စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှုရှိပါစေ
လူတိုင်းသည် မိမိဘဝကိုအောင်မြင်သော ဘဝအဖြစ်တည်ဆောက်လိုကြသည်။ သို့သော် လူတိုင်း အောင်မြင်သော ဘဝကို တည်ဆောက်နိုင်သည်တော့မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှု မရှိကြသောကြောင့်ဖြစ်သည်။ လောကတွင် အောင်မြင်သောဘဝကို တည်ဆောက်နိုင်သူများသည် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်စွာ တစိုက်မတ်မတ် ကြိုးစားခဲ့သူများဖြစ်သည်။ လူငယ်တို့သည် လူကြီးများအဖြစ်နှင့် လူ့ဘောင်လောကကို ဦးဆောင်ကြရမည့်သူများဖြစ်ရာ စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်သူများ ဖြစ်အောင် လေ့ကျင့်မွေးမြူကြရပေမည်။ လူတိုင်းသည် မွေးကတည်းက စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်သူအဖြစ် မွေးဖွားလာသည် မဟုတ်ပေ။ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှုသည် မွေးရာပါ အရည်အချင်းတစ်ခုမဟုတ်။ မွေးစကလေးငယ်တစ်ဦးသည် မိဘအပေါ် အစစအရာရာ အားကိုးနေလိမ့်မည်ဖြစ်သည်။ မိဘကလည်း ကလေး၏လိုအပ်ချက်နှင့် တောင်းဆိုချက်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေမည် ဖြစ်သည်။
သို့သော် ထိုကလေးစတင်ကြီးပြင်းလာပြီး သုံးလေးနှစ်အရွယ်တွင်မူ ကလေးတောင်းဆိုသမျှ မလိုက်လျော တော့ချေ။ အချို့ကိစ္စတို့ကို ကလေးကိုယ်တိုင်ပြုလုပ်စေလာသည်။ ဥပမာအားဖြင့် ကိုယ်တိုင်လမ်းလျှောက်ခြင်း၊ ကိုယ်တိုင်ယူငင်စားသောက်ခြင်းမျိုးဖြစ်သည်။
၎င်းင်းသည် ကလေးအနေဖြင့် မိမိကိုယ်တိုင်ကြိုးစားလုပ်ကိုင်လိုစိတ်ဖြစ်တည်၍ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု ရှိလာစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်သည်။
လူငယ်တစ်ယောက်အရွယ် ရောက်လာချိန်တွင် မိမိကိုယ်ကိုထိန်းချုပ်နိုင်သည့် စိတ်ဓာတ်ရင့်ကျက်မှု မရှိမဖြစ် လိုအပ်သည်။ အရွယ်ရောက်လာသောလူငယ်သည် ကလေးဆန်သော အပြုအမူများကို မိမိနှင့်မလိုက်ဖက် တော့ကြောင်း သိလာရမည်ဖြစ်သည်။ အလုပ်တစ်ခု အကြောင်းအရာတစ်ခုကို အရွယ်နှင့်လျော်ညီစွာ ကြိုတင်စဉ်းစားတတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်အားကိုးခြင်း၊ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းရှိခြင်း၊ မလိုလားအပ် သောအပြုအမူတို့ကို ထိန်းချုပ်နိုင်ခြင်း၊ ဘက်မလိုက်ခြင်း စသည့် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု သဘောလက္ခဏာများနှင့် ပြည့်စုံသူဖြစ်အောင် ကြိုးစားရပေမည်။
