လူငယ်စွမ်းအားမြှင့်တင်လို့ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်စို့
လူငယ်နှင့် ပျော်ရွှင်မှုသည် ခေတ်ကာလအလိုက် တည်ရှိနေမည်ဖြစ်သည်။ သို့သော် အပျော်နှင့်အပျက် ခွဲခြားရှုမြင်ကြရပေမည်။ အပျော်သည် စိတ်ကြည်ရွှင်မှုကို ဖြစ်စေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပျော်ပွဲရွှင်ပွဲများနှင့် ပြည့်နှက်နေသည်။ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများရှိသကဲ့သို့ နေ့ရက်တိုင်း အပျော်ဖန်တီးနိုင်သည့် နေရာများစွာ တည်ရှိနေသည်။ ငွေကြေးကြွယ်ဝသူများက ပါတီပွဲ၊ မွေးနေ့ပွဲများ ခမ်းနားစွာ ပြုလုပ်ပြီး လူ့စိတ်ကို ရွှင်မြူးတက်ကြွစေသည့် အတီးအမှုတ်၊ အကအခုန်များ ထည့်သွင်း စီစဉ်သကဲ့သို့ အရက်၊ ဘီယာ အစပြုသော မူးယစ်ဆေးဝါးများလည်းပါဝင်နိုင်သည်။ “အစမလုပ်နှင့်” ဆိုသောစကားရှိသည်။ အရက်သောက်မိလျှင်ပင် ဖြတ်ရခက်လွန်းလှသည်။ မိမိစိတ်ကို နိုင်နင်းသည် အထင်ဖြင့် လက်တည့်မစမ်းသင့်ပေ။ မူးယစ်ဆေးဝါးများသည် အရက်၊ ဆေးလိပ်ထက်ပင် ပို၍ဆိုးရွား နေပါသည်။ ဆေးပုံသဏ္ဌာန် အမျိုးမျိုးဖြင့် လူငယ်များကို လှည့်ဖြားနေခြင်း ဖြစ်ပေသည်။
လူငယ်၏ အသိဉာဏ်သည်ထက်မြက်လှသည်။ မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်ရန် မသင့်သူများ လည်းဖြစ်ပါသည်။ မူးယစ်ဆေးဝါးသုံးစွဲလျှင် ပထမဦးစွာ စိတ်ဓာတ်ယိုယွင်း ပျက်စီးလာနိုင်သည်။ စိတ်ထက်သူက စိတ်ကျသူ ဖြစ်သွားနိုင်သည်။ အပေါင်းအသင်းကြောင့်ဟု လက်ညှိုးထိုးနိုင်သကဲ့သို့ မိမိကိုယ်တိုင် ထိန်းသိမ်းခြင်းဆိုင်ရာ ခေါင်းစဉ်အောက်မှ နေထိုင်လျက် ကာကွယ်မှုပြုရမည်ဖြစ်သည်။ ဘယ်သူမပြု မိမိမှုသာဖြစ်သည်။ မိမိ၏ တက်လမ်း၊ ကျလမ်းကို မိမိကိုယ်တိုင် ဖန်တီးတည်ဆောက် ရလေ့ရှိသည်။ လူငယ်သည် လောကကို အလှဆင်နိုင်သည့် အနာဂတ် ပန်းကလေးများ ဖြစ်ပါသည်။ ဖူးတံဝင့်၍ ပွင့်ရန်အသင့်ရှိနေသူများ ဖြစ်သည်။
