သွေးချိုဆီးချိုရောဂါနှင့် သတိပြုစရာရာသီတုပ်ကွေးရောဂါ

 

သွေးချိုဆီးချိုရောဂါနှင့် သတိပြုစရာရာသီတုပ်ကွေးရောဂါ

 

ယခုအခါ စိုစွတ်သော မိုးရာသီရောက်လာပြီဖြစ်၍ ရာသီတုပ်ကွေးဖြစ်ပွားမှု ပိုများလာနိုင်သည်ကို သတိပြုကြရပါမည်။ အထူးသဖြင့် သွေးချိုဆီးချိုရောဂါရှိသူများအနေဖြင့် ကိုယ်ခံအားနည်းသည့်အတွက် ရောဂါပိုးကူးစက်လွယ်ပြီး ပြင်းထန်သောရောဂါလက္ခဏာများ ခံစားရတတ်ပါသည်။ သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတိုးရောဂါ၊ အဆုတ်လေပြွန်ကျဉ်းရောဂါ နှင့်  ကျောက်ကပ်ရောဂါတို့ကဲ့သို့သော နာတာရှည် ရောဂါများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အအေးမိလျှင် ရာသီတုပ်ကွေးနှင့်ဆက်စပ်သော    ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်ပါသည်။

ရာသီတုပ်ကွေး သို့မဟုတ် Flu သည် အနီးရှိ တုပ်ကွေးဗိုင်းရပ်စ်ပိုးရှိသူက ချောင်းဆိုး၊ နှာချေသောအခါတွင် ထွက်လာသော အမှုန်အမွှားလေးများကို ရှူရှိုက်မိရာမှ အလွယ်တကူ ကူးစက်နိုင်သော ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပြီး   နှာခေါင်း၊  လည်ချောင်းနှင့် အဆုတ်အပါအဝင် အသက်ရှူလမ်းကြောင်းကို ဝင်ရောက်ကူးစက်နိုင်သည်။ ရောဂါလက္ခဏာများတွင် ရုတ်တရက်အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ များသောအားဖြင့် ချောင်းခြောက်ဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်းတို့ ပါဝင်သည်။ လူအများစုသည် တစ်ပတ်အတွင်း  အဖျားနှင့်  တခြားရောဂါလက္ခဏာများမှ ပြန်လည်ကောင်းမွန်ကြသည်။ ချောင်းဆိုးခြင်းသည် ပြင်းထန်နိုင်ပြီး နှစ်ပတ် သို့မဟုတ် ထို့ထက်ပို၍ကြာနိုင်သည်။ သို့သော် သွေးချိုဆီးချိုရောဂါရှိသူများသည် သွေးချိုဆီးချိုရောဂါမရှိသူများနှင့် နှိုင်းယှဉ်ပါက တုပ်ကွေးနှင့်ဆက်စပ်သော နောက်ဆက်တွဲပြဿနာများကြောင့်  ဆေးရုံတက်ကုသရမှု ၃ ဆမှ  ၆ ဆပိုများပြီး အသက်အန္တရာယ် ပိုများကြောင်း သိရသည်။

သွေးချိုဆီးချိုရောဂါရှိသူများသည် ရာသီတုပ်ကွေးရောဂါကူးစက်ပါက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာတွင် အခက်အခဲများ သိသိသာသာ ရှိလာနိုင်သည်။ ရာသီတုပ်ကွေးသည် သွေးတွင်း သကြားဓာတ်ပမာဏ ပုံမှန်ထိန်းသိမ်းနိုင်ခြင်း မရှိသော သွေးချိုဆီးချိုရောဂါရှိသူများတွင် ပို၍ကူးစက်ခံရနိုင်သကဲ့သို့ တုပ်ကွေးကြောင့်လည်း သွေးတွင်းသကြားဓာတ်မြင့်တက်လာနိုင်ပါသည်။ သွေးချိုဆီးချို ရောဂါရှိသူများတွင် ကိုယ်ခံအားစနစ်အားနည်းသဖြင့်  ရောဂါမရှိသူများနှင့် နှိုင်းယှဉ်လျှင် တုပ်ကွေး သို့မဟုတ် အဆုတ်ရောင်ခြင်းကဲ့သို့သော   အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို   တွန်းလှန်တိုက်ဖျက်နိုင်မှု အားနည်းပါသည်။  ထို့ကြောင့် ရာသီတုပ်ကွေး၏ ပြင်းထန်သော  နောက်ဆက်တွဲအန္တရာယ်များဖြစ်သည့် အဆုတ်အအေးမိခြင်း၊   အဆုတ်လေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ နှာခေါင်းလေအိတ်ရောင်ခြင်း၊ နားပြည်တည်ခြင်းနှင့် နာတာရှည်နှလုံးရောဂါ တို့ကို ခံစားရနိုင်ပါသည်။ 

