အသည်းကင်ဆာလူနာများကို အသည်းရောင်အသားဝါစီပိုးကုသခြင်း
ယနေ့ ကမ္ဘာပေါ်တွင် အသည်းရောင် အသားဝါစီပိုး သယ်ဆောင်ထားသူ ၇၁ သန်းခန့်ရှိသည်။ မြေထဲပင်လယ်အရှေ့ပိုင်း ဒေသများနှင့် ဥရောပတိုက်ဒေသများ၌ အများဆုံးဖြစ်သည်။ အသည်းရောင်အသားဝါဘီပိုးနှင့် မတူညီသည်က အသည်းရောင် အသားဝါစီပိုးသည် မသန့်ရှင်းသော ဆေးထိုးအပ်များမှ အဓိက ကူးစက်နေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးကို သွေးကြောအတွင်း ထိုးသွင်းနေသူများတွင် အသည်းရောင် အသားဝါစီပိုး ကူးစက်မှုများသည်။ အမေရိကန်ပြည်ထောင်စု၌ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံထားရသူ ၃ ဒသမ ၅ သန်းရှိပြီး ယင်းတို့အနက် ၇၅ ရာခိုင်နှုန်းမှာ ၁၉၄၅ ခုနှစ်မှ ၁၉၆၅ ခုနှစ်ကြား မွေးဖွားခဲ့ကြသည့် အသက်အုပ်စုပိုင်းများဖြစ်သည်။
ကမ္ဘာပေါ်၌ အသည်းကင်ဆာဖြစ်ရခြင်း၏ အဓိက နောက်ခံအကြောင်းရင်းမှာ အသည်းရောင် အသားဝါစီပိုးဖြစ်သည်။ အသည်းရောင်အသားဝါစီပိုးရှိသူ သည် အသည်းခြောက်ရောဂါနှင့် ပါတွဲပြီး ရှိနေတတ်သည်။ အသည်းရောင်အသားဝါ စီပိုးရှိပြီး အသည်းလည်းခြောက်နေပြီဆိုလျှင် အသည်းကင်ဆာဖြစ်နှုန်းက တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းဖြစ် သည်။ ယင်းမှာ စီပိုးရှိပြီး အသည်းခြောက် နေသူဦးရေ ၁၀၀ လျှင် နှစ်ဦးမှ လေးဦးမှာ တစ်နှစ်အတွင်း အသည်းကင်ဆာဖြစ်မည့် အခြေအနေဖြစ်သည်။
အသည်းရောင်အသားဝါစီပိုး ကုသဆေး
တစ်နည်းအားဖြင့် စီပိုးဗိုင်းရပ်စ်ကုသဆေးများကို DAAs ဟု အတိုကောက် ခေါ်ကြသည်။ အသည်းရောင်အသားဝါ စီပိုးဗိုင်းရပ်စ်ကို တိုက်ရိုက်သေစေနိုင် သည့်ဆေးဝါးများဖြစ်သည်။ DAAs ဆေးများဖြင့် အသည်းရောင်အသားဝါ စီပိုး ပျောက်ကင်းနိုင်သကဲ့သို့ နောက်ခံ အသည်းခြောက်ရောဂါရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ အသည်းကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်သည်။ သို့သော်လည်း အားနည်းချက်တစ်ခုမှာ စီပိုးလုံး၀ ပျောက်ကင်းသွားပြီး နောင် ၁၀ နှစ်ကြာ သည်အထိ အသည်းကင်ဆာ ဖြစ်နိုင်ခြေရှိနေသေးသည့် အချက်ဖြစ်သည်။ ထို့ကြောင့် အသည်းရောင်အသားဝါစီပိုး ကုသပျောက်ကင်းထားသူများကို အသည်းပုံမှန် စစ်ဆေးမှုများ ပြုလုပ်စေခြင်းဖြစ်သည်။