မူးယစ်ဆေးစွဲသူတစ်ယောက်၏ ဘဝနှင့်သာမန်ဘဝကို နှိုင်းယှဉ်ကြည့်ရပါမည်။ အသိစိတ်ခြင်း မတူညီ နိုင်သည်ကိုတွေ့ရမည်။ ရိုးသားမှုအားနည်းလာမည်။ ခုခံအားကျဆင်းလာပြီး ရောဂါပိုး အမျိုးမျိုးဝင် လာနိုင်သည်။ ဆေးစွဲသည်နှင့် ဆေးဖြတ်ရန်ပထမဦးစွာ စဉ်းစားရမည်ဖြစ်သည်။ ဆေးရုံနှင့် ဆေးဖြတ် စခန်းများတွင် စနစ်တကျ ဆေးဖြတ်ရမည်ဖြစ်သည်။ လူငယ်ရေးရာ ပြဿနာများကို မိဘ၊ ဆရာ အသိုင်းအဝိုင်းမှ ဟန်ချက်ညီညီ ထိန်းသိမ်းတည့်မတ်ပေးရာတွင် လူငယ်များ စိတ်ခံစားချက်ကို ကနဦး နားလည်ထားကြရပါသည်။ ပြဿနာတစ်ရပ်သည် စနစ်တကျ အဖြေရှာ၊ စနစ်တကျ ဖြေရှင်းပေးရ လေ့ရှိသည်။ ပြဿနာတွေ့လျှင် ခေါင်းရှောင်ချင်သည့် စိတ်သည် အကောင်းဆုံး ပြဿနာဖြေရှင်း နည်းမဟုတ်ပေ။ ရှောင်ထွက်ခြင်းသည်လည်း အကောင်းဆုံး အဖြေမဟုတ်သဖြင့် ပွင့်လင်းမြင်သာစွာ လေ့လာပြီး ရင်ဆိုင်နိုင်မှ အောင်မြင်မှု ရရှိနိုင်မည် ဖြစ်သည်။
မျက်မှောက်ကာလတွင်မူ ဝိသမလောဘသားတို့၏ ရလိုစိတ်လောဘတစ်ရပ်ဖြင့် စွမ်းဆောင်ချက်က လူငယ်ထုကို ပစ်မှတ်ထားလာကြသည်။ လူသည် စွဲလမ်းလွယ်သည် မဟုတ်ပါလား။ လူငယ်များ၏ လက်ထဲ မူးယစ်ဆေးဝကွက်အပ်ရန် ကြိုးစားလာသူများ၏ ချဉ်းကပ်လာမှုကို သတိမူကြရပါမည်။ ပြည်သူအားလုံး ပူးပေါင်းပါဝင်၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။ မူးယစ်ဆေးအစ ဆေးလိပ်ကဟူ၍ဆိုသည့်အတိုင်း ဆေးလိပ်လက်ကြားညှပ်ရာမှ တဖြည်းဖြည်း အဆင့်တက် စမ်းသပ်မှု ဖြစ်သည်။ ကောင်းသည့်ဘက်တွင် အဆင့်တက်ခြင်းသည် မင်္ဂလာရှိပေသည်။
လူငယ်များ ယဉ်ကျေးသိမ်မွေ့စေရေး မိဘဆရာများမှ ပြုပြင်ပေးကြရပါသည်။ လမ်းကောင်းကို တည့်မတ်ပေးရသည်။ လမ်းကောင်းဟုဆိုရာတွင် သွားသင့်သည့်လမ်း၊ ပေါင်းသင့်သည့်လူကို ဂရုတစိုက် ညွှန်ပြကြရသည်။ ကျန်းမာရေး၊ လူမှုရေး မချို့ယွင်းရအောင် သွန်သင်ဆုံးမပေးရမည်သာဖြစ်သည်။ လူငယ်သည် ကလေးအရွယ်မှ ကူးပြောင်းလာသောသူများ ဖြစ်ကြသဖြင့် စိတ်မြန်ကိုယ်မြန်ရှိကြသည်။ အပေါင်းအသင်း၊ သူငယ်ချင်းများအပေါ်တွင် ခင်တွယ်လိုစိတ်၊ အထင်ကြီးစိတ် ပိုမိုသည်။
လူငယ်များအတွက် မိတ်ကောင်း ဆွေကောင်းနှင့် ပတ်ဝန်းကျင်ကောင်းလိုအပ်သည်။ ပတ်ဝန်းကျင်၏ စေ့ဆော်မှုက လွန်စွာခရီးရောက်လှသည်။ လူငယ်တစ်ယောက်၏ ဘဝလမ်းလွဲရောက်အောင် ပို့ဆောင် ပေးနိုင်သည်။
