အဆုတ်ကင်ဆာရောဂါအကြောင်း သိကောင်းစရာများ

 

အဆုတ်ကင်ဆာရောဂါအကြောင်း သိကောင်းစရာများ

 

အဆုတ်ကင်ဆာရောဂါသည်  ကမ္ဘာတစ်လွှား     ကင်ဆာရောဂါများကြောင့် သေဆုံးရမှုများ၏     အဓိက နောက်ခံ အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ အမျိုးသားဖြစ်စေ၊   အမျိုးသမီးဖြစ်စေ အဆုတ်ကင်ဆာရောဂါ ခံစားရပါက တခြားကင်ဆာ ရောဂါများနှင့်ယှဉ်လျှင်  သေဆုံးနိုင်ခြေ ပိုများသည်။ အဆုတ်ကင်ဆာရောဂါလူနာ များ၏ ၈၅ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက် ခြင်းကြောင့်ဖြစ်ရသည်။ ကင်ဆာအဆင့်မြင့်နေပြီဆိုလျှင် ကုသမှုနည်းလမ်း ရွေးချယ်စရာနည်းသွားသည်။ ဆေးလိပ်ကို ရေရှည်သောက်သုံးခဲ့သူများအနေဖြင့်   အဆုတ်ကင်ဆာ ရောဂါကြိုတင်ရှာဖွေရေး လုပ်ငန်းများက    တစ်စုံတစ်ရာအကျိုးရှိပါသည်။ အဆုတ်ကင်ဆာရောဂါ ကြိုတင်ကာကွယ် ရေးအတွက်   ဆေးလိပ်နှင့်ဆေးရွက်ကြီး ရှောင်ကြဉ်ခြင်းနှင့်   လေထုညစ်ညမ်းမှုလျှော့ချခြင်း နည်းလမ်းများက အကျိုးရှိပါ သည်။

အဆုတ်ကင်ဆာရောဂါသည် အဆုတ်တွင်းလေပြွန်များမှလည်းကောင်း၊ အဆုတ် အသားလွှာများမှ လည်းကောင်း၊ အဆုတ်ဖုံး အမြှေးပါးများမှလည်းကောင်း    စတင်ဖြစ်ပွားသည့်ရောဂါဖြစ်သည်။   အဆုတ် ကင်ဆာရောဂါ အများစုက   ပြင်းထန်ပြီး အသက်သေဆုံးနိုင်ခြေများသည်။ အဆုတ် ကင်ဆာရောဂါ လက္ခဏာရပ်များမှာ အချိန်ကြာမြင့်စွာ   ချောင်းဆိုးခြင်း၊   ရင်ဘတ်အောင့်ခြင်းနှင့် မောပန်းခြင်းတို့ဖြစ်သည်။ အထက်ပါ လက္ခဏာရပ်များ  ခံစားရပါက ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသ သင့်သည်။ ဖြစ်ပွားသည့် လူနာ၏  ရောဂါ ရာဇဝင်နှင့်    ကင်ဆာအဆင့်တို့အပေါ် မူတည်ပြီး အဆုတ်ကင်ဆာရောဂါကုသမှု ပုံစံများ ကွာခြားသွားကြသည်။

၂၀၂၀ ပြည့်နှစ် GLOBOCAN အဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ အဆုတ်ကင်ဆာသည်    လူကိုသေစေနိုင်သော   အဓိက ကင်ဆာရောဂါအမျိုးအစားဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း  ကမ္ဘာတစ်ဝန်း  အဆုတ် ကင်ဆာရောဂါလူနာ ၁ ဒသမ ၈ သန်း သေဆုံးခဲ့သည်။ ကင်ဆာရောဂါလူနာသစ်  စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းဖြစ်သည်။   

