တာချီလိတ်မြို့နယ်၌ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိ

 

တာချီလိတ်မြို့နယ်၌ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်း တိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာရှိ ဒေါ်အီလာခမ်း(ဘ)ဦးအိုက်ဟုန် ပိုင်ဆိုင်သည့် ခြံအမှတ်(ဝကလ-၀၆၄)ရှိ ငါးကန်ဟောင်းနေရာ၌ တရုတ်နိုင်ငံသားများ တရားမဝင်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာ အဆိုပါနေရာ၌ တရားမဝင်ရောက်ရှိနေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အန်းဟွေးပြည်နယ်၊ ရှန်ရင်တုန့်ပိုင် မြို့နေ ရှောက်ဟူ(၃၄)နှစ် (ဘ)ဝမ်းလိ၊ ဖူးကျန့်ပြည်နယ်၊ လုံးရမ်မြို့နေ လောင်ရောင်း(၄၅)နှစ် (ဘ)လောင်ဖိန်း၊ ဟူနန်ပြည်နယ်၊ ဟိန်းရမ်မြို့နေ လောက်လျိုး(၃၄)နှစ် (ဘ)လျှိုးရှင်းယုံနှင့် ကွေ့ကျုံး ပြည်နယ်၊ အန်းစွင့်မြို့နေ အားဖိန်း(၂၈)နှစ် (ဘ) အားကျင်းတို့ ၄ ဦးအား MK 12 အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့်၊ M 16 အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၁၉ တောင့်၊ CZ 512 အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့် ၂၂ ကျည် ၉၁ တောင့်၊ GLOCK-19 ပစ္စတိုသေနတ် ၁  လက်၊ ၎င်းကျည်အိမ်  ၁  ခု၊ ကျည် ၈ တောင့်၊ Sig Sauer ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ကျည် ၂၁ တောင့်၊ ဆက်သွယ်ရေး စကားပြောစက် ၈ လုံး၊ ကတ်တမင်း ၁၅၀ ဂရမ်ခန့်၊ မူးယစ်ဆေးဝါးမွှေစက် ၁ လုံးနှင့် တရားမဝင် လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန် ခြင်္သေ့ ၁ ကောင်၊ ကျား ၁ ကောင်၊ ဝက်ဝံ ၂ ကောင်တို့နှင့် အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၄ ဦးနှင့် ၎င်းတို့အား တရားမဝင် နေထိုင်ခွင့်ပြုထားသူ ခြံပိုင်ရှင် ဒေါ်အီလာခမ်း(ဘ)ဦးအိုက်ဟုန်တို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Friday, July 5, 2024 - 03:59