အတိတ်ကာလများဆီက အသည်းရောင်အသားဝါစီပိုးကို အင်တာဖရွန် ထိုးဆေးများဖြင့် ကုသခဲ့ကြသည်။ SVR ဟု အတိုကောက်ခေါ်ကြသည်။ ကုသအပြီး အသည်းရောင်အသားဝါစီပိုး ကင်းစင်သွားသည့် အခြေအနေကောင်းလျှင်ကောင်း သလို အသည်းကင်ဆာလူနာများ အသက် ပိုရှည်ကြသည်။ လက်ရှိအချိန်တွင် အသည်းရောင်အသားဝါ စီပိုး လူနာများ ကို DAAs ဆေးများဖြင့် ကုသနေကြပြီ ဖြစ်သည်။ SVR မှာ ၉၅ ရာခိုင်နှုန်းကျော် ရှိသည့်အတွက် ကုသပျောက်ကင်းသူ အလွန်များသည်။ အသည်းရောင်အသားဝါ ဘီပိုးနှင့်ကွာခြားချက်မှာ ဘီပိုးသည် စီပိုး ကဲ့သို့ SVR မရနိုင်ဘဲ လုံးဝပျောက်ကင်း သွားနိုင်ခြေ နည်းပါးသည်ဟူသည့်အချက် ဖြစ်သည်။
အသည်းရောင်အသားဝါ စီပိုးကို အင်တာဖရွန်ထိုးဆေးများဖြင့် ကုသခဲ့ကြ စဉ်က SVR ရကြသည့် စီပိုးရှိအသည်း ကင်ဆာလူနာများ အသက်ရှည်ခဲ့ကြသကဲ့သို့ DAAs ဆေးများဖြင့်ကုသပြီး SVR ရကြသူ အသည်းကင်ဆာ လူနာများလည်း သက်တမ်းရှည်ကြကြောင်း တွေ့ရသည်။
အရေးကြီးသည့်အချက်က DAAs ဆေးများကိုမှီဝဲပြီး SVR ရမှ (တစ်နည်းအားဖြင့် သွေးထဲတွင် စီပိုးလုံးဝ ကင်းစင်သွားမှ) အသည်းကင်ဆာအတွက် ကောင်းမွန်သည့် ရလဒ်ရရှိနိုင်သည်။ DAAsဆေး များဖြင့် ကုသမှုခံယူပြီး SVR မရခဲ့သည့် လူနာများသည် DAAs ဆေးများ လုံး၀မသောက်ခဲ့သည့် လူနာများနှင့် အသည်း ကင်ဆာသက်သာ ပျောက်ကင်းမှု ကွာဟချက်မရှိကြောင်း တွေ့ကြရသည်။ DAAs ဆေးများသည် အသည်းပျက်စီးထိခိုက်မှု ကိုလည်း သက်သာစေနိုင်ကြောင်း တွေ့ရှိရသည်။
အသည်းကင်ဆာဖြစ်လာပြီးမှ အသည်းရောင် အသားဝါစီပိုးကုသလျှင် စီပိုး ပျောက်ကင်းရန် ခက်ခဲနိုင်
အသည်းရောင်အသားဝါ စီပိုးက ကာကွယ်ဆေး မရှိပါ။ ဆေးရုံ၊ ဆေးခန်းများသို့ရောက်ရှိလာပြီး ဆေးစစ်ဖြစ်ကြသည့်အခါမှ အသည်းရောင်အသားဝါ စီပိုးရှိနေမှန်းသိကြသူများသည်။ စီပိုး ရှိနေမှန်းသိသည်နှင့် အထူးကုဆရာဝန် များနှင့်ပြသတိုင်ပင်ပြီး DAAs ဆေးများ မှီဝဲကာ SVR ရအောင် ကုသထားရန် လိုအပ်သည်။ အသည်းကင်ဆာဖြစ်ပြီးမှ အသည်းရောင် အသားဝါစီပိုးကို ကုသ သည့်အခါ SVR ရနိုင်ရန် အလားအလာနည်းသွားသည်။ သုတေသနစစ်တမ်းတစ်ခုတွင် အသည်းကင်ဆာဖြစ်ပွားနေသူများ စီပိုးကုသသည့်အခါ SVR မရနိုင်သည့်နှုန်းက ၂၁ ရာခိုင်နှုန်းရှိပြီး အသည်း ကင်ဆာမရှိသူများ စီပိုးကုသသည့်အခါ SVRမရနိုင်သည့်နှုန်းက ၁၂ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်။
