ယမန်နေ့မှအဆက်

 

ယမန်နေ့မှအဆက်

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်ကြီးနှင့်လက်တက်ချောင်းကြီးများသည် မကွေးတိုင်း ဒေသကြီး၏ အလယ်မှ ဖြတ်၍စီးဆင်းနေကြသည်။ မိုးရေချိန် လက်မ ၆၀ မှ ၈၀ ကြားရွာသွန်းသော အနောက်ရိုးမကြီး တစ်ခုလုံး၏ အရှေ့ဘက်ခြမ်းတစ်ခုလုံးမှ   စီးဆင်းလာသောချောင်း၊ မြောင်းအများစုမှာ မကွေးတိုင်းဒေသကြီးထဲမှာပင် အဓိကစီးဆင်းနေသည် ဆိုသည်ကိုလည်း သတိချပ်သင့်သည်။ ဤဒေသကြီးအတွင်း ခြောက်သွေ့ရာသီတွင် သောက်သုံးရေပင် ပြတ်လပ်သည့်ဒေသများ များစွာရှိနေသည် ဆိုသောသတင်းကို သမိုင်းထဲတွင် ထားပစ်ခဲ့နိုင်အောင် စီမံသင့်သည်။

မကွေးတိုင်းဒေသကြီးအတွင်း   ကာလအလိုက်ဆောင်ရွက်ခဲ့သော ရေလှောင်တမံ၊ ရေထိန်းတမံ၊ ရေလွှဲဆည်၊ ရေလွှဲမြောင်း အစရှိသော ရေစီမံမှုလုပ်ငန်းများနှင့် အကျိုးပြုခဲ့သော လယ်ယာမြေ ဧရိယာများကို လေ့လာပါက အောက်ပါအတိုင်း တွေ့ရပါမည်။

ကာလအလိုက် ဆောင်ရွက်ပေးခဲ့သော မကွေးတိုင်းဒေသကြီး အတွင်းမှ ရေစီမံခန့်ခွဲမှုများ

ကာလ         ဆည်၊ ရေလွှဲဆည်၊ ရေထိန်း        အကျိုးပြုလယ်ယာမြေ         တမံ၊ ရေလွှဲမြောင်း            ဧက(ဟက်တာ)          အရေအတွက်(ခု)

- ရှေးမြန်မာမင်းများကာလမှ     ၇           ၁၆၂၆၃၄(၅၁၁၅)

  ၁၉၆၁-၁၉၆၂ ခုနှစ်ထိ

- ၁၉၆၂-၁၉၆၃ ခုနှစ်မှ          ၄      ၂၁၄၅၈(၈၇၂၃)

  ၁၉၈၈-၁၉၈၉ ခုနှစ်ထိ             

- ၁၉၈၈-၁၉၈၉ ခုနှစ်မှ          ၄၇          ၃၀၁၄၈၄(၁၂၂၀၅၈)

  ၂၀၁၀ ပြည့်နှစ်ထိ

  စုစုပေါင်း                     ၅၈       ၄၈၅၅၇၆(၁၃၅၈၉၆)

ဤပမာဏသည် မကွေးတိုင်းဒေသကြီးအတွက် အထိုက်အလျောက်သာ  ဖြေရှင်းနိုင်သည်ကို  ဒေသတွင်း ရေရှားပါးမှု အခြေအနေများက ဖော်ပြနေဆဲဖြစ်သည်။ ကာလသုံးခုအတွင်း ရေချိုရရှိရေး လုပ်ငန်းပေါင်း ၅၈ ခုထိ တည်ဆောက်ပေးခဲ့ပြီးနောက်ပိုင်း ရွေးကောက်ခံအစိုးရများ ကာလအတွင်း ကြီးအုံကြီးဝ၊ မြစ်သာ စသည့်တမံများလည်း မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ပေးခဲ့သည်။ သို့သော် နွေရာသီတွင် ရေချိုမလုံလောက်သည့်ကျေးရွာများရှိနေဆဲပင်ဖြစ်သည်။

အုပ်ချုပ်မှုစနစ်မတူညီသည့် ကာလများခွဲ၍ ဆည်မြောင်းတာတမံများနှင့် ရေအားလျှပ်စစ် အကောင်အထည် ဖော်ခဲ့မှုများကို နောက်ပိုင်းတွင် သီးခြားဖော်ပြပါမည်။

