မြစ်ကြီးနားမြို့၌ မြစ်ရေပြန်လည်ကျဆင်းသွားပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ ဗန်းမော်မြိုနယ်၊ ရွှေကူမြို့နယ်နှင့် ခန္တီးမြို့တို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ထောက

 

မြစ်ကြီးနားမြို့၌ မြစ်ရေပြန်လည်ကျဆင်းသွားပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ ဗန်းမော်မြိုနယ်၊ ရွှေကူမြို့နယ်နှင့် ခန္တီးမြို့တို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၃ ရက်

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့  ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ယနေ့မွန်းတည့် ၁၂ နာရီတွင် စိုးရိမ်ရေအမှတ် ၁၃၆၈ စင်တီမီတာမှ ၉၉၂ စင်တီ မီတာသို့  မြစ်ရေပြန်လည်ကျဆင်းခဲ့သဖြင့် မြို့တွင်းလမ်းများပေါ်၌ အမှိုက်များ၊ ဒိုက်များ၊ နှုံးများ တင်ကျန်လျက်ရှိရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများက ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာ များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊  တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌လည်း ဇူလိုင် ၂ ရက်မှစ၍ မြစ်ရေဝင်ရောက်ခဲ့ရာ ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်သည် ၁၁၅၀ စင်တီမီတာဖြစ်ပြီး ယနေ့မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်အရ  ၁၂၃၇ စင်တီမီတာအထိ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်ထက် ၈၇ စင်တီမီတာကို ကျော်လွန်ခဲ့ကာ မြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စုဝင် ၄၃၉၉ စုခန့်၊ လူဦးရေ ၂၂၃၆၁ ဦးခန့်တို့ကိုလည်းကောင်း၊ ရွှေကူမြို့နယ်၌လည်း ဇူလိုင် ၂ ရက်မှစ၍မြစ်ရေများဝင်ရောက်ခဲ့ကာ ရွှေကူမြို့၏ စိုးရိမ်ရေအမှတ်သည် ၉၃၀ စင်တီ မီတာဖြစ်ပြီး ယနေ့မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်အရ ၁၀၀၂ စင်တီမီတာအထိ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်ထက် ၇၂ စင်တီမီတာကို ကျော်လွန်ခဲ့ကာ မြစ်ရေ ဝင်ရောက်လျက်ရှိသော အိမ်ထောင်စုဝင် ၁၁၀ စုခန့်၊ လူဦးရေ ၄၉၂ ဦးခန့်တို့ကို လည်းကောင်း နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌လည်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့တွင် ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လာသဖြင့် စိုးရိမ်ရေ အမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီးမြို့နယ်အတွင်းရှိ မြို့မ ရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ အောင်သာယာကျေးရွာနှင့် ဆင်သေ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦးတို့ကို မြသိန်းတန် ဘုရားကုန်း၊ တပ်ဦးနန္ဒဝန်ဘုန်းတော်ကြီးကျောင်း၊ ထေဒဝါဒဗုဒ္ဓသာသနာပြုကျောင်း နှင့် အခြေခံပညာမူလတန်းကျောင်း(ဇီးဖြူးကုန်း)တို့၌ ရေဘေးကယ်ဆယ်ရေးစခန်း များ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာ နေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 3, 2024 - 16:38