည်အထိ အလုပ်လုပ်သွားရသောအင်္ဂါမှာ နှလုံးကြွက်သားများပင် ဖြစ်သည်။ ကြွက်သားများဖြင့်ညှစ်ခြင်း၊ ကျုံ့ခြင်း၊ ပွခြင်းအလုပ်များကို  စက္ကန့်မလပ် လုပ်ဆောင်ရင်း   ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးများရောက်အောင်    ပို့ဆောင်ပေးနေသည်။

ခန္ဓာကိုယ်အစွန်အဖျားမှ ဟောင်းညစ်သွားသော သွေးများကို သွေးပြန်ကြော များမှတစ်ဆင့် ပြန်လည်သိမ်းဆည်းရသည်။ အမှတ်မထင်ပြုမူမိသော အမှားတစ်ခုကြောင့် နှလုံးရောဂါဖြစ်ပြီး မမျှော်လင့်ဘဲ နှလုံးတိုက်ခိုက်မှုခံရကာ   သေဆုံးနိုင်သည်ကို   သတိပြုကြရန်လိုသည်။ သင့်တင့်သော လေ့ကျင့်ခန်းမလုပ်ခြင်း၊

လေ့ကျင့်ခန်းလုပ်မှု လွန်ကဲခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဓာတုဗေဒပစ္စည်း အငွေ့အသက်များ ရှူရှိုက်မိခြင်းတို့ကို အထူးသတိပြုကြစေလိုသည်။

ဆေးလိပ်သောက်သူများသည်   အသက်   ၄၀ ကျော်လာလျှင်  နှလုံးအင်အား ကျဆင်းလာချိန်ဖြစ်သဖြင့် ဆေးလိပ်ဖြတ်သင့်သည်။ ဆေးလိပ်သောက်ခြင်းကြောင့်  နှလုံးသွေးကြောများ  ကျဉ်းရုံသာမကတစ်ကိုယ်လုံးရှိ သွေးကြောများပါ မာဆတ်တောင့်တင်းသွားသည်ဟုဆိုသည်။ အထူးသဖြင့် ခြေဖျားလက်ဖျားအစွန်အဖျားရှိ သွေးကြောလေးများ သွေးမရောက်ဖြစ်ကာ ဖြတ်ပစ်ရသူများပင်ရှိသည်။ Heart Attack (နှလုံးတိုက်ခိုက်မှု) ခံရသူအတော်များများမှာ ငယ်စဉ်ကပင် ဆေးလိပ်သောက်ခဲ့သူများ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။    ဆေးလိပ်ဖြတ်ခြင်းသည် နောက်ကျသည်ဟူ၍မရှိပေ။ ဆေးလိပ်မသောက်ဘဲ ဖြတ်ထားပြီး လေးနာရီကြာလျှင်ပင် သွေးကြောများ ပြန်လည်ပျော့ပျောင်းလာသည်ဟုဆိုသည်။ ဆေးလိပ်ဖြတ်ပြီး တစ်နှစ်ခန့် ကြာသောအခါ နှလုံးသွေးကြောမကြီးများပင် ပြန်လည်ပျော့ပျောင်း၍ အင်အားကောင်းလာသည်ဟု ဆိုသည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း၊ ရုတ်တရက် သေဆုံးခြင်း၊ အိပ်ပျော်နေရင်း သေဆုံးခြင်း စသောနှလုံးရပ်၍ သေဆုံးရခြင်းဘေးအန္တရာယ်မှ လွတ်ကင်းနိုင်ပေသည်။

နှလုံးရောဂါ ဘာကြောင့်ဖြစ်သနည်းဟု မေးလျှင် ဆေးပညာရှုထောင့်မှ အကြောင်းများစွာရှိသည်။ နှလုံးကြွက်သားများ၊ သွေးလှည့်အဖွဲ့၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ နှလုံးအခင်များ မာတောင့်ခြင်း၊ နှလုံးဦးခန်းမပိတ်သည့်ရောဂါ၊ နှလုံးခုန်ကြိမ် မမှန်ကန်ခြင်း၊ ခုန်သောအလုပ်ကို  စည်းဝါးညီအောင်မလုပ်ခြင်း၊  လေးဖက်နာပိုးကြောင့် နှလုံးရှိ အခင်များပျက်စီးခြင်း၊ နှလုံးရောင်ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးပွခြင်း စသည့်ရောဂါများစွာရှိသည်။

နှလုံးရောဂါမဖြစ်စေရန် ဆင်ခြင်သင့်သည်များမှာ-

(၁)     ဆေးလိပ်မသောက်ပါနှင့်။ သောက်သုံးနေသူများ၏ အငွေ့ကိုပင် ရှောင်ပါ။

(၂)     အလွန်ပင်ပန်းသောလေ့ကျင့်ခန်းများ မလုပ်သင့်ပါ။

(၃)     အချိုနှင့်အဆီအအိမ့် လွန်ကဲစွာမစားပါနှင့်။

(၄)     စိတ်ပင်ပန်းမှုနှင့် အိပ်ရေးပျက်သောအလုပ်များကို ရှောင်ရှားပါ။

(၅)    သန့်ရှင်းမှုမရှိ၊ လေကောင်းလေသန့်မရသော   နေရာများ၌ နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်းမှ           တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

ကံ၊  စိတ်၊  ဥတု၊  အာဟာရကြောင့်  အကြောင်းများစွာရှိသည်မှာ မှန်သော်လည်း မိမိနှင့်အနီးစပ်ဆုံးအနေအထိုင်၊ အစားအသောက် ဆင်ခြင်စရာတချို့ကို ဆင်ခြင်နေထိုင်လျှင် မဖြစ်သင့်သော နှလုံးရောဂါကို မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ရာ ရောက်ပေသည်။   ခက်ခက်ခဲခဲမဟုတ်ဘဲ   လွယ်ကူစွာ သတိပြုဆင်ခြင်နိုင်မည့် အကြောင်းအရာများကို    ဆင်ခြင်စားသောက် နေထိုင်ပြုမူသဖြင့် နှလုံးရောဂါဒဏ်ခံစားရခြင်း၊  ရုတ်တရက်  နှလုံးတိုက်ခိုက်ခံရခြင်း၊  နှလုံးတိုက်ခိုက်ခံရခြင်းဖြင့် အသက်ဆုံးရှုံးရခြင်းများ မဖြစ်ရလေအောင် ဆင်ခြင် နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပေသည်။

ကြည်လွင်မြင့်(မုဒြာ)