မြန်မာအမျိုးသမီးများ ကဏ္ဍမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်ပေး
(မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြုဆောင်းပါး)
နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများကို နိုင်ငံတစ်ဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်လျက်ရှိသော အမျိုးသမီးအားလုံးကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးများသည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် နေထိုင်ခဲ့စဉ်ကတည်းကပင် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့ကြသည်။ ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုများတွင် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လည်းကောင်း ဇွဲစိတ်သန်သန် အနစ်နာခံကာ တိုင်းချစ်ပြည်ချစ်စိတ် အပြည့်အဝဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် သမိုင်းတစ်လျှောက်တွင်လည်း ဘာသာသာသနာ၊ နိုင်ငံရေး၊ ပညာရေး၊ စာပေ၊ အနုပညာ၊ စီးပွားရေးစသည့် အရေးပါသော အခန်းကဏ္ဍများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက် ရှိကြသည်။
မြန်မာအမျိုးသမီးများနေ့
၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသမီးရေးရာ ကော်မတီစတင်ဖြစ်တည်လာသောနေ့ကို အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကာ ကျင်းပပေးခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရသည် အမျိုးသမီးများ၏ လူမှုဘဝမြှင့်တင်ရေး အတွက် ထိုကော်မတီကိုဖွဲ့စည်း ထူထောင်ပေးခဲ့ခြင်းဖြစ်သည်။
ထိုကော်မတီသည် အမျိုးသမီးများ ပညာရည်အဆင့်အတန်း မြင့်မားရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ၁၉၉၈ ခုနှစ် ဇူလိုင်လ ၃ ရက်မှစ၍ မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်များနှင့် လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များကိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပကြသည်။
၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဇူလိုင်လ ၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-II) ၌ ကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးဆုများကို ချီးမြှင့်ခြင်းနှင့် ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသခြင်းတို့ကို ခမ်းခမ်းနားနား ဆောင်ရွက်ခဲ့ပြီး ထိုအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ခဲ့သည်။
ထို့ပြင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် “ခေတ်ပြိုင်ဆင်ယင်၊ ယဉ်ကျေးအသွင်၊ တင့်တယ်ခြယ်သ၊ မြန်မာအမျိုးသမီးများအလှ ဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ” ကို၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။
မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အလာကတည်းက အမျိုးသားများ နည်းတူသာတူညီမျှ လူ့အခွင့်အရေးများကို ယနေ့အထိ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီစွာ ခံစားနေကြရကြောင်း အားလုံးသိရှိပြီးဖြစ်သည်။ ခေတ်အဆက်ဆက်မှာ မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ် အသီးသီးတွင် အမျိုးသမီးများမှာ အမျိုးသားများနှင့် တန်းတူရင်ပေါင်တန်းပြီး လွတ်လပ်တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် အမျိုးသမီးများ ကိုယ်တိုင်ဦးဆောင်သော မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ၏ ထောင်စုနှစ်ပန်းတိုင် (၁၇)ရပ်အနက် ပန်းတိုင် (၅)”ကျား၊ မ တန်းတူညီမျှမှု ရရှိရေးနှင့် အမျိုးသမီးများ အားလုံး စွမ်းပကား တိုးမြှင့်စေရေး” (Goal 5-Achieve gender equality and empower all women and girls.)ဟူသည့် အချက်အရ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည်။
အမျိုးသမီးရေးရာ ကော်မတီ၏ကြိုးပမ်းမှုများ
