ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ခိုးမှု ၃ မှုနှင့် ခိုးမှု(မသင်္ကာ) ၂ မှု ကျူးလွန်သူ တရားခံ အမျိုးသား ၄ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၄
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၇၆၄)နေ ဦးဒွန်ထက်ရှိန်၏ နေအိမ်အိပ်ခန်းအတွင်းရှိ ခရီးဆောင်အိတ်အတွင်း ထည့်ထားသည့် ရွှေတုံး(၂)တုံးနှင့် ရွှေထည် ပစ္စည်းမျိုးစုံ(၃၁)မျိုး၊ မြန်မာကျပ်ငွေ(၈၁,၈၀၅,၅၀၀)ကျပ်တန်ဘိုးရှိ နိုင်ငံခြားသုံးငွေများ၊ စုစုပေါင်း တန်ဘိုးငွေ(၁၅၉,၈၁၅,၉ဝဝ) ကျပ်ခန့်ခိုးယူခံထားရကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းတွင် (ပ)၃၀၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ခဲ့သဖြင့် တရားခံများဖမ်းဆီး ရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေး ပြီး တရားခံများဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၅၈)ရပ်ကွက်နေ ငရဲ(ခ)ထက်ဦး(၂၉)နှစ် (ဘ)ဦးစိုးအား ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်၊ စွန်တနီးကျေးရွာအုပ်စု၊ မြစိမ်းကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့ ည ၆ နာရီခွဲတွင် လည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ ပြည့်စုံ(ခ)ကုလား(၂၉)နှစ် (ဘ)ဦးဝင်းတင်အား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်ရှိ SKY KTV တွင် ဇွန်လ ၁၅ ရက်နေ့ ည ၁၁ နာရီတွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများဖြစ်သည့် ငရဲ(ခ)ထက်ဦးနှင့် ပြည့်စုံ(ခ)ကုလားတို့၏ ထွက်ဆိုချက် အရ သက်သေခံပစ္စည်းများဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀၀ တန် (၁၈၈)ရွက်၊ တိုင်ချက်မပါ နိုင်ငံအချို့မှ ငွေအကြွေစေ့မျိုးစုံ(၃၂)စေ့၊ တန်ဘိုးငွေ(၆၉)သိန်းကျပ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၆)မျိုး၊ အမေရိကန်ဒေါ်လာများအား ရောင်းချရရှိငွေများအနက်မှ ကျန်ရှိသည့် မြန်မာကျပ်ငွေ(၂၃၅)သိန်း ကျပ်၊ လက်ကိုင်ဖုန်း ၂ လုံးတို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် သိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများနှင့် ၎င်းတို့၏ ခိုးရာပါသက်သေခံပစ္စည်းများအား ထုခွဲရောင်းချပေးသူ ဖမ်းဆီးရန်ကျန် တရားခံ ထွန်းထွန်းလင်း(စိစစ်ဆဲ)မှ ယူဆောင်ထွက်ပြေးလျက်ရှိကြောင်း ဖော်ထုတ် သိရှိရသည်။
ဆက်လက်၍ ဖမ်းဆီးရမိတရားခံများအား အခြားပြစ်မှုများကျူးလွန်ထားရှိမှု ရှိမရှိ အသေးစိတ် ဆက်လက်စစ်ဆေးရာ တရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ဟိန်းထက်ဇော်(ခ)အသေးလေး တို့ ၃ ဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အမှတ်(၇၈)ရပ်ကွက်၊ အိမ်အမှတ်(၆၄၀)မှ ရွှေထည်ပစ္စည်းမျိုးစုံ တန်ဘိုးငွေ(၁၉၇)သိန်းကျပ်အား ခိုးယူခဲ့ကြောင်း၊ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ချစ်ကို(ခ)လက်ပွားတို့ ၃ ဦးသည် သာကေတမြို့နယ်၊ (၆/အနောက်)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၁၉၃/ခ)မှ ရွှေထည်ပစ္စည်းမျိုးစုံ တန်ဘိုး ငွေ(၉,၅၃၅,၃၀၀)ကျပ်အား ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ပြစ်မှုကျူးလွန်၍ ဖမ်းဆီးရန် ကျန်တရားခံများဖြစ်ကြသည့် ဟိန်းထက်ဇော်(ခ)အသေးလေးနှင့် ချစ်ကို(ခ)လက်ပွားတို့အား ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆ဝ)ရပ်ကွက်နေ ဟိန်းထက်ဇော်(ခ)အသေးလေး(၂၃)နှစ် (ဘ)ဦးဇော်ဝင်းနှင့် ဒလမြို့နယ်၊ တံတားကျောင်းကျေးရွာနေ ချစ်ကို(ခ)လက်ပွား(၂၂)နှစ် (ဘ)ဦးဖိုးချိုတို့အား ၎င်းတို့၏နေအိမ် အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အမှု(၂)မှုမှ သက်သေခံပစ္စည်း တန်ဘိုးငွေ(၂၆၁)သိန်းကျပ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅ ကျပ်သား ၁၁ ပဲအား ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလား၊ ချစ်ကို(ခ)လက်ပွားနှင့် ဟိန်းထက်ဇော် (ခ)အသေးလေးတို့ ၄ ဦးအား ဆက်လက်စစ်ဆေးရာ ၎င်းတို့ ၄ ဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ Vivo အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်းတစ်လုံး ခိုးယူခဲ့ပြီး ဧပြီလအတွင်းတွင် အဆိုပါရပ်ကွက်ရှိ နေအိမ်တစ်လုံး အတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ(၃)လုံး ခိုးယူခဲ့ကြောင်း ထပ်မံဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့ ၄ ဦးအား အမှုတစ်ခုချင်းစီအတွက် အမှုအသီးသီးထပ်မံဖွင့်လှစ်ခဲ့သည်။
ဖြစ်စဉ်တွင် ခိုးမှု ၃ မှု၊ ခိုးမှု(မသင်္ကာ)၂ မှုတို့အား ဖော်ထုတ်နိုင်ခဲ့ပြီး အမှုများမှ ဖမ်းဆီးရမိ တရားခံ ငရဲ(ခ)ထက်ဦးပါ ၄ ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက် ရှိပြီး သက်သေခံရွှေထည်ပစ္စည်း၊ ငွေကြေးများနှင့်အတူ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန် ကျန်တရားခံ ထွန်းထွန်းလင်းအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။