အဆုတ်ကင်ဆာရောဂါကာကွယ်ခြင်း

ဆေးလိပ်နှင့်ဆေးရွက်ကြီးရှောင်ကြဉ် ခြင်းက အဆုတ်ကင်ဆာရောဂါကာကွယ် ရေးအတွက်   အဓိကအကျဆုံးဖြစ်သည်။ တစ်ဆင့်ခံဆေးလိပ်ငွေ့များ၊      လေထု ညစ်ညမ်းမှုများနှင့် လုပ်ငန်းခွင်အန္တရာယ် များမှ ရှောင်ရှားနိုင်ရန်အရေးကြီးသည်။ အဆုတ်ကင်ဆာရောဂါကို စောစီးစွာသိရှိ ခဲ့ပါက သက်တမ်းရှည်ရန် အလားအလာ များသည်။ အဆုတ်ကင်ဆာရောဂါကာကွယ်ရေးတွင် ပထမအဆင့် (Primary) နှင့်  ဒုတိယအဆင့်(Secondary) ဟူ၍ နှစ်မျိုး ခွဲနိုင်သည်။ ပထမအဆင့် အဆုတ်ကင်ဆာ ရောဂါကာကွယ်ရေး (Primary Prevention) က   ရောဂါမဖြစ်ခင်ကတည်းက ဆေးလိပ်၊  ဆေးရွက်ကြီးကိုရှောင်ရှားပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အပြုအမူများ ကိုကျင့်သုံးရန်ဖြစ်သည်။  ပထမအဆင့် အဆုတ်ကင်ဆာ ရောဂါကာကွယ်ရေးမှာ    လူတစ်ဦးချင်းစီက လိုက်နာဆောင်ရွက်ရန် လိုသလို    နိုင်ငံတော်အဆင့်   မူဝါဒများ ချမှတ်ပြီး   ဆောင်ရွက်ရခြင်းမျိုးလည်းရှိ သည်။    လေထုညစ်ညမ်းမှုလျှော့ချခြင်း၊ ဆေးလိပ်ကြော်ငြာများ  ထိန်းချုပ်ခြင်းနှင့်  လုပ်ငန်းခွင်ဘေးအန္တရာယ်များ လျှော့ချခြင်းတို့ကို     မူဝါဒများချမှတ်ဆောင်ရွက်ရန် လိုပါသည်။

ဒုတိယအဆင့် အဆုတ်ကင်ဆာရောဂါ ကာကွယ်ရေး (Secondary Prevention) တွင် ကင်ဆာဖြစ်ခါစ အခြေအနေ၌ ရောဂါ ကိုဖမ်းမိနိုင်ရန်ရည်ရွယ်သည်။   အဆုတ်ကင်ဆာရောဂါ   ကြိုတင်ရှာဖွေရေးနည်းလမ်းများ    အသုံးပြုရန်လိုအပ်ပါသည်။  Screening ဟုခေါ်သည့် အဆုတ်ကင်ဆာ ရောဂါ  ကြိုတင်ရှာဖွေရေး နည်းလမ်းများဖြင့်  စစ်ဆေးခြင်းဖြစ်ပါသည်။   အဆုတ် ကင်ဆာရောဂါ    ကြိုတင်ရှာဖွေရေးတွင် လူအားလုံးကို   ဓာတ်မှန်ရိုက်ရန်မလိုပါ။ ဆေးလိပ်ကို နှစ်ကာလကြာရှည်သောက်သုံး ခဲ့သူများကိုသာ အသက်ကန့်သတ်ချက်ဖြင့်

ကွန်ပျူတာဓာတ်မှန်ရိုက်စစ်ဆေးခြင်းဖြစ် ပါသည်။

အဆုတ်ကင်ဆာရောဂါရှာဖွေစစ်ဆေးခြင်း

အဆုတ်ကင်ဆာရောဂါဟု သံသယရှိပါက ရိုးရိုးဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်စက်ကွင်း ဓာတ်မှန်များရိုက်၍ ပုံရိပ် ဖော်စစ်ဆေးနိုင်သည်။ အဆုတ်ကင်ဆာ အသားစရယူနိုင်ရေးအတွက်    လေပြွန် အတွင်း မှန်ပြောင်းထည့်ကြည့်ပြီး အသားစ ယူနိုင်သည်။    အသားစအဖြေရရှိပါက မော်လီကျူးအဆင့် အသေးစိတ်စစ်ဆေးမှုများကို  ကုသမှုအစီအစဉ်  အသေးစိတ်ရွေးချယ်ရန်အတွက်    ဆက်လက်ပြုလုပ် နိုင်ပါသည်။