မြန်မာနိုင်ငံတွင် အမျိုးသမီးများဘဝ လုံခြုံမှုရှိစေရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီနှင့် လုပ်ငန်းကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းထားပြီးဖြစ်သည်။ ထိုကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းကြီးများသည် အမျိုးသမီးများ သာတူညီမျှအခွင့်အလမ်းများ ရရှိခံစားနိုင်စေရန် အားသွန်ခွန်စိုက် လှုပ်ရှား ဆောင်ရွက်လျက်ရှိကြသည်။
မြန်မာနိုင်ငံသည် အာဆီယံ အမျိုးသမီးရေးရာ ကော်မတီနှင့် အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကော်မရှင်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင်းနိုင်ငံများအနက် လူကုန်ကူးမှုတားဆီးရေး ဥပဒေကို ပထမဆုံး ရေးဆွဲပြဋ္ဌာန်းနိုင်သည့် နိုင်ငံလည်းဖြစ်သည်။
အမျိုးသမီးရေးရာကော်မတီသည် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲရေး၊အမျိုးသမီးများ အခွင့်အရေးနှင့် ကျား၊ မတန်းတူညီမျှမှုဆိုင်ရာ အသိပညာပေးမှု အစီအစဉ်များ၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးကွန်ဗင်းရှင်းတွင် ပါဝင်သည့်ပြဋ္ဌာန်းချက်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သည့်ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဣန္ဒြေကြီးမားသူများ
မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့သည်ကို ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းများက သက်သေတည်လျက်ရှိသည်။ ထိုသို့ယဉ်ကျေးမှု မြင့်မားမှုနှင့်အတူ မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ပြောဆိုနေထိုင်မှု အဆင့်အတန်းသည်လည်း မြင့်မားခဲ့သည်။ ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသမီးများ ဝတ်ဆင်ခဲ့သော ချိတ်ထဘီနှင့် ရင်ဖုံးအင်္ကျီသည် ကြည့်မဝနိုင်သော ဖက်ရှင်ပင်ဖြစ်သည်။ နက်မှောင်ရှည်လျားဖြောင့်ဆင်းနေသော ဆံကေသာ အလှသည်လည်း မြန်မာအမျိုးသမီးများ၏ ကျက်သရေရှိသော အလှတွင် ပါဝင်လျက်ရှိသည်။ ထို့ပြင် မြန်မာအမျိုးသမီးများသည် ဣန္ဒြေကြီးမားသော အမျိုးကောင်းသမီးများပင်ဖြစ်ကြသည်။ ဆင်မယဉ်သာ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်၊ “အမျိုးသမီးတို့ ဣန္ဒြေရွှေပေးလို့မရ”ဆိုသောစကားများသည် မြန်မာအမျိုးသမီးများကို တင်စားပြောဆိုထားသည့် စကားရပ်ပင်ဖြစ်သည်။ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ယဉ်ကျေးသိမ်မွေ့လှသော မြန်မာအမျိုးသမီးတစ်ဦး၏ ခြေသလုံးသားကိုပင် မြင်တွေ့ဖို့ရန်ခဲယဉ်းလှသည်။
မွေးရာပါအခွင့်အရေးများ
မြန်မာနိုင်ငံတွင် မြတ်စွာဘုရား လက်ထက်ကတည်းကပင် အမျိုးသမီးများကို အမျိုးသားများကဲ့သို့ တန်းတူအခွင့်အရေးများ ပေးခဲ့ရာ မျက်မှောက်ကာလ အထိပင်ဖြစ်သည်။ မြန်မာအမျိုးသမီးများသည် လွတ်လပ်စွာကိုးကွယ်ခွင့်၊ ပညာသင်ကြားခွင့်၊ သွားလာခွင့်နှင့် မိမိချစ်ခင်စုံမက်သူကို ရွေးချယ်လက်ထပ်ခွင့်များ ရှိကြသည်။
မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှုနှင့် ကန့်သတ်ချုပ်ချယ်မှု မရှိသောကြောင့် အမျိုးသမီးများသည် ကြိုးစားလျှင်ကြိုးစားသလောက် ခံစားခွင့်ရှိကြသည်။ အထူးသဖြင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် နိုင်ငံ့ကိုယ်စားပြု သံအမတ်ကြီးများ အဆင့်ကဲ့သို့ ကြီးလေးသော တာဝန်များကိုပင် အမျိုးသားများနည်းတူ တာဝန်ယူထမ်းဆောင်လျက်ရှိကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် အမျိုးသားများနည်းတူ သာတူညီမျှ အခွင့်အလမ်းများ ရရှိလျက်ရှိသောကြောင့် ကမ္ဘာပေါ်တွင် ကံကောင်းသော အမျိုးသမီးများဟုပင် ဆိုရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက ထူးချွန်သော အမျိုးသမီးများကို ထိုက်ထိုက်တန်တန် ချီးမြှောက်ပေးလျက်ရှိသည်။
