ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးထဲမှ ရန်ကုန်မြို့တော် ရေပေးဝေရေးစီမံမှုလွှမ်းခြုံရန် ဦးစားပေး ဆောင်ရွက်ရမည့် ဒေသများမှာ မြောက်ဘက်တွင် မင်္ဂလာဒုံ၊ အနောက်ဘက်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ အရှေ့ဘက်တွင် ဒဂုံမြို့နယ်များ၊ တောင်ဘက်တွင် ဒလမြို့နယ် စသည့်မြို့နယ်များနှင့် ရန်ကုန်မြို့တွင်း မြို့နယ်များ ပါဝင်သည်။

ဤနယ်နိမိတ်အတွင်းတွင် ၂၀၂၀ ပြည့်နှစ်အထိ ၄၀ ရာခိုင်နှုန်းခန့်သာ ရေချိုဖြန့်ဖြူးပေးနိုင်သေးသည်။ ကျန် ၆၀ ရာခိုင်နှုန်းခန့်မှာ မိမိအစီအစဉ်ဖြင့် မြစ်၊ ချောင်းများမှရေကို ရယူခြင်း၊ ရပ်ကွက်၊ ကျေးရွာ အလိုက် မိုးရေလှောင်ကန်များမှ ရေရယူခြင်း၊ မြေအောက်ရေစုပ်ယူသုံးစွဲခြင်း စသည့်နည်းလမ်းများဖြင့် သုံးစွဲနေကြသည်။ ရန်ကုန်မြို့ကိုလေ့လာပါက  ရန်ကုန်မြို့တော် ရေပေးရေးအဖွဲ့သည်  မြို့နေပြည်သူ အားလုံးကို  တာဝန်ယူ၍  ရေဖြန့်ဖြူးပေးနိုင်ရန်  ၂၀၄၀  ပြည့်နှစ်ထိ ပြန်လည်ပြည့်ဖြိုးမြဲ ရေချိုရရှိရေး စီမံကိန်းဖြင့် ဆောင်ရွက်နေသည်။

လက်ရှိတွင် ရေချို ၈ ရာခိုင်နှုန်းခန့်မှာ မြေအောက်ရေကို စုပ်ယူဖြန့်ဖြူးပေးနေသည်။ မြေအောက်ရေကို အချို့ပြည်သူများကလည်း မိမိအစီအစဉ်ဖြင့် အိမ်ဝိုင်းထဲတွင် အဝီစိတွင်း တူးဖော်သုံးစွဲနေကြသည်။ မြို့ကြီးများတွင် မြေအောက်ရေ မဆင်မခြင်ထုတ်ယူသုံးစွဲမှုကို ဆင်ခြင်သင့်သည်။

ရှေးယခင်က ရပ်ကွက်အလိုက် သဘာဝရေကန်ကြီးများရှိခဲ့၍ နှစ်စဉ်ရွာသွန်းမိုးသည် အဆိုပါ ရေကန်များ ထဲသို့ရောက်ရှိပြီး မြေအောက်ရေကို အားဖြည့်ပေးနိုင်သည်။ ယခု ၎င်းနေရာအများစု၌ မြေဖို့ပြီး မြို့ပြအိမ်ရာ အဆောက်အအုံသစ်များ ထူထောင်လိုက်ကြပြီဖြစ်သည်။

ဤအခြေအနေကြောင့် မြို့ကြီးရှိ မြေအောက်ရေမှာ နှစ်စဉ် ပြန်လည်ပြည့်ဖြိုးမှုနည်းလာပြီး မြေအောက်ရေနိမ့်မြင့်မှတ် ကျဆင်းလာနေသည့်အတွက် မကြာမီကာလတွင် နေရာအနှံ့ မထင်မှတ်ဘဲ မြေကျွံမှုများဖြစ်ပေါ်လာနိုင်သည်။