တစ်ကိုယ်ကောင်းဆန်ခြင်း၊ အခြေအနေနှင့်လိုက်လျောညီထွေ မစဉ်းစားတတ်ခြင်း၊ မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်း၊ တာဝန်မသိတတ်ခြင်း၊ သူတစ်ပါးအပေါ် မှီခိုလွန်းခြင်းတို့သည် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှုမရှိသူတို့၏ လက္ခဏာများပင်ဖြစ်သည်။
စိတ်ဓာတ်ရင့်ကျက်သော လူငယ်တစ်ဦးသည် ဘဝဆန်သော၊ စစ်မှန်သော ခံယူချက်ကောင်းရှိရမည်။
ယင်းခံယူချက်တို့မှာ အချိန်ကိုစနစ်တကျ နားလည်အသုံးချတတ်ခြင်း၊ အကြောင်းအကျိုးဆက်နွှယ်မှုတို့ကို သိနားလည်ခြင်း၊ စစ်မှန်သော ဘဝပန်းတိုင်ရှိခြင်း၊ စိတ်ကူးဆန္ဒရှိရုံနှင့်မပြီးဘဲ လက်တွေ့လုပ်ဆောင်မှ အကောင်အထည်ပေါ်ကြောင်း သဘောပေါက်ခြင်း၊ ဘဝအတွက်ဆီလျော်သော ရွေးချယ်မှုတို့ကို ပြုလုပ်နိုင်စွမ်းရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်းတို့ဖြစ်ပေသည်။ ငယ်ရွယ်သူကလေးဘဝတွင် စက္ကန့်၊ မိနစ်၊ နာရီတို့၏ အရေးပါမှုကို သေသေချာချာ နားမလည်ကြပေ။
သူတို့အတွက်အချိန်သည် မကုန်နိုင်မခန်းနိုင်သော အချိန်မရွေး ယူငင်သုံးစွဲနိုင်သောအရာဟု ထင်မှတ် ထားတတ်ကြသည်။ အချို့မှာ အရွယ်ရောက်လာသည့်တိုင် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု မရှိကြသေးပေ။
စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှုမရှိသူသည် အချိန်ကို စနစ်တကျစီမံခန့်ခွဲ၍မသုံးစွဲတတ်ဘဲ အမှုမဲ့အမှတ်မဲ့ နေထိုင်ကြသဖြင့် ဘဝအတွက်ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ကြရသည်။ အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဟူသော စကားပုံအတိုင်း အချိန်သည် အစဉ်အမြဲရွေ့လျားပြောင်းလဲနေသည်ကို သတိမူရမည် ဖြစ်သည်။ အခြေအနေအရပ်ရပ်သည် အချိန်နှင့်အမျှ ပြောင်းလဲနေတတ်ပြီး မိမိမမျှော်လင့်သည့် အနှောင့်အယှက်၊ အတားအဆီး၊ အခက်အခဲများ ပေါ်ပေါက်လာတတ်သဖြင့် အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်ကြမှသာ တော်ကာကျပေလိမ့်မည်။
မနက်ဖြန်အလုပ် ယနေ့လုပ်၊ ယနေ့အလုပ်ယခုလုပ် ဟူသော လမ်းညွှန်ချက်များသည် အချိန်ကို အဖိုးတန်စွာ အသုံးချရန်ညွှန်ပြခြင်းဖြစ်သည်။