နိုင်ငံတကာတွင် မိမိပြည်သူများ ရေချိုရရှိရေး အစိုးရများက မည်ကဲ့သို့ဆောင်ရွက်ခဲ့ကြသည်ကိုလည်းကောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲရေကို မည်ကဲ့သို့ထိရောက်အောင် သုံးစွဲနေကြသည်ကိုလည်းကောင်း ရှေ့ပိုင်းတွင် ဖော်ပြပေးခဲ့ပြီးဖြစ်သည်။

ပြန်လည်ပြည့်ဖြိုးမြဲထဲတွင်   အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သော မြေအောက်ရေကို မြေပေါ်ရောက်အောင် လုပ်ဆောင်ပေးသောနည်းမှာ အထိုက်အလျောက်သာ ပြေလည်စေမည့်နည်းဖြစ်သည်။ စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေမလုံလောက်မှုကို မြေအောက်ရေဖြင့်ဖြေရှင်း၍ မလုံလောက်ပါ။ ရေလျှံတွင်းများကိုလည်း ထိန်းထိန်းသိမ်းသိမ်း သုံးစွဲသင့်သည်။ မြေအောက်ရေကို ရယူသုံးစွဲခြင်းကြောင့် အထိုက်အလျောက် လူမှုရေး၊ ကျန်းမာရေး ပြေလည်သွားနိုင်သော်လည်း မိမိဒေသတွင် စိုက်ပျိုးရေး ကဏ္ဍမှသည် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်းများထိ ကူးပြောင်းသွားနိုင်ရေးအတွက် မလုံလောက်ပေ။

ရေလုံလောက်စွာရရှိသည်နှင့်တစ်ပြိုင်နက် စီးပွားဖြစ် နွား၊ ကျွဲ၊ ဝက်၊ ငါး အစရှိသည့် မွေးမြူရေးခြံကြီးများ ပေါ်ပေါက်လာမည်။ မြန်မာနိုင်ငံကဲ့သို့ မြေနေရာနှင့် တိရစ္ဆာန်အစားအစာပေါများသော နိုင်ငံတွင် သားငါးကဏ္ဍကို  ထိရောက်စွာဖွံ့ဖြိုးလာစေရန်မှာ  ရေအလုံအလောက်ရရှိရေးအပေါ်  အဓိကမူတည်သည်။  သားငါးကဏ္ဍ ဖွံ့ဖြိုးလာသည်နှင့်အမျှ သားငါးအခြေခံ စက်မှုလုပ်ငန်းများပါ  တွဲ၍ပါလာမည်။  ဒေသတွင်းစားသုံးမှုပါဖူလုံပြီး ပြည်ပဝင်ငွေပါရရှိလာမည်။ မိမိဒေသအလုပ်အကိုင်ရှားပါးမှုကြောင့် မြို့ကြီးများပေါ်တက်ပြီး စားဝတ်နေရေးဖြေရှင်းရသူများ နည်းပါးလာမည်။ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက် နည်းပါးလာမည်။ မြို့ကြီးပြကြီးများတွင် နိုင်ငံတော်မှ စီစဉ်ပေးရမည့် မြို့ပြအိုးအိမ်ကိစ္စများ သက်သာလာမည်။ တရားဥပဒေစိုးမိုးမှုကောင်းမွန်လာမည်။

အားလုံးချိတ်ဆက်နေသည်။

နှစ်စဉ်  ပြန်လည်ပြည့်ဖြိုးမြဲရေပေါများရေးအတွက်   ဒေသတွင်း သစ်တော၊  သစ်ပင်များ  ခုတ်ယူသုံးစွဲမှုကို  ဆင်ခြင်ကြပါ။  သစ်ပင်၊ သစ်တောရှင်သန်စေရေး နှစ်စဉ် စိုက်ပျိုးကြပါ။ နောင်လာနောက်သားများအတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးခဲ့ကြပါ။ နှစ်စဉ် ပြန်လည်ပြည့်ဖြိုးမြဲရေကို အလေအလွင့်မရှိစေဘဲ အထိရောက်ဆုံး၊ အကျိုးအရှိဆုံးဖြစ်အောင်သုံးစွဲကြပါ။

ဤစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါ။ နှစ် ၃၀ ခန့်အကြာတွင် စိုပြည်သော၊ အေးမြသောပတ်ဝန်းကျင်ကောင်းတစ်ခု သေချာပေါက်ပေါ်ထွန်းလာပါလိမ့်မည်။ တစ်ရက်စာထက် တစ်သက်စာကိုမျှော်မှန်းပါ။ တစ်သက်စာထက် သားစဉ်မြေးဆက်အတွက်ပါ မျှော်မှန်းပြီး သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ပေးခဲ့ကြပါ။

အခန်း(၁၄)

မြန်မာ့ခေတ်အဆက်ဆက် ရေအသုံးချနိုင်မှုများ

မြန်မာနိုင်ငံသည် ပြည်လည်ပြည့်ဖြိုးမြဲ ရေအရင်းအမြစ်ကြွယ်ဝသော နိုင်ငံဖြစ်ကြောင်း ရှေ့အခန်းများတွင် ကိန်းဂဏန်းများဖြင့် ဖော်ပြပြီးဖြစ်သည်။

ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်းမြစ်ကြီးများသာမက မြစ်ငယ်၊ ချောင်းငယ်ပေါင်းမြောက်မြားစွာလည်း ပိုင်ဆိုင်သည်။

ထို့ပြင် အင်းလေးကန်၊ အင်းတော်ကြီးကန်၊ မိုးယွန်းကြီးအင်း အစရှိသော ကြီးမားကျယ်ပြန့်သည့် သဘာဝပြန်လည်ပြည့်ဖြိုးမြဲကန်ကြီးများလည်း ပိုင်ဆိုင်ထားသည်။

ပြန်လည်ပြည့်ဖြိုးမြဲရေ တစ်နည်းအားဖြင့် သဘာဝမိုးရေကို စုဆောင်း၍ လူသားများအတွက် အကျိုးရှိစေမည့်ကန်များကိုလည်း မြန်မာမင်းများ လက်ထက်မှစ၍  ဆောင်ရွက်ပေးခဲ့သည်။  မြကန်၊  မိတ္ထီလာကန်၊ မဟာနန္ဒာကန်၊ အလောင်းစည်သူကန် စသည်တို့မှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မိုးနည်းရပ်ဝန်းဒေသများရှိ ပြည်သူများအတွက် များစွာအထောက်အကူဖြစ်နေသည်။

ဆည်မြောင်း၊ ကန်ချောင်းတူးဖော်ပေးသောဘုရင်ကို ပြည်သူများက ထူးထူးခြားခြား ကျေးဇူးတင် အမှတ်ရနေခဲ့သည်ကို သမိုင်းစာမျက်နှာများတွင် တွေ့ရသည်။

ဘာသာတရား ရှုထောင့်ကပဲကြည့်ကြည့်၊ လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့် ဆည်တာတမံ လုပ်ငန်းဆောင်ရွက်ပေးသူများ၊ သတ္တဝါများ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးသူများနှင့် အရိပ်အာဝါသကောင်းသောသစ်ပင်၊ သစ်တောများ ထူထောင်ပေးသူများမှာ ဆုမတောင်းစေကာမူ ကံကံ၏အကျိုးကို ခံစားကြရမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။ မြန်မာမင်းအဆက်ဆက် မိမိတို့ဆောင်ရွက်နိုင်သမျှ အားထည့်ဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူများ ယနေ့ထိ အကျိုးခံစားနေကြရသည်။

အကျိုးခံစားနေကြရသည်များကို အကျဉ်းမျှဖော်ပြပါမည်။ မြန်မာနိုင်ငံ သူ့ကျွန်ဘဝကျရောက်ခဲ့သည့်အချိန်တွင် ကိုလိုနီနယ်ချဲ့တို့သည် နိုင်ငံကို ရေရှည်အုပ်ချုပ်နိုင်ရန် နယ်ချဲ့အကျိုးစီးပွားနှင့် ၎င်းတို့နှင့်ပါလာသော နိုင်ငံခြားသားများ၏ အကျိုးစီးပွားကို အဓိကထား၍ ရေချိုရရှိမှု နည်းပါးသော အညာဒေသတချို့တွင် ရေလွှဲဆည်တချို့ကို ဆောင်ရွက်ပေးခဲ့သည်။                               

 ဆက်လက်ဖော်ပြပါမည်။