အဆုတ်ကင်ဆာရောဂါကုသမှုများ

အဆုတ်ကင်ဆာကုသရာတွင် လူနာ၏ နောက်ခံကျန်းမာရေး အခြေအနေ၊ ကင်ဆာ ပျံ့နှံ့မှုအဆင့်၊ အသားစအဖြေအသေးစိတ် စစ်ဆေးမှုများအပေါ် မူတည်ပြီး  ကုသမှု အစီအစဉ်ကို   ချင့်ချိန်ဆုံးဖြတ်ရသည်။ အဆုတ်ကင်ဆာရောဂါကုသရေး၌ ခွဲစိတ် ကုသခြင်း၊     ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ တိုက်ရိုက် ပစ်မှတ်ကုထုံးနှင့် ကိုယ်ခံစွမ်းအားကုထုံး များဖြင့်ကုသခြင်းတို့ဖြင့်  ကုသနိုင်သည်။   လူနာတစ်ဦးချင်းစီကို အထက်ပါကုသမှု အားလုံးဖြင့် ကုသရန်လိုချင်မှလိုအပ်ပါမည်။ ဥပမာ-ခွဲစိတ်ကုသမှုကို ရောဂါစောစီးစွာ သိရှိသည့် အဆုတ်ကင်ဆာရောဂါလူနာ များတွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။

ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းကို ခွဲစိတ်ကုသမှုနှင့် ကင်ဆာဆေးသွင်းကုသမှုများ ဒဏ်ကိုမခံနိုင်သည့် လူနာများတွင်  အသုံးပြုနိုင်သည်။  နေရာအတော်များများ ပျံ့နှံ့နေသည့် အဆုတ်ကင်ဆာရောဂါလူနာများ အတွက် ဓာတ်ရောင်ခြည်ကုထုံးက ပြီးပြည့်စုံသော ကုသမှုမဖြစ်နိုင်ပေ။ ကင်ဆာဆေးသွင်းခြင်းနှင့်   နောက်ဆုံးပေါ်   ကိုယ်ခံစွမ်းအားကုထုံးများဖြင့် ကုသခြင်းလုပ်ငန်း များကို  ကင်ဆာပျံ့နှံ့မှုအဆင့်မြင့်သည့် လူနာများတွင်   အသုံးပြုလေ့ရှိကြသည်။ တိုက်ရိုက်ပစ်မှတ်ကုထုံးများမှာ သောက်ဆေးအများစုဖြစ်ပြီး မျိုးဗီဇပျက်ယွင်းမှုရှိသည့် လူနာများတွင်သာ   အသုံးပြုနိုင်ကြသည်။

အဆုတ်ကင်ဆာရောဂါအဆင့်အလိုက် ကုသမှုပုံစံများ

အဆုတ်ကင်ဆာရောဂါ လက္ခဏာများမှာ  ရောဂါစတင် ဖြစ်ပွားသည့်ကာလတွင်  မထင်ရှားတတ်ကြပေ။ ထို့ကြောင့် အဆုတ် ကင်ဆာရောဂါကို     စောစီးစွာသိရှိရန်  မလွယ်ကူခြင်းဖြစ်သည်။ ကံကောင်းသည့် လူနာတချို့မှာ အကြောင်းတိုက်ဆိုင်သဖြင့်    ဓာတ်မှန်ရိုက်မိရာမှ အဆုတ်ကင်ဆာရောဂါ ကို စောစီးစွာ ရှာတွေ့မိပြီး ကုသခွင့်ရကြပါသည်။ အဆုတ်ကင်ဆာရောဂါအစောပိုင်း အဆင့်များသည် တခြားကိုယ်အင်္ဂါအစိတ် အပိုင်းများသို့ ပျံ့နှံ့ခြင်းမရှိဘဲ အရွယ်အစား ၂ စင်တီမီတာမှ ၃ စင်တီမီတာခန့်သာ ရှိသေးပြီး အဆုတ်မြွှာတစ်ခုတည်း၌ တည်ငြိမ်နေတတ်ကြပါသည်။

ထို့ကြောင့် အကျိတ်ရှိနေသည့်အဆုတ်မြွှာကို  ဖြတ်ထုတ်ခြင်း  (lobectomy)၊ အဆုတ်အစိတ်အပိုင်း   အကန့်တစ်ခုခုကို ဖြတ်ထုတ်ခြင်း (Segmentectomy) နှင့် အကျိတ်ပတ်ဝန်းကျင်မှ အဆုတ်အသား များကို ရသလောက်ဖြတ်ထုတ်ခြင်း(Wedge resection) ဖြင့် ခွဲစိတ်ကုသနိုင်ကြပါ သည်။