ရာသီတုပ်ကွေးကြောင့် သွေးတွင်းသကြားဓာတ်ပြောင်းလဲမှု

တုပ်ကွေးသည်  များသောအားဖြင့်  သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေနိုင်သည်။ ဖျားနာသောအခါ၊ ရောဂါပိုးကိုတိုက်ဖျက်ရန်နှင့် စွမ်းအင်ပေးရန်အတွက် ခန္ဓာကိုယ်မှ ဖိစီးမှုဟော်မုန်း Adrenalin  နှင့် Cortisol များကို ထုတ်လွှတ်သဖြင့် သွေးတွင်းသကြားဓာတ်ကို  မြင့်တက်စေပါသည်။ ဖျားနာနေစဉ် သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးသည့် အင်ဆူလင်ဟော်မုန်းထုတ်လွှတ်မှု ပမာဏ လျော့နည်းသည့်အပြင် သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်မှုလျော့နည်းပါသည်။ အဆိုပါ ဟော်မုန်းများ၏ သက်ရောက်မှုသည် ရောဂါပြင်းထန်လေ ပိုဆိုးလေဖြစ်ပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုကြောင့် ရာသီတုပ်ကွေး၏ ပြင်းထန်သော ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများကို ခံစားရနိုင်ပါသည်။

သို့သော်လည်း အဖျားကြောင့် အစားနည်း၍ ခန္ဓာကိုယ်မှလိုအပ်သော ကာဗိုဟိုက်ဒရိတ် လုံလောက်စွာ မရရှိပါက သွေးတွင်းသကြားဓာတ်ပမာဏ  အလွန်နည်းသွားနိုင်သည်။ ထို့ကြောင့် တုပ်ကွေးဖြစ်၍ ဖျားနာနေချိန်တွင် သွေးဂလူးကို့စ် ပမာဏကို ပုံမှန်ထက်ပိုပြီး မကြာခဏစစ်ဆေးရန် အရေးကြီးပါသည်။

ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းနည်းလမ်းများ

သွေးချိုဆီးချိုရောဂါရှိသူများတွင်  ရာသီတုပ်ကွေးကူးစက်နိုင်ခြေကိုလျှော့ချရန်နှင့်   ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးရန် အမေရိကန် သွေးချိုဆီးချိုရောဂါအသင်းက     အကြံပြုထားပါသည်။

တုပ်ကွေးကာကွယ်ဆေးသည် ရာသီတုပ်ကွေးရောဂါကို  ကာကွယ်ရန်  အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။ သွေးချိုဆီးချိုရောဂါရှိသူများသည် တုပ်ကွေးမှအဆုတ်ရောင်ရောဂါဖြစ်နိုင်ခြေ ပိုများသောကြောင့် အဆုတ်ရောင်ရောဂါကိုကာကွယ်ရန်လည်း အကြံပြုထားသည်။ သွေးချိုဆီးချိုလူနာများကို အနီးကပ် ပြုစုနေသူများနှင့်   မိသားစုဝင်များကိုလည်း   တုပ်ကွေးကာကွယ်ဆေး တစ်နှစ် တစ်ကြိမ် ထိုးပေးထားသင့်ပါသည်။ ကာကွယ်ဆေးထိုးရန် သင့်လျော်မှု ရှိ၊ မရှိကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။

