ဒရုန်းနည်းပညာတွင် ရှေ့တန်းမှ ရပ်တည်နိုင်ရေး လုပ်ဆောင်လာသည့် ရုရှား
ရုရှားနိုင်ငံသည် လက်ရှိတွင် ၎င်းတို့၏ စစ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရေး အတွက် ဒရုန်း အမျိုးအစားသစ်များကို အားကြိုးမာန်တက် ထုတ်လုပ်လျက်ရှိသည်။ ရုရှားနိုင်ငံ၏ ဒရုန်းထုတ်လုပ်ရေး အစီအစဉ်များသည် ၎င်းတို့၏စစ်ဆင်ရေးများနှင့် ခြိမ်းခြောက်မှုများကို တန်ပြန်နိုင်ရေးအတွက် စစ်လက်နက်အများအပြား ထုတ်လုပ်မည့် အစီအစဉ်အပေါ်အလေးထား လုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိတွင် ရုရှားနိုင်ငံသည် ပေါက်ကွဲစေတတ်သည့် ထိပ်ဖူးတပ်ထားသော ရန်သူ၏ ဒရုန်းများကို ကြားဖြတ်ဟန့်တားရန် အတွက် ထုတ်လုပ်ထားသည့် Vogan-9SP တစ်ခါသုံးဒရုန်းကို လူသိရှင်ကြား ဖော်ထုတ်ပြသခဲ့ပြီဖြစ်သည်။ အဆိုပါဒရုန်းအား စိန့်ပီတာစဘတ်မြို့တွင် ဇူလိုင်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပခဲ့သည့့် UAV ထောက်လှမ်းဖော်ထုတ်မှုနှင့် တန်ပြန်နိုင်ရေးအစီအစဉ်များဟု အမည်ပေးထားသည့် ကွန်ဖရင့်တစ်ခု၌ Red Line ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက သတင်းထောက်များအား ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါဒရုန်းသည် ဒလက်လေးခုပါ ဒရုန်းအမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ခန့် အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး ရှာဖွေတွေ့ရှိထားသော ပစ်မှတ်ကို တိုက်ခိုက်ရာတွင် လေဆာစနစ်၊ ရေဒါစခန်းနှင့် တွဲဖက်၍ လုပ်ဆောင်နိုင်သည်ဟု ၎င်းကိုယ်စားလှယ်က ပြောကြားခဲ့သည်။ ရန်သူ၏ ပစ်မှတ်ကိုမတိုက်ခိုက်မီ Vogan-9SP ဒရုန်းအနေဖြင့် ၎င်း၏ ကင်မရာမှတစ်ဆင့် ပုံရိပ်ကို ထိန်းချုပ်မောင်းနှင်သူထံ ပေးပို့ရမည်ဖြစ်ပြီး ပေးပို့လိုက်သည့် ရန်သူ၏ပစ်မှတ်အပေါ် အခြေခံ၍ ထိန်းချုပ်မောင်းနှင်သူက ဆုံးဖြတ်ချက်ချ၍ တိုက်ခိုက်ရန် ဒရုန်းအား ညွှန်ကြားရမည်ဖြစ်သည်။
Vogan-9SP ဒရုန်း၏ အဓိကလုပ်ဆောင်ချက်မှာ နိုင်ငံအတွင်းသို့ တိုက်ခိုက်ဖျက်ဆီးရန် ဝင်ရောက်လာသည့် အသေခံတိုက်ခိုက်မည့် ဒရုန်းများအား ပစ်မှတ်သို့မရောက်ရှိမီ အချိန်မီကြားဖြတ် တားဆီးရန်ဖြစ်သည်။
ရုရှားနိုင်ငံသည် အဆိုပါဒရုန်းအား စမ်းသပ်မောင်းနှင် ထားပြီးဖြစ်သည့်အပြင် တစ်နာရီလျှင် ၂၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်သည့် ပိုမိုကောင်းမွန်သော ဒရုန်းကို ထုတ်လုပ်လျက်ရှိသည်။ အဆိုပါ ဒရုန်းသည် လေကြောင်းကာကွယ်ရေး မဟာဗျူဟာများကို ပြောင်းလဲပစ်နိုင်မည့် အလားအလာရှိသည်ဟု ဆိုထားသည်။