အသည်းကင်ဆာကျိတ်ကို ဖြတ်တောက် ကုသမှုခံယူထားပြီး လတ်တလော အသည်း ကင်ဆာ ကင်းစင်နေသူများကို DAAs ဆေးများဖြင့် စီပိုးကုသလျှင် SVR နှုန်းက အသည်းကင်ဆာမရှိသူများနှင့်အတူတူ ပြန်ဖြစ်သွားသည်။ ထို့ကြောင့် အသည်းကင်ဆာ အဆင့်(၁)မှာပင် ရောဂါရှိနေမှန်း စောစီးစွာ သိခွင့်ရရှိသူ စီပိုးလူနာများသည် အသည်းကင်ဆာကျိတ်ကို (ဖြစ်နိုင်ပါက) ခွဲစိတ်ဖြတ်တောက်မှု အရင်ပြုလုပ်ပြီးမှ စီပိုးကုသဆေး DAAs များ သောက်သုံးသင့်ကြောင်း တွေ့ရှိရသည်။
အသည်းကင်ဆာကို ဦးစွာကုသပြီးမှ အသည်းရောင် အသားဝါစီပိုးကို ကုသသင့်
အဝေးကိုပျံ့နှံ့ခြင်း မရှိ၊ ရောဂါအခြေအနေစိုးရိမ်ရခြင်း မရှိသေးသည့် အသည်း ကင်ဆာရောဂါများကို ခွဲစိတ်ကုသခြင်း၊ အသည်းအစားထိုး ကုသခြင်းများဖြင့် ကုသပြီးမှ အသည်းရောင်အသားဝါစီပိုးကို ကုသသင့်သည်။ အမေရိကန်အသည်း ရောဂါအဖွဲ့ကြီးက အသည်းကင်ဆာ ကုသမှုအပြီး သုံးလမှ ခြောက်လအတွင်း ရောဂါပြန်မဖြစ်ကြောင်း သေချာမှသာ အသည်းရောင်အသားဝါစီပိုးကုသမှုကို စတင်ရမည်ဟု လမ်းညွှန်ထားသည်။ အသည်းကင်ဆာရောဂါ၏ သဘောသဘာဝအရ အသည်းကင်ဆာဆဲလ်များသည် ပုံရိပ်ဖော်နည်းပညာများဖြင့် ရှာမတွေ့ဘဲ အသည်းမှာပင် ပျံ့နှံ့နေတတ်ခြင်းမျိုးရှိတတ်သည်။ ထိုသို့ မမြင်ရသည့် ကင်ဆာပျံ့နှံ့မှုများရှိနေပါက အသည်းရောင် အသားဝါစီပိုးကုသမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထို့ကြောင့် အသည်းကင်ဆာရောဂါများကို ကုတန်သလောက်ကုသပြီးမှသာ အသည်းရောင် အသားဝါစီပိုးကို စတင်ကုသသင့်သည်။
အသည်းရောင် အသားဝါစီပိုးရှိသူ အသည်းကင်ဆာလူနာများ အသည်းအစားထိုး ကုသခြင်း အသည်းအစားထိုးကုသရန် စောင့်ဆိုင်း နေကြသူများတွင် အသည်းကင်ဆာလူနာများလည်း အုပ်စုတစ်စုအနေဖြင့် ပါဝင်သည်။ ယေဘုယျအားဖြင့် အသည်းလှူဒါန်းသူသည် ကူးစက်ရောဂါပိုးများ ကင်းရှင်းရမည်ဖြစ်သည်။ အသည်းရောင် အသားဝါစီပိုးရှိပြီးဖြစ်သည့် အသည်း ကင်ဆာလူနာများအတွက်မူ စီပိုးရှိသည့် အသည်းအလှူရှင်များထံမှ အသည်းကို ရယူနိုင်သည့် အားသာချက်ရှိသည်။ အမေရိကန်ပြည်ထောင်စု၌ အသည်းရောင် အသားဝါစီပိုးရှိပြီး အသည်းလှူဒါန်းသူ အများစုမှာ ၁၉၄၅ ခုနှစ်မှ ၁၉၆၅ ခုနှစ် အတွင်း မွေးဖွားကြသူများနှင့် မူးယစ်ဆေး သွေးကြောတွင်း ထိုးသွင်းသူများဖြစ်နေသည်။ အသည်းလှူဒါန်းသူအများစုမှာ ကွယ်လွန်ပြီးမှ အသည်းကို ထုတ်ယူခြင်း ခံရသူများဖြစ်ရာ မူးယစ်ဆေး သွေးကြောတွင်းထိုးသွင်းပြီး ဆေးလွန်၍ သေဆုံးသွားသူအများစု ဖြစ်နေသည်ကိုလည်း တွေ့ရသည်။
အချုပ်အားဖြင့်ဆိုသော် အသည်း ကင်ဆာသည် ကမ္ဘာပေါ်၌ ဖြစ်ပွားမှုများသည့် ကင်ဆာရောဂါ တစ်မျိုးဖြစ်သည်။ အသည်းရောင်အသားဝါဘီပိုးမှာ အသည်းကင်ဆာ၏ ၅၀ ရာခိုင်နှုန်းသော နောက်ခံအကြောင်းရင်းဖြစ်ပြီး အသည်းရောင်အသားဝါစီပိုးမှာ အသည်းကင်ဆာ ဖြစ်ပွားမှုများတွင် ၂၀ ရာခိုင်နှုန်းခန့်ပါဝင် ပတ်သက်နေသည်။ မည်သူမဆို အသည်းရောင်အသားဝါဘီပိုး သို့မဟုတ် စီပိုး ရှိနေမှန်းသိသည်နှင့် စနစ်တကျစတင် ကုသရန် လိုအပ်သည်။ မိမိတွင် ကူးစက်ရောဂါပိုးများ ရှိနေမှန်းသိသည်နှင့် ကုသ မှုခံယူပါက မိမိကိုယ်တိုင်အတွက် အကျိုး ရှိမည်ဖြစ်သကဲ့သို့ ထပ်မံ၍ လူတစ်ဦးထံ ကူးစက်သွားခြင်းကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။
အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးရှိသော်လည်း အသည်းရောင်အသားဝါ စီပိုးအတွက် ကာကွယ် ဆေးမရှိပါ။ အသည်းရောင်အသားဝါ ဘီပိုးကို လုံးဝပျောက်ကင်းသွားအောင် ကုသရန် မလွယ်ကူသော်လည်း အသည်း ရောင်အသားဝါစီပိုးကမူ လုံးဝပျောက် ကင်းအောင် ကုသနိုင်ရန် အလားအလာ များသည်။ ဂရုပြုမှတ်သားရန်မှာ အသည်း ရောင်အသားဝါဘီပိုးရှိသူ အသည်း ကင်ဆာလူနာများအနေဖြင့် ရောဂါရှိမှန်း သိသည်နှင့် ဘီပိုးထိန်းချုပ်ဆေးများ စတင်မှီဝဲရန် လိုအပ်ကာ အသည်းရောင် အသားဝါစီပိုးရှိသူ အသည်းကင်ဆာလူနာများ အတွက်မူ အသည်းကင်ဆာကို စတင်ကုသပြီး သုံးလမှ ခြောက်လခန့်အကြာမှသာ အသည်းရောင် အသားဝါ စီပိုးကို စတင်ကုသကြရန် လိုကြောင်း ရေးသား လိုက်ရပါသည်။
ဒေါက်တာလွှမ်းမိုးဟန်