MNL League Cup 2024 ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ချန်ပီယံဆုဆွတ်ခူး
ရန်ကုန် ဇွန် ၁၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် MNL League Cup 2024 ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးအဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းနှစ်သင်းတွေ့ဆုံသည့်ပွဲစဉ်ဖြစ်သည်နှင့်အညီ ပွဲစကတည်းက ခြေစွမ်းပိုင်းကွာခြားမှု မရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းက ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့ကာ ဂိုးသွင်းခွင့်များ ရရှိခဲ့ပြီး ပွဲချိန် ၃၇ မိနစ်တွင် ရဲရင့်အောင်က ရှမ်းယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲချိန်ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းကတစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် သုဝဏ္ဏအားကစားကွင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နှစ်ဖက်အသင်းကစားသမားများ ကစားပုံခက်ခဲခဲ့သော်လည်း ရန်ကုန်ယူနိုက်တက် အသင်း၏ ချေပဂိုးအတွက် တိုက်စစ်မြှင့်ဖိအားပေးကစားခဲ့မှုများကြောင့် ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ချေပဂိုးအတွက် ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ရှမ်းယူနိုက်တက်အသင်းကလည်း အနိုင်ရလဒ်ကို အမှားအယွင်းမရှိ ထိန်းချုပ်ကစားနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရှမ်းယူနိုက်တက် အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ သွင်းဂိုးအများဆုံး ကစားသမားဆုရ ရှမ်းယူနိုက်တက် အသင်းမှ ကျော်ကိုကိုအား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က လည်းကောင်း၊ ဒုတိယဆုရ ရန်ကုန်ယူနိုက်တက် အသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်ကို ရန်ကုန်တိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းကလည်းကောင်း၊ ဆုကြေးငွေကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးကလည်းကောင်း၊ ချန်ပီယံဆုရ ရှမ်းယူနိုက်တက် အသင်းအတွက် တစ်ဦးချင်းဆုများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က လည်းကောင်း၊ ဆုကြေးငွေကျပ်သိန်း ၃၅၀ ကို မြန်မာနိုင်င ံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က လည်းကောင်း၊ ချန်ပီယံဆုဖလားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စည်သူအောင်