ရန်ကုန်မြို့ရှိ    မြို့လယ်ကောင်တိုက်ခန်းများ၏ အောက်ထပ်အချို့တွင် ခွင့်ပြုချက်မရှိဘဲ တူးဖော်သုံးစွဲ နေပါက ပို၍အန္တရာယ်ကြီးသော လုပ်ဆောင်မှုဖြစ်သည်။ မြေအောက်ရေ စဉ်ဆက်မပြတ် တည်ရှိနေစေ ရေးရပ်ကွက်အလိုက်ရှိနေသော ရေစုကန်များကို စနစ်တကျစောင့်ရှောက်ထားသင့်သည်။ အနိမ့်ဆုံး အဆင့် ခြောက်သွေ့ရာသီတွင် မီးသတ်ရေကန်အဖြစ်လည်း အသုံးပြုနိုင်သည်။ ပတ်ဝန်းကျင်လည်း သာယာစေသည်။

ရပ်ကွက်အလိုက် သဘာဝရေလှောင်ကန်များ ပျောက်ကွယ်လာမှုကြောင့် ရွာသွန်းမိုးကို သိုလှောင် ထိန်းညှိပေးသည့်စနစ်  (Regulation)  ပါ ပျောက်ဆုံးသွားတော့သည်။ ထိန်းညှိကန်များ မရှိတော့၍ ရွာသွန်းသမျှမိုးအားလုံး  မြေပြင်ပေါ်တွင် နိမ့်ရာသို့ စီးဆင်းသွားရာမှ   အနိမ့်ပိုင်း လမ်းမကြီး အချို့  ချက်ချင်းရေမြုပ်ကုန်သည်။  ရန်ကုန်မြို့၌   ဤသို့ရေမြုပ်သောလမ်းများတွင်  ဝေဇယန္တာ လမ်းမကြီး ဝန်းကျင်၊  ကန်တော်ကလေးနှင့် တာမွေရပ်ကွက်များမှာ အဆိုးဆုံးဖြစ်သည်။

ဤသည်ကား  ရေစီမံခန့်ခွဲမှု၏  တစ်စိတ်တစ်ပိုင်းကို  ကြုံကြိုက်၍ ဖော်ပြပေးခြင်းသာဖြစ်သည်။  အဓိက ပေးလိုသည့်သတင်းစကားမှာ သဘာဝ၏ပေးထားချက်ကို မိမိတို့က ဆင်ခြင်တုံတရားဖြင့် စနစ်တကျ စီမံစေလိုခြင်းဖြစ်သည်။

ပင်လယ်ရေကို ပြုပြင်ချက်လုပ်သုံးစွဲရန်မှာလည်း ကုန်ကျစရိတ်ကြီးမားသလို မြေအောက်ရေကို အကန့်အသတ်မရှိ စုပ်ယူခြင်းမှာလည်း အန္တရာယ်ကြီးသည်။ နှစ်စဉ် ပြန်လည်ပြည့်ဖြိုးနေသော သဘာဝပြန်လည် ပြည့်ဖြိုးမြဲရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲ၍ ရေဖြန့်ဖြူးပေးဝေခြင်း၊ လယ်ယာစိုက်ပျိုးရေ ဖြန့်ဖြူးပေးခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခြင်း စသည့် လူသား အကျိုးပြုကိစ္စရပ်နှင့် ဆောင်ရွက်နေမှုများကို ဆက်လက်ဖော်ပြပါမည်။

ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသော အရင်းအမြစ်များမှာ လှော်ကားရေလှောင်ကန်၊ ဂျိုးဖြူ ရေလှောင်ကန်၊ ဖူးကြီးရေလှောင်ကန်၊ ငမိုးရိပ်ရေလှောင်ကန်၊ လဂွန်းပြင်ရေလှောင်ကန်၊ မြေအောက်ရေ (အဝီစိတွင်းရေ) စသည့် အရင်းအမြစ်များမှရေကို အသုံးပြုဖြန့်ဝေခြင်းဖြစ်သည်။ ရေရယူနေသည့် အရင်းအမြစ်အချို့ကို အနည်းငယ်ရှင်းလင်းဖော်ပြပါမည်။

