ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
ကင်းတားဘက်စုံရေလှောင်တမံ စီမံကိန်း ဤကာလအတွင်း ကင်းတားဘက်စုံရေလှောင်တမံ စီမံကိန်းကိုလည်းဆောင်ရွက်ခဲ့သည်။ ကင်းတားဘက်စုံရေလှောင်တမံ စီမံကိန်းသည် ကျောက်ဆည်မြို့နယ်အတွင်း ရှိသည်ဟုဆိုသော်လည်း ရန်ကုန်-မန္တလေး ကားလမ်း ကူမဲမြို့မှအရှေ့စူးစူးမိုင် ၂၀ ခန့်တွင်ရှိသည်။ ပန်းလောင်မြစ်ကိုပိတ်၍ တမံတည်ဆောက်ထားခြင်းဖြစ်သည်။ ပန်းလောင်မြစ်သည် ရှမ်းပြည်နယ် ရွာငံမြို့ဝန်းကျင်မှ မြစ်ဖျားခံစီးဆင်း လာသည့်မြစ်ဖြစ် သည်။
ဤစီမံကိန်းသည် ဘက်စုံအကျိုးရှိစေခဲ့သည့် စီမံကိန်း တစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်း မြစ်သား၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ တံတားဦး အစရှိသောမြို့နယ်များ အတွက် လယ်ယာမြေဧက ၂၀၁၅၀၀ (၈၁၅၀၀ ဟက်တာ) ခန့်ကို နွေ၊ မိုး၊ ဆောင်းသီးနှံစုံ နှစ်ပတ်လည်စိုက်ပျိုးနိုင်ရန် ရေပေးဝေနိုင်ခဲ့သည်။
မူလရှိပြီး လယ်ယာများကို စနစ်တကျပြုပြင်ခြင်း ဧက ၃၅၆၀၀ နှင့် နောက်ထပ်တိုးချဲ့လယ်ယာမြေ ဖော်ထုတ်ပေးခြင်း ဧက ၄၅၉၀၀ ကိုပါ ဆောင်ရွက်ခဲ့ပြီး တစ်ပြိုင်နက်ရေပေးဝေရန် စီစဉ်ခဲ့သည်။
မြန်မာနိုင်ငံ၏ နေ့စဉ်ဓာတ်အားအမြင့်ဆုံး လိုအပ်သော အချိန်များတွင် တပ်ဆင်အင်အား ၅၆ မဂ္ဂါဝပ် (၂၈_၂ မဂ္ဂါဝပ်) ဖြင့် ဓာတ်အား ထုတ်လုပ်ဖြည့်ဆည်းပေးသည်။ ဒီဇိုင်းအရ ဓာတ်အားထုတ်လုပ်မှုမှာ နှစ်စဉ် ကီလိုဝပ်နာရီသန်း(ယူနစ်သန်း) ၁၆၅ ကို ၁၉၈၆ ခုနှစ်မှစ၍ ထုတ်လုပ်ပေးခဲ့သည်။
ထို့ပြင် နှစ်စဉ်ပန်းလောင်မြစ်ရေကြီးချိန်တွင် ရေလွှမ်းလေ့ရှိသော ဧရိယာဧက ၉၈၈၀(၄၀၀၀ ဟက်တာ)ကို ကာကွယ်ရန်အတွက် ၃၂ ဒသမ ၇ မိုင်(၅၁ ကီလိုမီတာ) ရှည်လျားသော ရေကာတာ(ပန်းတာ)တစ်ခုကိုပါ ဆောင်ရွက်ပေးခဲ့သည်။
ရေထိန်းတမံ (Weir)) တစ်ခုကို ကင်းတားဘက်စုံ ရေလှောင်တမံ အောက်ဘက် မိုင်အနည်းငယ်ခန့် အကွာတွင် တည်ဆောက်ထားသည်။ ရည်ရွယ်ချက်မှာ အချိန်ပိုင်းဓာတ်အား လိုအပ်ချက်အရ ဓာတ်အားပေး စက်ရုံမှ မောင်းနှင်ထုတ်ပေးလိုက်သော ရေကို ယာယီထိန်းသိမ်း၍ လက်ဝဲ၊ လက်ယာတူးမြောင်းကြီးများမှ တစ်ဆင့် လက်တံမြောင်းများဖြင့် အဆင့်ဆင့် လိုအပ်သလိုထိန်းညှိ၍ ရေပေးနိုင်ရန်ဖြစ်သည်။ ဤရေထိန်း တမံကိုလည်းကောင်း၊ ကင်းတားဘက်စုံ ရေလှောင်တမံတွင် တွဲဖက်ပါဝင် နေသောဓာတ်အားပေးစက်ရုံနှင့် ဆက်စပ်လုပ်ငန်းများကို လည်းကောင်း၊ လျှပ်စစ်ဌာန (ရေအားလျှပ်စစ်)မှ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ ကင်းတား ဘက်စုံရေလှောင်တမံ တည်ဆောက်မှု၊ လယ်ယာမြေပြုပြင်မှု၊ ရေပေးေ၀ရေး၊ တူးမြောင်းများ ဆောင်ရွက်မှုတို့ကို ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
