စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက်လုယက် ဓားပြတိုက်သည့် အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့် တစ်ပြေးညီ ဝင်ရောက်စီးနင်း ဖမ်းဆီးရာ အကြမ်းဖက်သမား တစ်ဦးအား ငွေကျပ်သိန်း ၃၀၃၁ သိန်းနှင့်အတူ အသေဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၁၉
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား အကြမ်းဖက် အမျိုးသား(၄)ဦး (စိစစ်ဆဲ)က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓါးပြ တိုက်နေကြောင်း သတင်းအရ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းလှည့်ကင်း အဖွဲ့များဖြင့် တရားခံများ ဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် ပူးပေါင်းလှည့်ကင်း အဖွဲ့သည် ကမ္ဘောဇဘဏ် (၁)သို့ ရောက်ရှိပြီး ဝင်ရောက်စီးနင်းဖမ်းဆီးရာ လုယက်ဓားပြတိုက်သူ အကြမ်းဖက်သမား အမျိုးသား(၁)ဦးအား အသေဖမ်းဆီးရမိသည့်အပြင် ၎င်းတို့ ဓါးပြတိုက် ယူဆောင်ထားသည့် ငွေကျပ်သိန်း(၃၀၃၁)သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် လုယက်ဓါးပြတိုက်ရာတွင် အသုံးပြုသည့် လက်လုပ်ပစ္စတို(၁)လက်၊ ၉ မမကျည်(၉)တောင့်၊ ဗုံးသီး(စိစစ်ဆဲ) (၁)လုံး၊ ဆိုင်ကယ်(၂)စီးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
စိစစ်ချက်အရ ဘဏ်အား ဝင်ရောက်လုယက်ဓါးပြတိုက်သူများမှာ ပေါင်းလှရွာ အခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂) ဆင်ရိုင်း(ခ)ခိုင်ဇော်လင်း ဦးဆောင်သော အဖွဲ့ ဖြစ်ကြောင်းနှင့် အသေဖမ်းဆီးရမိသည့် အကြမ်းဖက်သမားမှာ ၎င်းအဖွဲ့မှ ကိုနောင်ဖြစ်ကြောင်း သိရှိရသည်။
လုယက်ဓားပြတိုက်မှုမှ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ရှိသည့် တရားခံများအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ဝင်/မြို့ထွက် နေရာများအား ပိတ်ဆို့၍ လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။