Vogan-9SP ဒရုန်းသည် အရွယ်အစား တူညီမှုရှိသည့် သာမန်သမားရိုးကျ ဒရုန်းများနှင့်မတူဘဲ ဒေါင်လိုက်အတက်အဆင်း လုပ်ဆောင်နိုင်သည့်အပြင် ပြန်လည်အသုံးပြုနိုင်သည့် တွန်းတင်ပေးသည့် စနစ်ကို အသုံးပြုနိုင်သည်။ ရုရှားနိုင်ငံက ထုတ်လုပ်ထားသည့် Vogan-9SP ကြားဖြတ်ဟန့်တားရေး ဒရုန်းသည် လေကြောင်းကာကွယ်ရေးအတွက် လမ်းသစ်တစ်ရပ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း ပြင်သစ်တပ်မတော်မှစစ်ဦးစီးချုပ်(ကြည်း)က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် တိုက်ခိုက်ရေးဒရုန်းများ ထုတ်လုပ်နိုင်ရေး အတွက် တရုတ်နိုင်ငံနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ရုရှားနှင့် တရုတ်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများသည် ယူကရိန်းတွင် အသုံးပြုနေသည့် အီရန်၏ Shahed ဒရုန်းပုံစံနှင့်ဆင်တူသော တိုက်ခိုက်ရေးဒရုန်း တစ်မျိုးကို ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိသည်။
အဆိုပါဒရုန်းကို ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ် ကတည်းက ရုရှားနှင့် တရုတ်တို့ကြား ကျင်းပနေခဲ့ခြင်းဖြစ်ပြီး ယင်းဒရုန်းအား မကြာမီကာလအတွင်း ရုရှားနိုင်ငံက အသုံးပြုနိုင်မည့် အလားအလာများ ထွက်ပေါ်လာခြင်းကြောင့် အနောက်နိုင်ငံများကြား သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။
ရုရှားနှင့် တရုတ်ကုမ္ပဏီများသည် အဆိုပါဒရုန်းမူကွဲ တစ်မျိုးကို ၂၀၂၄ ခုနှစ်တွင် စတင်စမ်းသပ်လျက်ရှိပြီး ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိသည်ဟု ဥရောပမှအတွင်းသိ အရာရှိများက သတိပေးပြောဆိုထားသည်။ ရုရှားနိုင်ငံအတွက် ရုရှားနှင့် တရုတ်ကုမ္ပဏီများက Shahed ဒရုန်းနှင့်ဆင်တူသော တိုက်ခိုက်ရေးဒရုန်း တစ်မျိုးအား ထုတ်လုပ်ပေးနိုင်ခြင်းသည် ယင်းနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ရုရှားအပေါ် တရုတ်၏ ထောက်ခံမှုတိုးမြှင့် လာမှုကို ပြသနေခြင်းဖြစ်သည်။
ရုရှားနိုင်ငံ၏ ဒရုန်းနည်းပညာသည် မကြာမီကာလအတွင်း ထူးခြားစွာတိုးတက် လာခဲ့သည့်အပြင် ဒရုန်းတိုက်ဖျက်ရေးတွင်လည်း ရန်သူ၏ အရွယ်အစားအသေးငယ်ဆုံးသော ဒရုန်းများကို ရှာဖွေဖော်ထုတ် နိုင်သည့် ရေဒါစနစ်တစ်ခုကိုလည်း ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ အဆိုပါရေဒါစနစ်ကို Iney ရေဒါစခန်းဟု အမည်ပေးထားပြီး ယင်းစနစ်သည် အကွာအဝေးအားဖြင့် ငါးကီလိုမီတာတွင် ပျံသန်းလာသည့် အသေးစား ဒရုန်းများကို ရှာဖွေထောက်လှမ်းနိုင်စွမ်းရှိသည်။ ထို့ပြင် ယင်းရေဒါစနစ်၏ ထူးခြားချက်မှာ ပျံသန်းလာသည့် အရာဝတ္ထုသည် ငှက် သို့မဟုတ် ဒရုန်းအမျိုးအစား ဟုတ်၊ မဟုတ်ကို ခွဲခြားနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ရုရှားနိုင်ငံသည် ၎င်းတို့၏ ကာကွယ်ရေးစွမ်းအားကို ထပ်မံတိုးမြှင့်နိုင်ရန် ကြိုးပမ်းနေသည့်အပြင် ၎င်းတို့ထုတ်လုပ်ထားသည့် လက်နက်စနစ်များမှာ အခြားဥရောပနိုင်ငံများက အားကျလောက်သည့် ထူးခြားသော လက်နက်စနစ်များ အဖြစ် ထွက်ပေါ်လာလျက်ရှိသည်။