ထိုခေတ်ထိုအခါက မြန်မာနိုင်ငံ၌ အကြီးဆုံးရေလှောင်ပမဏကို သိုလှောင်နိုင်သည့်တမံ၊ အမြင့်ဆုံးတမံ၊ တစ်ခုတည်းသော ကျောက်ဖြည့် တမံဖြစ်ခဲ့သည်။ တမံအမြင့်မှာ ၂၃၆ ပေ(၇၂မီတာ) မြင့်ပြီး စုစုပေါင်းရေသိုလှောင်ပမာဏမှာ ဧကပေ ၈၇၃၅၈၀ (ကုဗမီတာသန်းပေါင်း ၁၀၇၂) ရှိသည်။
တမံတည်ဆောက်မှုနှင့် တွဲဖက်ပါဝင်လာသော ဓာတ်အားပေးစက်ရုံ သည်လည်း အထပ် ၁၂ ထပ်ပါရှိသော မြေအောက်တစ်ဝက် (Semi- underground) ဓာတ်အားပေးစက်ရုံဖြစ်သလို တမံအတွင်းမှ ရေသွယ် ယူမှုတွင်လည်း ကျောက်တောင်ကို ဥမင်လိုဏ်ဖောက်လုပ်၍ သွယ်ယူထားသည်။
ဂျာမနီနိုင်ငံ၏ နာမည်ကြီးအတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့ဖြစ်သော Lahmeyer International(LI)) က အတိုင်ပင်ခံအဖြစ် ဆောင်ရွက်သည်။ မျိုးဆက်သစ်အင်ဂျင်နီယာများ အတွက် အတွေ့အကြုံသစ်များနှင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတအသစ်များ မြောက်မြားစွာရရှိစေခဲ့သည်။ ထိုစဉ်က စာရေးသူသည် ဆည်မြောင်းဦးစီးဌာန ဆည်တော်ကြီး ဘက်စုံရေလှောင်တမံစီမံကိန်းတွင် ပုတ်ပြတ်အင်ဂျင်နီယာ အငယ်စား တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၏ စီမံပေးမှုအရ မကြာခဏ ကင်းတားဘက်စုံ ရေလှောင်တမံစီမံ ကိန်းလုပ်ငန်းများကို သွားရောက်လေ့လာခွင့် ရခဲ့သည်။
မြန်မာ့ဆည်မြောင်းနှင့် လျှပ်စစ်သမိုင်းတွင် ကင်းတားဘက်စုံရေ လှောင်တမံစီမံကိန်းတွင် ကျောက်သားကိုဖောက်၍ မြေအောက်တစ်ဝက် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းနှင့် ရေလွှဲခြင်း၊ ရေယူခြင်းလုပ်ငန်း သုံးမည့် ဥမင်လိုဏ်ဖောက်ခြင်းတို့သည် ပထမဆုံးအတွေ့အကြုံဖြစ်သည်။ လုပ်ငန်းအများစုကို တောင်ကိုရီးယားနိုင်ငံ ဟွန်ဒိုင်းကုမ္ပဏီ (Hyundai Company) မှ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သည်။
ဤစီမံကိန်းလုပ်ငန်းများကို ကမ္ဘာ့ဘဏ် (World Bankု)၊ ဂျာမနီ ကေအက်ဖ်ဒဗလျူ (KFW)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု အထောက်အပံ့ (ODA)တို့မှ အတိုးနှုန်းသက်သာသော ချေးငွေများ ချေးငှား၍ဆောင်ရွက်ခဲ့သည်။
ယခုဖော်ပြခဲ့သော ဆည်တော်ကြီး ဘက်စုံရေလှောင်တမံစီမံကိန်းနှင့် ကင်းတားဘက်စုံရေလှောင်တမံ စီမံကိန်းကြီး ဆောင်ရွက်နိုင်ခဲ့၍ သိသာသော တိုးတက်ဖြစ်ထွန်းမှုများကို လေ့လာနိုင်ရန် အချက်အလက် တချို့ဖော်ပြပါဦးမည်။ ဤစီမံကိန်းကြီးနှစ်ခု ဖြစ်မြောက်ရေး အတွက် ၁၉၇၄ ခုနှစ်မှစ၍ ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ပညာရှင်များ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ရောက်ရှိပြီး သက်ဆိုင်ရာဌာန များ၊ ဝန်ကြီးဌာနများ၊ အစိုးရအကြီးအကဲအထိ အဆင့်ဆင့်ညှိနှိုင်းပြီး အတိုးအနည်းဆုံးချေးငွေရရှိရေး ဆောင်ရွက်ခဲ့သည်ကိုလည်း မေ့ထား၍မရပါ။