အဆုတ်မှ    အကျိတ်အရွယ်အစားအတန်ငယ်ကြီးနေသည့်  လူနာများတွင်မူ မခွဲစိတ်မီ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ် ရောင်ခြည်ဖြင့် ကုသခြင်းများဖြင့် ကြိုတင် ကုသနိုင်ပါသည်။ Neoadjuvant ကုထုံး ဟု ခေါ်ကြပါသည်။ ဆေးကုပြီး အကျိတ်ကျုံ့သွားမှ ခွဲစိတ်ကုသကြသည်။ ထိုကဲ့သို့ မခွဲစိတ်မီ   ကြိုတင်ကုသခြင်းဖြင့်  ခွဲစိတ် သည့်အခါ  ပိုမိုလွယ်ကူခြင်း၊  သွေးထွက်နည်းခြင်း၊ ဒဏ်ရာသေးခြင်းနှင့်ခွဲစိတ်မှု ရလဒ်ပိုမိုကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ခွဲစိတ်ကုသမှုဒဏ်ကို     မခံနိုင်သည့် အသက်ကြီးသူများ၊     နောက်ခံရောဂါ ကြီးကြီးမားမားရှိသူများအတွက်    ဓာတ်ရောင်ခြည်ကုထုံးကို အဓိကကုသမှုအဖြစ် အသုံးပြုကြသည်။ ယခုနောက်ပိုင်း ရောဂါရှာဖွေရေး နည်းပညာသစ်များ၊ ကုထုံးသစ် များပေါ်ပေါက်လာခဲ့ပြီးနောက် မျိုးဗီဇပျက်ယွင်းမှုများအတွက်    တိုက်ရိုက် ပစ်မှတ်ကုထုံး၊    ကိုယ်ခံစွမ်းအားကုထုံးများဖြင့် ကုသလာကြပါသည်။ မှတ်သားရန်အချက်မှာ  ကင်ဆာကုထုံး လုပ်ငန်းစဉ် လမ်းညွှန်ချက်များရှိသော်လည်း ဆေးကုသရာတွင် လူနာတစ်ဦးချင်းစီအလိုက် ချင့်ချိန်သုံးသပ်ပြီး ကုသကြရန်ဖြစ်ပါသည်။

အဆုတ်ကင်ဆာရောဂါသည် အဆုတ်ပြင်ပ အသည်း၊ ဦးနှောက် အစရှိသည့်    တခြားကိုယ်အင်္ဂါများသို့   ရောက်ရှိပျံ့နှံ့နေပါက    ပျောက်ကင်းအောင်  ကုသရန် မလွယ်ကူတော့ချေ။ ထိုအခြေအနေမျိုးတွင် အဆုတ်ကင်ဆာရောဂါ ကုသခြင်း၏ ရည်ရွယ်ချက်မှာ ရောဂါကိုအမြစ်ဖျက်ရန်ထက်  သက်တမ်းရှည်စေရန်၊ ခံစားနေရ သည့်လက္ခဏာများ    သက်သာစေရန်နှင့် ဘဝအရည်အသွေး   မြင့်မားစေရန်ဖြစ်ပါသည်။ ပျံ့နှံ့မှုများသည့် အဆုတ်ကင်ဆာ အခြေအနေမျိုးတွင် ခွဲစိတ်ခြင်း၊ ဓာတ်ကင် ခြင်းတို့ထက်    ကင်ဆာဆေးသွင်းခြင်း၊ တိုက်ရိုက်ပစ်မှတ်ကုထုံးဖြင့် ကုသခြင်းနှင့် ကိုယ်ခံစွမ်းအားကုထုံးများဖြင့် ကုသခြင်းကို ပိုပြီးအသုံးပြုကြသည်။    ကမ္ဘာမှာရော မြန်မာမှာပါ အဓိကအားကိုးရသည့် အဆုတ် ကင်ဆာရောဂါကုသမှုက  ကင်ဆာဆေး သွင်းကုသခြင်းပင်ဖြစ်သည်။

တိုက်ရိုက်ပစ်မှတ်ကုသခြင်း (Targeted therapy) မှာ ဆေးလိပ်မသောက်တတ် သည့် အာရှသူ အမျိုးသမီးများထံတွင် ပိုပြီး အသုံးတည့်သည်။ မျိုးဗီဇပုံစံပျက်ယွင်းမှု ရှိမှ  အစွမ်းထက်သည့်ကုထုံးဖြစ်ပါသည်။ အသားစအဖြေကို ထပ်မံအသေးစိတ်စစ် ဆေးခြင်းဖြင့်သော်လည်းကောင်း၊ သွေးစစ် ၍ မျိုးဗီဇအစီအစဉ် (Genetic sequencing) စစ်ဆေးခြင်းဖြင့်သော်လည်းကောင်း မျိုးဗီဇပျက်ယွင်းမှု ရှိ၊ မရှိ  သိရှိနိုင်ပြီး တိုက်ရိုက်ပစ်မှတ်ကုထုံးဖြင့် ကုသခွင့်ရကြသည့်      အဆုတ်ကင်ဆာလူနာများ၏ သက်တမ်းမှာ အရှည်ဆုံး ဖြစ်သည်။