လှော်ကားရေလှောင်ကန် (Hlawga Reservoir)

လှော်ကားရေလှောင်ကန်ကို ၁၉၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်၍ ရန်ကုန်မြို့ကို ရေပေး ဝေရေးအတွက် တည်ဆောက်ခဲ့သော ရေလှောင်ကန်များထဲတွင် အစောဆုံးဟုဆိုနိုင်သည်။ ရေဖမ်း ဧရိယာမှာ ၂၇ ဒသမ၂ စတုရန်းကီလိုမီတာ (၁၀ ဒသမ ၅ စတုရန်းမိုင်)ရှိသည်။ ဂျိုးဖြူရေလှောင်ကန် ရေဖမ်းဧရိယာထက် အနည်းငယ်သေးငယ်သည်။ အများဆုံး ရေသိုလှောင်နိုင်သောပမာဏမှာ ကုဗမီတာ သန်းပေါင်း ၅၄ ဒသမ ၆ သန်း (၁၂၀၀၀ ဂါလန်သန်း)ရှိသည့်အတွက် ဖူးကြီးရေလှောင်ကန်၏ ထက်ဝက်နီးပါးသာ ရေသိုလှောင်နိုင်ကြောင်း တွေ့ရသည်။

လှော်ကားရေလှောင်ကန်၏ အမြင့်ဆုံးရေသိုလှောင်မှတ်မှာ ၁၉ ဒသမ ၅ မီတာနှင့် အနိမ့်ဆုံးမှတ်မှာ ၁၄ ဒသမ ၃ မီတာရှိသည့်အတွက် ဂျိုးဖြူ၊ ဖူးကြီးရေလှောင်ကန်တို့ထက် ပို၍နိမ့်သည်။ အချင်း ၄၂ လက်မ (၁ ဒသမ ၀၇ မီတာ) ရှိပြီး ရန်ကုန်မြို့အရောက် အလျား ၁၈ ဒသမ ၆ ကီလိုမီတာ (၁၂ မိုင်)ရှည်လျားသော ပိုက်လိုင်းတစ်ခုနှင့် အချင်း ၆၆ လက်မ (၁ ဒသမ ၆၈ မီတာ)ရှည်ပြီး ၁၆ ဒသမ ၂ ကီလိုမီတာ (၁၀ မိုင်)ခန့် ရှည်လျားသောပိုက်လိုင်းတစ်ခု တပ်ဆင်ထားသည်။

ဂျိုးဖြူရေလှောင်ကန် (Gyo Phyu Reservoir)

ဂျိုးဖြူရေလှောင်ကန်သည် ရန်ကုန်မြို့၏မြောက်ဘက် ကီလိုမီတာ ၇၀ (၄၄ မိုင်ခန့်)အကွာ တိုက်ကြီး မြို့နယ်ထဲတွင် တည်ရှိသည်။ ၁၉၄၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည်။ ရေဖမ်းဧရိယာမှာ ၃၂ ဒသမ ၉ စတုရန်းကီလိုမီတာ (၁၂ ဒသမ ၇ စတုရန်းမိုင်)ခန့်ရှိသည်။

