လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၁၅ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇွန်လ ၁၂ ရက်က ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကျင်းပရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် “နိုင်ငံတော် စီမံအုပ်ချုပ် ရေး ကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း တိုးတက်လာရေးအတွက် အားသွန်ခွန် စိုက်ဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကျောင်းနေ အရွယ်ကလေးများ အားလုံး ကျောင်းတက်ရေးနှင့် KG+9 ပြီးမြောက်ရေး ဆောင်ရွက်ခြင်း၊ အခြေခံပညာနှင့်စက်မှု၊ လက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ Naypyitaw State Academy ဖွင့်လှစ် ပေးခြင်း၊ အုပ်ချုပ်မှုစရိတ်နှင့် ထောက်ပံ့ငွေများချီးမြှင့်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ် စေခြင်း၊ စာတတ်မြောက်သူများ တိုးပွားလာစေရေးဆောင်ရွက်ခြင်း၊ စာဖတ်သော အလေ့အထ တိုးပွား လာအောင် ဆောင်ရွက်ပေးနေခြင်းတို့သည် ထင်ရှားသည့် သာဓကများဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူရပ်တည်နိုင်ရေး၊ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဖြစ်စေရန်မှာ ပညာရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပေရာ ဖွံ့ဖြိုးပြီးနိုင်ငံသို့ ရောက်ရှိစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များ ချမှတ် ဆောင်ရွက် လျက်ရှိသည်။ လူမှုရေးဟုဆိုရာတွင် ကျောင်းသား၊ ကျောင်းသူတို့၏ ပညာရေးကဏ္ဍလည်း ပါဝင်သည်။ နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ပညာရေး၊ ကျန်းမာရေး စသည့် လူမှုရေးကဏ္ဍနယ်ပယ်အသီးသီးတွင် မူလအခြေအနေကထက်ပင်ပိုမို၍  အဆင့်အတန်း မြင့်မား တိုးတက်လာစေရေး  ဆောင်ရွက်ရမည်” ဟုလမ်းညွှန်မှာကြားထားသည်။ ထိုသို့လမ်းညွှန် မှာကြား ချက်နှင့်အညီ သက်ဆိုင်ရာကဏ္ဍအလိုက် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကိုချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ လူမှုရေးဦးတည်ချက်တွင် “တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန် နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသော ဦးတည် ချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၃)ကို “အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး” ဆိုသည့်ဦးတည်ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။ ယခုနှစ်တွင်ကျင်းပမည့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင် ပေး” ဆိုသည့် ဦးတည်ချက်ဖြင့် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ တိုင်းချစ် ပြည်ချစ်စိတ် ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ အရည်အသွေးပြည့်ဝသော ပညာတတ်များ မွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကိုအားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်း လာစေရန်ဆို သည့် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ကျင်းပမည် ဖြစ်သည်။

ယခုနှစ်ပညာရေးညီလာခံတွင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ဆွေးနွေးခြင်း၊ Parallel Session များအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေး ပညာ၊ ဆရာအတတ်ပညာ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုကဏ္ဍတို့အပြင် အရည်အသွေး အာမခံမှု ဆိုသည့် ကဏ္ဍသစ်တစ်ခုကို ထပ်တိုးထားသည်။ စုစုပေါင်းကဏ္ဍခြောက်ခုရှိရာ ကဏ္ဍတစ်ခုချင်းစီ အလိုက် စာတမ်းခြောက်ခုစီကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်ပညာရေး ညီလာခံ တွင် ကဏ္ဍငါးခုအတွက် စာတမ်း ၄၂ စောင်ဖတ်ကြားခဲ့ပြီး ယခုနှစ်တွင် ကဏ္ဍခြောက်ခုအတွက် စာတမ်း ၃၆ စောင်ဖတ်ကြားကြမည်ဖြစ်သည်။

နိုင်ငံတော်၏ တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များ၏ ပညာရေးသည် ကောင်းမွန် အောင်မြင်သည့် ပညာရေးဖြစ်ရပေမည်။ ထိုသို့အောင်မြင်ကောင်းမွန်စေရန်အတွက်  ပညာရေးညီလာခံ များကို ကျင်းပဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံတော်အဆင့် ကျင်းပမည့် ညီလာခံကြီးဖြစ်သည်နှင့် အညီအောင်မြင်အောင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန်ဖြစ်သည်။ အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာရေးရလဒ်များနှင့် ကောင်းမွန်သည့် ပညာရေးအခြေအနေများ ရရှိစေရန် ဦးတည်၍ ဝိုင်းဝန်းဆွေးနွေးကြရမည်ဖြစ်သည်။ သို့မှသာ ကောင်းမွန်သည့်အဖြေများ၊ အချက်အလက် များ၊ ရလဒ်များထွက်ပေါ်လာစေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ပညာရေးကို ပိုမိုမြှင့်တင်ပေးကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

Dates: 
Thursday, July 4, 2024 - 05:07