လူငယ်တို့သည် အသက်အရွယ်အလိုက် မိမိပတ်ဝန်းကျင်ဖြစ်ပျက်သမျှကို ကြောင်းကျိုးဆက်နွှယ်၍ တွေးခေါ်လုပ်ကိုင် တတ်ရန်လိုသည်။ ကျောင်းသားလူငယ်ဘဝတွင် ကလေးဘဝထက်ပိုမိုသော ဘဝအတွေ့အကြုံများ တစ်စထက်တစ်စရရှိလာပြီး အတွေ့အကြုံနှင့်အညီ အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်တတ်ရမည်။ သာဓကအားဖြင့် စာမကျက်လျှင် စာမေးပွဲကျမည်ကိုလည်းကောင်း၊ ဆရာစာသင်နေချိန် သူငယ်ချင်းများနှင့်စကားများနေလျှင် ဆရာ၏ ဆူပူဆုံးမမှုကို ခံရမည်ကိုလည်းကောင်း သိနားလည်ရမည်။ လူကြီးမိဘ၊ ဆရာသမားများကလိုအပ်၍ စည်းကမ်းသတ်မှတ်ထိန်းချုပ်မှုကို ချုပ်ချယ်သည်ဟုထင်ခြင်း၊ လူကြီးမိဘ၊ ဆရာသမားတို့နှင့်ဆန့်ကျင်၍ မလိုအပ်ဘဲစွန့်စားမှုလုပ်ခြင်းတို့သည် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှုမရှိသူတို့၏ အပြုအမူဖြစ်ပေသည်။
မိမိဘဝကို ရှင်သန်တိုးတက်အောင်ကြိုးစားရာ၌ ဘဝပန်းတိုင်ထားရှိ၍ ပန်းတိုင်ရောက်အောင် လုံ့လစိုက် ထုတ်ကြရမည်။ သို့သော် မိမိထားရှိသော ဘဝပန်းတိုင်သည် စစ်မှန်သော ဘဝပန်းတိုင်ဖြစ်ရန်လိုသည်။ ကလေးဘဝက မိမိစိတ်ကူးထဲရှိသည့်အတိုင်း သူဌေးဖြစ်လိုက်၊ ဆရာဝန်ကြီးဖြစ်လိုက်နှင့် စိတ်ကူး ရည်မှန်းချက်သည် စစ်မှန်သော ဘဝပန်းတိုင်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အတန်းကြီးမြင့်လာပြီး မိမိ၏အရည်အချင်းနှင့် ကြိုးစားနိုင်မည့် ဉာဏ်ရည်အခြေအနေကို ကိုယ်တိုင်သိမြင်လာသောအခါ အမှန်တကယ် ကြိုးစားနိုင်သည်။ ဘဝပန်းတိုင်သည် တစ်မျိုးပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် စစ်မှန်သော ဘဝပန်းတိုင်ထားရှိကြိုးစားနိုင်သူသာ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်စွာ ဘဝကိုတည်ဆောက်နိုင်မည်။
စိတ်ဓာတ်ရင့်ကျက်သူတစ်ဦး၏စိတ်ဝယ် မိမိစိတ်ကူးဆန္ဒရည်မှန်းချက်တစ်ခုကို ဆန္ဒရှိရုံနှင့်မပြီးမြောက်မှန်း သိမြင်နိုင်ရမည်။ မိမိ၏ကြိုးစားအားထုတ်မှုမပါဘဲ တစ်နေ့နေ့ တစ်ချိန်ချိန် ဖြစ်လာနိုင်လိမ့်မည်ဟူသော မရေရာမပြတ်သားသည့် မျှော်လင့်နေမှုသည် အချည်းနှီးသာဖြစ်သည်။ မိမိ၏စိတ်ကူးဆန္ဒကို လက်တွေ့ကျကျနှင့် လုံလောက်သော ကြိုးစားအားထုတ်မှုရှိမှသာ အောင်မြင်မှုရမည်ဖြစ်ကြောင်း သဘောပေါက်ရမည်။ သာဓကအားဖြင့် ရေကူးကျွမ်းကျင်သူကိုကြည့်၍ ရေကူးကျွမ်းကျင် လိုသောဆန္ဒရှိနေရုံနှင့် ရေကူးကျွမ်းကျင်သူဖြစ်လာမည်မဟုတ်ပေ။
မိမိကိုယ်တိုင် ရေကူးကျွမ်းကျင်အောင် ကိုယ်ထိလက်ရောက်ကြိုးစားသင်ယူလေ့ကျင့်မှသာ မိမိစိတ်ဆန္ဒအတိုင်း ဖြစ်မြောက်အောင်မြင်လာမည်ဖြစ်သည်။