ဤဆည်ကြီးများနှင့်အလားတူ ကမ္ဘာ့အဖွဲ့အစည်းဝင် ဘဏ်များ၏ အကူအညီဖြင့်ဆောင်ရွက်ခဲ့သော ငလိုက်ရေလှောင်တမံစီမံကိန်း၊ အောက် မြန်မာပြည်စပါးဖွံ့ဖြိုးမှု လုပ်ငန်းစီမံကိန်း အပိုင်း(၁)နှင့် အပိုင်း (၂)၊ တောင် နဝင်းရေလှောင်တမံ စီမံကိန်းစသည်တို့သည် လမ်းစဉ်ပါတီခေတ်ကာလ က အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝင်ဆံ့စွာဆက်ဆံပြီး ရရှိလာ သောအသီးအပွင့်များဖြစ်သည်။
နိုင်ငံတကာချေးငွေဖြစ်သည့်အတွက် ဆည်တော်ကြီးဘက်စုံရေလှောင် တမံနှင့် ကင်းတားဘက်စုံ ရေလှောင်တမံစီမံကိန်းများ၏ ကြိုတင်ပြင်ဆင် မှုကာလမှာ ခုနစ်နှစ်ခန့်အထိ အချိန်ယူခဲ့ကြရသည်။ အမှန်တကယ် တည်ဆောက်မှုကာလမှာ ငါးနှစ်ခန့်သာကြာခဲ့သည်။ စုစုပေါင်း ၁၂ နှစ် ခန့်ကြာသွားသည်။
ဤစီမံကိန်းကြီးများ မဆောင်ရွက်မီက မြန်မာနိုင်ငံအလယ်ပိုင်းမှ မတ္တရာ၊ ပုသိမ်ကြီး၊ မန္တလေး၊ အမရပူရ၊ မြစ်သား၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ တံတားဦး အစရှိသည့် မြို့နယ်များတွင် လယ်ယာစိုက်ပျိုးရေး အတွက် ရေအခြေအနေ မည်သို့ရှိခဲ့သနည်း။ မိုးရေချိန်လက်မ ၃၀ မှ ၄၀ ခန့်အထိသာ ရွာသွန်းသော မိုးနည်းရေရှားဒေသတွင် မည်သို့ဝမ်းစာ ရှာခဲ့ကြပါသနည်း။ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် နှစ်ရှည်သီးနှံပင်မှအစ ရေ မရှိ၍ မစိုက်ပျိုးနိုင်သော မြေများပေါ်တွင် မည်သို့ဝမ်းရေး ဖြေရှင်းနေခဲ့ ကြပါသနည်း။
စာရေးသူသည် မန္တလေးဇာတိဖြစ်ပြီး ဆည်ကြီးများတည်ဆောက်ချိန် တွင် အသက် ၂၅ နှစ်ဝန်းကျင်ဖြစ်၍ ယင်းဆည်ကြီးများမရှိမီကာလ ဤဒေသများ၏ဝန်းကျင်တွင် ဝါဆို၊ ဝါခေါင်မှာပင် နေရောင်ကြောင့် တံလျှပ်ထနေသော ကွင်းပြင်ကြီးများအကြောင်း ကောင်းကောင်းသိခဲ့သည်။ ဆူးပင်၊ ချုံပင်များသာ ဖုံးလွှမ်းနေသော ကွင်းပြင်များကို မြင်တွေ့ ခဲ့ဖူးသည်။ ဆည်တော်ကြီးဘက်စုံရေလှောင်တမံစီမံကိန်းနှင့် ကင်းတား ဘက်စုံရေလှောင်တမံစီမံကိန်းကာလ ၁၉၈၀ ပြည့်နှစ်များတွင်လည်း ဤဒေသအားလုံးကို သွားလာလှုပ်ရှား ခဲ့ဖူးသူလည်းဖြစ်ခဲ့သည်။ စီမံကိန်း များပြီးစီးသည့်နောက်တွင်လည်း ဤဒေသ ဤစက်ရုံများနှင့် တာဝန်အရ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ရပြန်သည်။
အခြေအနေမှာ တခြားစီဖြစ်သည်။ အကျိုးရှိလား၊ မရှိလား ဒေသခံ ပြည်သူများက ပို၍သိကြလိမ့်မည်။ အသက် ၅၀ ကျော် ၆၀ ဝန်းကျင် နှင့်အထက်ဒေသခံများက ပို၍သိကြပါလိမ့်မည်။
ဆက်လက်ဖော်ပြပါမည်။