လူငယ်များအတွက် အားကိုးအားထားပြုရာ မိဘရှိသည်။ ဗဟုသုတတိုးပွားစေသည့် စာကောင်းပေမွန် ရှိသည်။ ဘဝတည်ငြိမ်အေးချမ်းမှုကို ဖြစ်စေသည့်၊ ဦးနှောက်ကို ကောင်းစွာအလုပ်ပေးသည့်၊ တီထွင် ဖန်တီးနိုင်သည့် စာပေ၊ ဂီတ၊ လက်မှုပညာရပ်များ စုံလင်စွာရှိသည်။ မျက်မှောက်ခေတ်ရေစီးကြောင်းကို ကြည့်ပါလျှင် သာလွန်တိုးတက်မှု၊ ဖန်တီးနိုင်မှု အခြေအနေကောင်းများ ရရှိထားသည်။ မိမိတို့ပတ်ဝန်း ကျင်တွင် စာကောင်းပေမွန်များ ဖတ်ရှုနိုင်သကဲ့သို့ အင်တာနက်ပေါ်မှ ဗဟုသုတဖြစ်ဖွယ် အကြောင်း အရာများစွာကို လေ့လာအားထုတ်နိုင်သည်။ အွန်လိုင်းသည် ကောင်းစွာအသုံးချတတ်လျှင် လိုတရ လွယ်အိတ်တစ်လုံးပမာတူသည်။ လက်မှုပညာ၊ နည်းပညာနှင့် ဟင်းချက်နည်း၊ စိုက်ပျိုးနည်းများ စုံလင်စွာ တွေ့ရသည်။ လိုလျှင်ကြံဆ နည်းလမ်းရသာဖြစ်သည်။
လူငယ်များလျှောက်သော မနက်ဖြန်တိုင်းလှနေရမည်သာဖြစ်သည်။ မူးယစ်ဆေးနှင့် အဝေးဆုံးခရီးသို့ ရောက်လျှင် ပို၍ကောင်းပေသည်။ မူးယစ်ဆေးသည် လူကိုအကျိုးမပြု ဘေးကိုသာဖြစ်စေသည်။ သုံးဖူးသူတိုင်း စွဲကြသည်။ စွဲဖူးသူတိုင်း မူးယစ်နွံအတွင်း သက်ဆင်းကြရသည်။ လက်ဝယ်ကိုင်ဆောင်သူ များအတွက်လည်း လွန်စွာအန္တရာယ်ကြီးလှသည်။ မူးယစ်ဆေး၏ အရသာကိုသိချင်စိတ်ဖြင့် စူးစမ်းမိ ရာမှ စမိသော ဆေးစွဲပြဿနာကို ဖြေရှင်းကြရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်၊ ဖြန့်ဖြူးသူများကို တားဆီးသကဲ့သို့ ကာယကံရှင်လူငယ်များမှလည်း မစမိအောင် အထူးရှောင်ကြဉ်ကြရမည် ဖြစ်သည်။
ရှောင်ကြဉ်ထိန်းချုပ်ခြင်းအနုပညာသည် စိတ်ကိုတင်းကျပ်စွာ ချုပ်တီးခြင်းမျိုးမဟုတ်ဘဲ စိတ်အထား အသို တတ်မြောက်ခြင်းသာ ဖြစ်သည်။ အနုပညာကဲ့သို့ လက်ဝင်သည်။ အနုစိတ်ခြယ်သရသည်။ စိတ်ရှည်ရသည်။ ငါးပါးသီလစောင့်ထိန်းသော အမှုကိစ္စပင်လျှင် ကံ(၅)ပါးကို ရှောင်ကြဉ်လိုစိတ်ဖြင့် ထိန်းသိမ်းသူသည် နေပျော်ဖွယ်ဘဝကို ပိုင်ဆိုင်ရရှိသကဲ့သို့ ခံစားရသည်။ သူတစ်ပါးအသက် မသတ်ခြင်း၊ မခိုးခြင်း၊ လိမ်ညာ မပြောခြင်း၊ သူတစ်ပါးသားမယား မစော်ကားခြင်း၊ အရက်သေစာ မသောက်စားခြင်း ကိစ္စများစွာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းက မင်္ဂလာရှိနေသည်။ စောင့်ထိန်းလိုစိတ်သည် စိတ်မကျဉ်း ကျပ်၊ သီလကို ပို၍လုံခြုံသည်ဟူသော ခံစားချက်ကို ဖြစ်စေသည်။