ကိုယ်ခံစွမ်းအားကုထုံးမှာ    ကင်ဆာရောဂါကုသရေးတွင် ပေါ်ထွက်လာသည့် နောက်ဆုံးပေါ် ကုသနည်း ဖြစ်သည်။ နည်းပညာ အဆင့်မြင့်မား၍ ကုန်ကျစရိတ်လည်း များသည်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သည့် ပြင်ပပိုးမွှားများ၊  ဆဲလ်ကလာပ်စည်းများ    ပေါ်ပေါက်လာပါက ကိုယ်ခံစွမ်းအားစနစ်မှ    တိုက်ထုတ်ပစ် ရသည်။ ကင်ဆာဆဲလ်များသည် ခန္ဓာကိုယ် ၏ကိုယ်ပိုင်မဟုတ်သော၊ ပုံမှန်မဟုတ်သော ဆဲလ်များဖြစ်၍   ကိုယ်ခံစွမ်းအားဆဲလ်များမှ  တိုက်ထုတ်ပစ်ရန်တာဝန်ရှိသည်။ တချို့သော ကင်ဆာ ဆဲလ်များမှာ ကိုယ်ခံ စွမ်းအားစနစ်ကို ပိတ်ဆို့နိုင်သည့် စွမ်းအားရှိ သည်။ ယင်းပိတ်ဆို့ထားသည့် ကိုယ်ခံစွမ်း အားစနစ်ကို ဖွင့်ပေးနိုင်သည့် ဆေးဝါးများသည် ကိုယ်ခံစွမ်းအားကုထုံး(Immuno-therapy) ပင်ဖြစ်သည်။ အဆုတ်ကင်ဆာ ရောဂါကုသရေး နောက်ဆုံးပေါ်လမ်းညွှန်ချက်များအရ  ကိုယ်ခံစွမ်းအားကုထုံးများသည်  ရောဂါရင့်အဆုတ်ကင်ဆာရောဂါများအတွက်  ပထမဆုံးဦးစားပေးကုသမှု များဖြစ်လာပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အဆုတ်ကင်ဆာထိန်းချုပ်ရေး ဆောင်ရွက်မှုများ WHO အနေဖြင့် အဆုတ်ကင်ဆာ၏ ကမ္ဘာကြီးအပေါ် ဖိစီးမှုဝန်ထုပ်ဝန်ပိုးကို အမြဲလေ့လာသုံးသပ်ပြီး ပြည်သူ့ကျန်းမာ ရေးအမြင်ဖြင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေး၊  အဆုတ်ကင်ဆာ ရောဂါကြိုတင် ရှာဖွေရေးနှင့်    အဆုတ်ကင်ဆာရောဂါကုသမှု အဆင့်အတန်း မြင့်မားပြည့်မီစေရေး အတွက် သက်ဆိုင်ရာနိုင်ငံ ကျန်းမာရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးနှင့် ကိုက်ညီသည့်    စားသောက်မှုပုံစံနှင့် ပုံမှန်လေ့ကျင့်ခန်းပြုလုပ် ခြင်းများသည်လည်း အဆုတ်ကင်ဆာရောဂါ ကာကွယ်ရေးအတွက်  အရေးကြီးသည်။ WHO မှ အဖွဲ့ဝင်နိုင်ငံများအပေါ် ကင်ဆာ ရောဂါကုသမှု လမ်းညွှန်ချက်များ အကြံပြုခြင်း၊ အခြေခံ မရှိမဖြစ်ကင်ဆာဆေးဝါးများ ညီတူညီမျှ ရရှိနိုင်ကြစေရန် ကူညီပေးခြင်း၊   နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်    အသိပညာဖလှယ်ကြခြင်းဖြင့် အဆုတ် ကင်ဆာရောဂါကုသရေး လုပ်ငန်းစဉ်များ   အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

ဒေါက်တာလွှမ်းမိုးဟန်