ရေလှောင်ပမာဏမှာ ၇၅ ဒသမ ၅ ကုဗမီတာသန်း (၁၆၆၀၀ ဂါလန်သန်း)ခန့်ရှိသည်။ ရေယူ အဆောက်အအုံ၊ ရေယူပေါက်သုံးပေါက်ကို အမြင့်မတူညီအောင် တပ်ဆင်ထားသည်။ ရေလှောင်ကန်၏ အမြင့်ဆုံးရေသိုလှောင်မှတ်မှာ ၆၅ ဒသမ ၅ မီတာနှင့် အနိမ့်ဆုံးမှတ်မှာ ၄၂ ဒသမ ၁ မီတာရှိသည်။ ရန်ကုန်မြို့သို့ ရေပို့လွှတ်နေသော ရေလှောင်ကန်များထဲတွင်  မြေမျက်နှာပြင်နိမ့်မြင့်မှတ်  အမြင့်ဆုံး ရေလှောင်ကန်ဖြစ်သည်။  ရေတွန်းစက်ရုံနှင့် ရေသန့်စက်ရုံများ  ပူးတွဲတည်ဆောက်ထားသည်။ ဂျိုးဖြူ ရေသန့်စင်စက်၏ စွမ်းဆောင်နိုင်မှုမှာ နေ့စဉ် ၁၂၃၀၀၀ကုဗမီတာ (ဂါလန်သန်းပေါင်း ၂၇)ခန့် သန့်စင် ပို့လွှတ်နိုင်သည်။ ရေပိုက်အချင်းမှာ ၅၆ လက်မ (၁ ဒသမ ၄၂ မီတာ)ရှိပြီး အလျား ၆၉ ဒသမ၂ ကီလိုမီတာ (၄၄ မိုင်)ခန့်ရှည်သည်။

ဖူးကြီးရေလှောင်ကန် (Pugyi Reservoir)

ဖူးကြီးရေလှောင်ကန်ကို ၁၉၇၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ၁၉၈၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ရေဖမ်းဧရိယာမှာ ၇၀ ဒသမ ၆ စတုရန်းကီလိုမီတာ (၂၇ ဒသမ ၂၇ စတုရန်းမိုင်)ခန့် ကျယ်ဝန်းသည်။ ဂျိုးဖြူရေလှောင်ကန် ရေဖမ်းဧရိယာထက် နှစ်ဆပိုမိုကျယ်ဝန်းသည်။ အများဆုံး ရေသိုလှောင်နိုင်မှု ပမာဏသည် ကုဗမီတာသန်းပေါင်း ၁၀၄ ဒသမ ၆ သန်း (၂၃၀၀၀ ဂါလန်သန်း)ခန့်ရှိသည်။ ရေထုတ်ယူ သုံးစွဲနိုင်ရန် အမြင့်မတူသည့် ရေယူဂိတ်ပေါက်နှစ်ခုတပ်ဆင်ထားသည်။

ဖူးကြီးရေလှောင်ကန်၏ ကန်ရေပြည့်မှတ်မှာ ၃၅ ဒသမ ၂ မီတာနှင့် အနိမ့်ဆုံးသုံးစွဲနိုင်သောရေမှတ်မှာ ၂၇ ဒသမ ၄ မီတာဖြစ်သည့်အတွက် ရန်ကုန်ရေပေးဝေရေး ရေလှောင်ကန်များထဲတွင် ဂျိုးဖြူပြီးလျှင် ဒုတိယအမြင့်ဆုံးကန်ဖြစ်သည်။ ဖူးကြီးရေပိုက်မှာ အချင်း ၆၀ လက်မ(၁ ဒသမ ၅၂ မီတာ)ရှိပြီး အလျား ၂၆ ကီလိုမီတာ(၄၁ မိုင်)ခန့်ရှည်သည်။ တစ်နာရီလျှင် ရေကုဗမီတာ ၅၁၆၀ (ဂါလန် ၁ ဒသမ ၁၄ သန်းခန့်)  တွန်းပို့နိုင်သောရေစက်သုံးလုံး  တပ်ဆင်ထားသည်။  သို့ရာတွင်မှတ်တမ်းများအရ တစ်နာရီလျှင် ၉၄၆၉ ကုဗမီတာ (ဂါလန် ၂ ဒသမ၀၈ သန်းခန့်)ထိ အမြင့်ဆုံးတွန်းပို့နိုင်သည့် မှတ်တမ်းရှိခဲ့သည်။ နေ့စဉ် အမြင့်ဆုံး ရေဂါလန်သန်း ၅၀ ခန့် တွန်းပို့နိုင်သည့် သဘောဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။