သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ကာကွယ်

 

သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ကာကွယ်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄ ရက်)

    တပ်မတော်သည်နိုင်ငံတော်နှင့် ပြည်သူများအတွက် အမြဲအသင့်ရှိနေသည်။ ပြည်သူလူထုနှင့် ပတ်သက်လာလျှင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ၊ ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ ဆိုသည့်ကျင့်ဝတ်များနှင့်အညီ ပြုမူဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုဘဝ တည်ငြိမ်အေးချမ်းစွာနေနိုင်ရေး အတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို စဉ်ဆက်မပြတ် ထမ်းဆောင်နေသကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လျက်ရှိပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

အလားတူစစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် မြစ်ရေဝင်ရောက်ခဲ့သည်။ မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက် ရှိသည့် မြစ်ကြီးနားမြို့နှင့်ခန္တီးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သားများနှင့်အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက   ရေဘေးကင်းလွတ်ရာ နေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သောက်ရေသန့်များ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြသည်။

သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းကို ကြိုတင်သိရှိနိုင်ရန်မှာ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို နားထောင်ခြင်းပင်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ထုတ်လွှင့်ပေးနေသည့် မြစ်ရေဆိုင်ရာ သတင်းထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် သိရှိနေရန် လိုသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန(EOC) ကလည်း  နိုင်ငံတကာ ဝက်ဘ်ဆိုက်များကို  စောင့်ကြည့်လေ့လာ၍  မိုးရွာသွန်းမှု အခြေအနေများ၊ မြစ်ရေအခြေအနေများကို ပြည်သူများအား အသိပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့် နိုင်ငံပိုင်မီဒီယာကြီးများနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် စဉ်ဆက်မပြတ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာမည့်ဒုက္ခများမှ ရှောင်လွှဲနိုင်ကြမည် ဖြစ်သည်။

ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ နေရာသည် မိုးအများအပြားရွာသွန်းမှု ဖြစ်ပေါ်ပါကမြေပြိုခြင်း၊ တောင်ပြိုခြင်းအန္တရာယ်၊ တောင်ကျချောင်းရေ ကျဆင်းတိုက်စားမည့် အန္တရာယ်၊ မြစ်ရေဝင်ရောက်မည့် အန္တရာယ်တို့ဖြစ်ပေါ်နိုင်ခြင်းရှိ၊ မရှိတို့ကို ကြိုတင်ခန့်မှန်း သိရှိထားရပေမည်။ ပထဝီအနေအထားအရ  ထိုသို့ဖြစ်ပေါ်နိုင်သည့်နေရာများတွင် ရှိနေပါက ကြိုတင်မှန်းဆကာ အန္တရာယ်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများကို ကြိုတင်ဆောင်ရွက် ထားကြရမည်ဖြစ်သည်။ တစ်စုံတစ်ရာ အရေးပေါ်ကြုံလာလျှင် မိမိတို့အတွက်လုံခြုံစိတ်ချရမည့် နေရာများကိုလည်း ကြိုတင်တွက်ဆထားရမည်။ ကုန်းမြင့်ဒေသတွင် တည်ရှိသည့် ဘုရားပုထိုးစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများမှာ သဘာဝဘေးအန္တရာယ်အတွက် ဘေးကင်းနိုင်သည့် နေရာများဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင်  မိုးသည်းထန်စွာ ရွာသွန်းခြင်း၊  တောင်ကျရေများ ကျဆင်းခြင်းနှင့် မြစ်ရေကြီးခြင်းတို့မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ချင်းတွင်းနှင့် ဧရာဝတီမြစ်ဝှမ်းဒေသများဖြစ်သည့် စစ်ကိုင်း၊မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဆက်လက်ဖြစ်ပွားလာနိုင်သည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအောက်ပိုင်းသို့ ဆက်လက်ဖြစ်ပွားလာနိုင်သည်။ ဧရာဝတီမြစ်သည် မြောက်ဘက်မှတောင်ဘက်သို့ စီးဆင်းပြီး  မြစ်ဝကျွန်းပေါ်ဒေသများမှ တစ်ဆင့်ပင်လယ်သမုဒ္ဒရာအတွင်း စီးဆင်းခြင်းဖြစ်သည်။ မြစ်ကမ်းအနီးအနားတွင် နေထိုင်ကြသူများ၊ မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးနေသည့် မိုးလေဝသနှင့် ဇလဗေဒ သတင်းထုတ်ပြန်ချက်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်သတိပေး နေမှုများကို အထူးဂရုပြုလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ကြိုတင်ကာကွယ်မှု ပြုကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌  နှစ်စဉ်ဇူလိုင်လ၊ သြဂုတ်လတို့တွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှု အခြေအနေများအရ   ပုံမှန်ရေကြီးရေလျှံမှုများအပြင်   အချိန်တိုအတွင်း မိုးရေချိန် များပြားစွာ ရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းတို့ကိုလည်း  ကြုံတွေ့နိုင်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ရေဘေးဖြစ်ပွားမှု အကြိမ်ရေ ၁၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံပေါင်း ၂၇၉ လုံး  ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့်တိရစ္ဆာန်သေဆုံး၊ ထိခိုက်/ဒဏ်ရာ ရမှုများပြားလှသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်။

ပြည်သူများအနေဖြင့် ရေကြီးခြင်း သတိပေးချက်ရလျှင် အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိပါ။ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ  စသည်တို့အားရေးသားပြီး  မိသားစုဝင်တိုင်း ယူဆောင်ထားပါ။ အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှားပါ။ အသက်ဉာဏ်စောင့်ဟူသော စကားအတိုင်း   ကိုယ့်အသက်ကို ဉာဏ်ပညာဖြင့်     ဆင်ခြင်သုံးသပ် နေထိုင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

Dates: 
Thursday, July 4, 2024 - 11:50