ရာသီတုပ်ကွေးရောဂါကာကွယ်ရန် အဓိကအရေးကြီးသောအချက်မှာ တစ်ကိုယ်ရေသန့်ရှင်းမှု သတိပြုရန်ဖြစ်ပါသည်။ အိမ်အပြင်ထွက်လျှင်  နှာခေါင်းစည်းဝတ်ဆင်ပါ။ လက်မဆေးဘဲ နှာခေါင်းနှင့် ပါးစပ်ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။ လက်ကို  ပုံမှန်ဆေးကြောခြင်းသည် ဖျားနာခြင်းကိုကာကွယ်ရန် ပထမအဆင့်အရေးကြီးဆုံးဖြစ်သည်။ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ရေနှင့်ဆပ်ပြာသုံးပြီး ဆေးကြောရပါမည်  သို့မဟုတ်   လက်သန့်စင်ဆေးရည်အသုံးပြု၍ သန့်ရှင်းပါ။ အိတ်ထဲတွင် လက်သန့်စင်ဆေးရည် အမြဲဆောင်ထားပါ။ မိုးရာသီတွင် သန့်ရှင်းသော အဝတ်အစားကိုဝတ်၍ နွေးနွေးထွေးထွေးနေပါ။

မိုးရေမစိုအောင်  မလိုအပ်လျှင် အပြင်မထွက်ဘဲ အိမ်ထဲတွင်နေပါ။  ကိုယ်ခံအားမြှင့်တင်ပေးသည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ပူပူနွေးနွေးစားပါ။ ကိုယ်လက်လှုပ်ရှားမှုကို အိမ်တွင် ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပါ။ လူစုလူဝေးကိုရှောင်ပါ။ ဖျားနေသောသူများနှင့် အနီးကပ်ထိတွေ့ခြင်းမျိုးကို ရှောင်ကြဉ်ပါ။ ဆရာဝန်ညွှန်ကြားထားသောဆေးများကို  မှန်မှန်သောက်ပါ။ အင်ဆူလင်မှန်မှန်ထိုးပါ။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။  သွေးပေါင်ချိန်ကို နေ့စဉ်တိုင်းရန် လိုအပ်ပါသည်။

ရာသီတုပ်ကွေး၏ ပြင်းထန်သောလက္ခဏာများ

မှာ နှစ်ရက်ထက်ပို၍ ဖျားခြင်း သို့မဟုတ် အဖျားမကျခြင်း၊ ခြောက်နာရီထက်ပို၍ အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊   အသက်ရှူရခက်ခဲခြင်း၊   ရေဓာတ်ခန်းခြောက်ခြင်း၏ လက္ခဏာများဖြစ်သည့်    ပါးစပ်နှင့်အရေပြားခြောက်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်းနှင့်    ဖျားနာနေချိန် အင်ဆူလင်ထိုးသော်လည်း သွေးတွင်းသကြားဓာတ် ပမာဏ ၂၄၀ မီလီဂရမ်ထက် ပိုများနေခြင်းတို့ဖြစ်ပါသည်။ သွေးတွင်းသကြားဓာတ် ၃၀၀ မီလီဂရမ်ကျော်လျှင်  သွေး  သို့မဟုတ်  ဆီးထဲတွင်  ကီတုန်းတိုင်းကြည့်ရန ်လိုအပ်ပြီး ကီတုန်းများနေလျှင် ပြင်းထန်ဆီးချိုဟုသတ်မှတ်သဖြင့် ဆေးရုံတက်ရပါမည်။

သွေးချိုဆီးချိုရောဂါရှိသူများ ဖျားနေသောအခါလိုက်နာရမည့်အချက်များ

၁။      အနားယူပါ၊ အိပ်ရေး၀၀အိပ်ပါ။

၂။      အပူချိန်ကို ဖျားသောနေ့များတွင် ပုံမှန်တိုင်းပါ။

၃။      သွေးတွင်းသကြားဓာတ်ပမာဏကို မကြာခဏ စစ်ဆေးသင့်ပါသည်။

အမျိုးအစား (၁) သွေးချိုဆီးချိုလူနာသည် လေးနာရီခြားစစ်ဆေးရန်နှင့်  အမျိုးအစား (၂) သွေးချိုဆီးချို လူနာသည်  အနည်းဆုံး  တစ်ရက်လျှင်  လေးကြိမ် စစ်ဆေးရန် သို့မဟုတ် ဆရာဝန်မှ အကြံပြုထားသည့်အတိုင်း စစ်ဆေးရန်လိုအပ်ပါသည်။