ထိုအခွင့်အလမ်းကောင်းများကို လက်ဝယ်ပိုင်ဆိုင်နိုင်ရေးအတွက် အမျိုးသမီးများသည် အမျိုးသားများနှင့်အပြိုင် ကြိုးပမ်းအားထုတ် သွားရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍတွင်သာမက ကာကွယ်ရေးကဏ္ဍ၌ပင်လျှင် ပါဝင်ထမ်းဆောင်ခွင့် ရရှိနေပြီဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ “၂၀၂၃ ခုနှစ်မှာ UN Women နဲ့ UNDPတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ “ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ စွမ်းဆောင်နိုင်မှုနဲ့ ကျား၊ မ တန်းတူညီမျှရေး လေ့လာဆန်းစစ်ချက် အစီရင်ခံစာ” အရ ညွှန်းကိန်းများအနေနဲ့ (၀ ဒသမ ၈)အထက်က အမြင့်ဆုံးဖြစ်ပြီး (၀ ဒသမ ၆)အထက်ဟာ အလယ်အလတ်ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများ စွမ်းဆောင်နိုင်မှု ညွှန်းကိန်းမှာ (၀ ဒသမ ၅၁၈)၊ ကျား၊ မ ရေးရာ ညွှန်းကိန်းမှာ (၀ ဒသမ ၅၉၈) တို့ဖြစ်တဲ့အတွက် အလယ်အလတ်အဆင့်ရဲ့ အောက်နားမှာ ရှိနေကြောင်း၊ လူသားဖွံ့ဖြိုးတိုးတက်မ ှုညွှန်းကိန်းအနေနဲ့ကတော့ (၀ ဒသမ ၅၅၀)နဲ့ (၀ ဒသမ ၆၉၉) ကြားရှိတဲ့အတွက် အလယ်အလတ်အဆင့်မှာရှိကြောင်း၊ ဒါ့ကြောင့် အမျိုးသမီးတွေကို ကဏ္ဍအသီးသီးမှာ စွမ်းဆောင်ရည် ပြည့်ဝပြီး ကျား၊ မ တန်းတူရည်တူပါဝင်နိုင်မှု ပိုမိုတိုးတက်မြင့်မားရေးကို အလေးထားပြီး ဆက်လက်ဆောင်ရွက် ပေးကြရမှာဖြစ်ကြောင်း}} ထည့်သွင်း ပြောကြားခဲ့သည်။
ကံကောင်းသောမြန်မာအမျိုးသမီးများ
မြန်မာနိုင်ငံတွင်မူ မိဘများသည် သားနှင့် သမီး နှစ်ဦးစလုံးကိုရတနာလိုပင် သဘောထားကြသည်။ မြန်မာ့လူမှု အဖွဲ့အစည်းတွင် သားနှင့်သမီးကို ခွဲခြားဆက်ဆံလေ့ မရှိဘဲတစ်ပြေးညီသာ ဆက်ဆံကြသည်။ မိဘများ၏အမွေကိုလည်း သားနှင့်သမီးများကို ညီတူညီမျှခွဲဝေပေးသည့် အလေ့အထ ကောင်းများ ရှိနေသည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင် လူဖြစ်ရသော အမျိုးသမီးများသည် ခွဲခြားဆက်ဆံခြင်း ခံနေရသည့် ကမ္ဘာ့အခြားနိုင်ငံများရှိ အမျိုးသမီးများနှင့်မတူ အမျိုးသမီးအခွင့်အရေးများ ပိုမိုရရှိခံစား နေကြရသူများဖြစ်ကြသည်။
ထို့ကြောင့် မြန်မာအမျိုးသမီးများသည် မိမိတို့ရရှိထားသည့် အခွင့်အလမ်းများကို ပိုင်နိုင်စွာအသုံးချလျက် တိုင်းပြည်နှင့်လူမျိုးအကျိုးကို တတ်အားသရွေ့ သယ်ပိုးဆောင်ရွက်သွားသင့်သည်။
မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတွင် အရေးပါသည့် အင်အားစုတစ်ရပ် ဖြစ်ပြီးနိုင်ငံအတွက် အလွန်အဖိုးတန်သော လူသားအရင်းအမြစ်များဖြစ်ကြသည်။ မြန်မာအမျိုးသမီးများသည် လောကကိုတစ်ဖက်တစ်လမ်းမှ တာဝန်ယူသူများ၊လူငယ်လူရွယ်များ၏ အနာဂတ်ကို လှပအောင်ဖန်တီးသူ ဥယျာဉ်မှူးများဖြစ်ကြသည်။ တစ်နည်းအားဖြင့် အနာဂတ် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို ပုံသွင်းထုဆစ်ပေးကြသည့် ဗိသုကာပညာရှင်များဖြစ်ကြသည်။
မြန်မာအမျိုးသမီးများ ကဏ္ဍမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ပေးဆိုရလျှင် မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောနိုင်ငံပင်ဖြစ်သည်။ ထို့ကြောင့် ရေမြင့်ကြာတင့်ဆိုသလို မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုသည်လည်း အဆင့်အတန်းမြင့်မားလျက်ရှိသည်။ ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသမီးများ ဝတ်ဆင်ခဲ့သော ဆင်ယင်ထုံးဖွဲ့မှုသည် တစ်မူထူးခြားမှုရှိသဖြင့် နိုင်ငံခြားသားများသည်ပင်လျှင် ခုံမင်နှစ်သက်စွာ ဝတ်ဆင်လျက်ရှိကြသည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများသည် ယဉ်ကျေးမှုမြင့်မားသည့် မြန်မာတို့၏ ဝတ်စားဆင်ယင်မှု၊ အနေအထိုင်နှင့် အပြုအမူများကို စဉ်ဆက်မပြတ်ထိန်းသိမ်း သွားရန်လိုအပ်ပေသည်။ တချို့သောနိုင်ငံများတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံပြီး ဖျော်ဖြေရေး အဆင့်မျှသာ သဘောထားနေချိန်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် အမျိုးသားများနည်းတူ နိုင်ငံတော် တည်ဆောက်ရေး ကဏ္ဍများတွင် ပါဝင်စွမ်းဆောင်ခွင့် ရရှိနေကြသည်။ အထူးသဖြင့် မြန်မာအမျိုးသမီးများ အားလုံး သက်ရှင်နေထိုင်စဉ် ကာလအတွင်း ကြောက်လန့်စိုးရိမ်မှုမှ ကင်းဝေးပြီး လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ရေး အတွက် ၎င်းတို့၏ကဏ္ဍမြှင့်တင်ရာတွင် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားကြပါစို့ဟု အကြံပြုတိုက်တွန်း သွားလိုပါသည်။ ။