လောကတွင် လူတိုင်းအဆိုးများ၊ ဆင်းရဲဒုက္ခများကို ကြောက်ရွံ့ကြသည်။ သို့သော် ၎င်းတို့ကို မရင်ဆိုင်ဘဲ ကွေ့ပတ်ရှောင်နေလျှင်ရမည်မဟုတ်။ လောကတွင် လူတိုင်းကြုံတွေ့ရမည့် လောကဓံတရားရှစ်ပါးတွင် အကောင်းလေးပါး၊ အဆိုးလေးပါးရှိလေရာ အကောင်းကိုချည်း တွေ့ကြုံချင်နေ၍မရ။ အဆိုးကိုလည်း တွေ့ကြုံရင်ဆိုင်ရပေမည်။ ထို့ကြောင့် အကောင်းများကို တွေ့ကြုံနေရချိန်၌သာ ဝမ်းသာရွှင်မြူးနေတတ်ပြီး အဆိုးကို ရင်ဆိုင်ရန် တွန့်ဆုတ်နေခြင်းမျိုး မဖြစ်ဘဲ ရဲရဲရင့်ရင့်ရင်ဆိုင်ကျော်လွှားနိုင်သူသာလျှင် အောင်မြင်မှုရသူဖြစ်လာသည်။
မွေးကင်းစကလေးငယ်သည် မိမိစိတ်ကိုထိန်းချုပ်နိုင်စွမ်း မရှိသေးသဖြင့် မိမိလိုအင်မှန်သမျှကို ငိုခြင်းဖြင့်မိဘအပေါ် မှီခိုတောင်းဆိုသည်မှာ ဆီလျော်သော်လည်း အရွယ်ရောက်လာသော လူငယ်တစ်ဦးသည် ကလေးငယ်ကဲ့သို့ အရာရာသူတစ်ပါးအပေါ် မှီခိုအားကိုးလိုခြင်းမှာ စိတ်ဓာတ်ရင့်ကျက်မှု မရှိခြင်းကို ပြသခြင်းပင်ဖြစ်သည်။ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု ရှိသောလူငယ်သည် တတ်နိုင်သမျှသူတစ်ပါးအပေါ် အားမကိုးလိုဘဲ ကိုယ်စွမ်းကိုယ်စနှင့် ကြိုးစားသည့်အပြင် မိမိစိတ်ကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိသည်။ မစဉ်းစားမဆင်ခြင်ဘဲ စိတ်လိုက်မာန်ပါပြုမူခြင်းသည် ပြုသူအတွက်ရော ခံရသူအတွက်ပါ မကောင်းပေ။ စိတ်ဓာတ်ရင့်ကျက်သူတို့ကား တစ်စုံတစ်ခုမလုပ်မီ ခေတ္တဆိုင်းငံ့စဉ်းစားပြီးမှ နှိုင်းနှိုင်းချိန်ချိန် လုပ်ကိုင်တတ်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မိုက်ရူးရဲဆန်ခြင်းတို့သည် စိတ်ဓာတ်ရင့်ကျက်သူတို့၏ အပြုအမူမဟုတ်ပေ။ စိတ်ဓာတ်မရင့်ကျက်သူကား တာဝန်ကိုလည်းမသိ၊ တာဝန်ကိုလည်းမယူတတ်ဘဲ တာဝန်မဲ့သူအဖြစ်သာ နေထိုင်တတ်လေသည်။ ထိုသူမျိုးကား မည်သူမျှ အားမကိုးထိုက် မယုံကြည်ထိုက်သူ ဖြစ်သည်။
လူငယ်တို့သည် ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသကဲ့သို့ နောင်တစ်ချိန်တွင် လူ့ဘောင်လောကကို ဦးစီးခေါင်းဆောင်ပြုရမည့်သူများဖြစ်သည်။ လူငယ်တို့သည် ကိုယ့်အားကိုယ်ကိုးခြင်း၊ အချိန်ကို စနစ်တကျ အသုံးချတတ်ခြင်း၊ မှန်ကန်သော ဘဝရည်မှန်းချက်ထားရှိ လုပ်ကိုင်တတ်ခြင်း၊ အတ္တဆန်လွန်းသော စိတ်ဓာတ်မရှိဘဲ စာနာနားလည်တတ်ခြင်း၊ ကြောင်းကျိုး ရှေ့နောက်စဉ်းစားချင့်ချိန်နိုင်ခြင်း လောကဓံကို ရင်ဆိုင်တတ်ခြင်း၊ သည်းခံစိတ်ရှိပြီး ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားတတ်ခြင်း စသည့် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်သူတို့၏ လူစွမ်းလူစများ ကုံလုံပြည့်ဝအောင်ကြိုးစား၍ ဘဝအောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်း နိုင်သူများအဖြစ် သက်သေပြကြရမည် ဖြစ်သည်။ ။