၄။ ဖျားနာသည့်နေ့တွင် ပုံမှန်သောက်သောဆီးချိုဆေးများနှင့် တခြားရောဂါများအတွက် သောက်ဆေးများကို  ဆက်သောက်ရန်၊  အင်ဆူလင်ကိုဆက်ထိုးရန်၊  သွေးတွင်းသကြားဓာတ်ပမာဏများလွန်းပါက အင်ဆူလင်ထိုးဆေး ပမာဏကို တိုးထိုးရန် လိုအပ်ပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏ နည်းလွန်းလျှင်ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်ပါသည်။

 ၅။ ဖျားနာသောအခါ ဗိုက်မဆာသော်လည်း ပုံမှန်အစားအစာများကို အာဟာရပြည့်ဝအောင်စားရန် အရေးကြီးပါသည်။ မစားလျှင် သွေးတွင်းသကြားဓာတ်အလွန်နည်းသွားနိုင်ပါသည်။ သွေးတွင်းသကြားဓာတ် နည်းလွန်းပါက ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်ပါသော အရည်တစ်ခုခု  ပန်းသီး  သို့မဟုတ်  သရက်သီး သို့မဟုတ် သင်္ဘောသီးဖျော်ရည်ခွက်တစ်ဝက် (၁၂၅ မီလီလီတာ)၊ သကြား သို့မဟုတ် ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း သောက်ပေးပါ။ စပျစ်သီးပုံမှန်အရွယ် ၁၅ လုံး သို့မဟုတ် ရေခဲမုန့်ခွက်တစ်ဝက် သို့မဟုတ် အေးခဲထားသော ဒိန်ချဉ်ခွက်တစ်ဝက် စားနိုင်ပါသည်။ ထို့နောက် ကာဗိုဟိုက်ဒရိတ် ၃၅-၅၀ ဂရမ်ပါသော အစားအစာများကို သုံးနာရီမှ လေးနာရီခြားတစ်ကြိမ်စားပါ။ အကယ်၍ မာသော အစားအစာမစားနိုင်ပါက စွပ်ပြုတ်အရည်ကြည်၊ အာဟာရပြည့်ဖျော်ရည်များကို သောက်ရန်လိုအပ်ပါသည်။

၆။ ရေဓာတ်ခန်းခြောက်ခြင်းမှကာကွယ်ရန် ရေ သို့မဟုတ် အရည်များများ သောက်ရန် လိုအပ်ပါသည်။

၇။ သွေးတွင်းသကြားဓာတ်များလွန်းပါက  ရေ၊ ရေနွေးကြမ်း သို့မဟုတ် သကြားမပါသော ဟင်းရည်၊ ကြက်စွပ်ပြုတ်ရည်များကို သောက်နိုင်ပါသည်။

၈။ အဖျားတက်ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းဖြစ်ပါက   တစ်နာရီတစ်ကြိမ်    ရေ သို့မဟုတ် အရည်တစ်ခွက် (၂၅၀ စီစီ ) သောက်ပါ။

၉။ ယခုအခါ တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါပြန်လည် ဖြစ်ပွားနေသည်ကို တွေ့ရှိရသဖြင့်     ရာသီတုပ်ကွေး လက္ခဏာများနှင့် ခွဲခြားနိုင်ရန် လိုအပ်သဖြင့် အကောင်းဆုံးမှာ သွေးချိုဆီးချိုရောဂါရှိသူများ ဖျားနာလျှင် ဆရာဝန်နှင့် အမြန်ဆုံး သွားရောက်ပြသကုသမှုခံယူ၍  ညွှန်ကြားချက်များကို  လိုက်နာရန် လိုအပ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

ဒေါက်တာသိင်္ဂီကျော်