ကိုကင်း၊ အဖက်တမင်း၊ စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊ ဆေးခြောက်ကဲ့သို့သော မူးယစ်ဆေးဝါးများသည် နိုင်ငံတော်ဖွံ့ဖြိုးရေး အခန်းကဏ္ဍကို အဟန့်အတားဖြစ်စေသည်။ လူငယ်ထုအတွက် ဆူးငြောင့် ခလုတ်များလည်း ဖြစ်သည်။ မူးယစ်ဆေးသုံးစွဲခြင်းသည် စိတ်ကြွခြင်းကို ခဏတာဖြစ်စေပြီး စိတ်ကျ စေသည်။ စိတ်ဓာတ်ကြံ့ခိုင်မှု လျော့ကျလာပြီး ထင်ယောင်ထင်မှား စိတ်ဂယောင်ချောက်ချား ဖြစ်လာ မည်။ ကာယ၊ ဉာဏစွမ်းအားများ လျှော့ကျလာပြီး လေးလံထိုင်းမှိုင်းလာမည်ဖြစ်သည်။ မူးယစ်ဆေး ဟူသမျှ သုံးစဉ်ခဏတက်ကြွနေမည်ဖြစ်သော်လည်း သွေးသားဆန္ဒမပြည့်ဝသည့်အခါ စိတ်ရိုင်းများ လည်း ဝင်လာနိုင်သည်။ မိဘ၊ သူငယ်ချင်း မိတ်ဆွေများပင်မသိနိုင်ပေ။ ကိုယ်ထိလက်ရောက် ရိုက်ပုတ်ခြင်း၊ သတ်ဖြတ်ခြင်းများအထိ ပြုလုပ်နိုင်သည်။ မူးယစ်ဆေးသုံးသူများသည် အကျင့်စာရိတ္တ ပိုင်းပါ ထိပါးလာသည်။
ဆေးသုံးစွဲလိုစိတ်ဖြင့် ခိုးယူခြင်း၊ လုယက်ခြင်းများ ပြုလုပ်နိုင်သည်။ မိမိကိုယ်ကို ဖျက်ဆီးရုံသာမက ပတ်ဝန်းကျင်ကိုပါ ပျက်စီးစေနိုင်သည့် မူးယစ်ဆေးသုံးစွဲမှု ပြဿနာဖြစ်သည်။
အနာဂတ်ပန်းကလေးများ ထာဝစဉ်လန်းဆန်းနေရေးအတွက် မူးယစ်ဆေးသည် လူသားမျိုးနွယ် တစ်ခုလုံးကို အညွန့်တုံးစေသည့် ဘုံရန်သူသဖွယ် သတ်မှတ်ရမည်ဖြစ်ပါသည်။ အသိပညာကို အခြေခံ တည်ဆောက်ပြီး စနစ်တကျကာကွယ်ထိန်းသိမ်းလျှင် အောင်မြင်နိုင်ပါသည်။ နိုင်ငံတိုင်း ပညာရေး အလေးပေးဆောင်ရွက်ပြီး အသိပညာ၊ ဗဟုသုတတိုးတက်ရေး အလေးထား ဆောင်ရွက်ကြရလေ့ ရှိသည်။ အပျော်ရှာ အပျော်တွေ့နိုင်သည့်ခေတ်တွင် သတိ၊ ပညာသည် လွန်စွာအရေးကြီးလှပါသည်။ လူငယ်များဘက်မှလည်း မမှီဝဲဘဲ ကင်းအောင်နေရမည်ဖြစ်ပြီး ဘေးမဖြစ်မီ ကာကွယ်တားဆီး ပေးသူများနှင့် နေထိုင်ကျင့်ကြံသူများ ဟန်ချက်ညီကြပါလျှင် လောကတစ်ခွင်လုံးတွင် မူးယစ်ဆေးဝါး အန္တရာယ်ကျရောက်မှု ဘေးဆိုးမှတဖြည်းဖြည်း ကင်းဝေးသွားမည်ဖြစ်ပါကြောင်း ယုံကြည်စွာ ရေးသား တင်ပြလိုက်ရပါသည်။ ။
ထက်ဝေအောင်(စစ်ကိုင်း)