ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
ကင်းတား၏ကျေးဇူးများ
ဆည်တာတမံတစ်ခုကပေးသော ကျေးဇူးကို ကင်းတားဆည်ဖြင့် နမူနာပြပါမည်။
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) သည် ကင်းတားဘက်စုံ ရေလှောင်တမံစီမံကိန်းတွင် လယ်ယာမြေဟောင်းများပြုပြင်ခြင်း၊ လယ်ယာမြေသစ်များ ဖော်ထုတ်ပေးခြင်း၊ ရေကြီးရေလျှံမှု ကာကွယ်ခြင်းဟူသော လုပ်ငန်းသုံးမျိုးအတွက် ဂျပန်နိုင်ငံပင်လယ်ရပ်ခြား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ODA) ခေါင်းစဉ်ဖြင့် ဂျပန်ယန်း ၃၀၈၁ သန်း (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈၃ သန်း)ကို အတိုးနှုန်း ၂ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၁၀ နှစ်ဆိုင်းငံ့၊ နှစ် ၃၀ ပြန်ဆပ်အစီအစဉ်ဖြင့် ချေးငှားပေးခဲ့သည်။
စီမံကိန်းမဆောင်ရွက်မီကာလနှင့် စီမံကိန်းဆောင်ရွက်ပြီးနောက် ၂၀၀၁ ခုနှစ် စက်တင်ဘာလအတွင်း ကွာခြားသွားသော စီးပွားရေး အခြေအနေကို JICA က ၂၀၀၂ ခုနှစ် စက်တင်ဘာလတွင် အစီရင်ခံစာ တစ်စောင် တင်သွင်းခဲ့သည်။
အစီရင်ခံစာအရ ၁၉၈၀ ပြည့်နှစ် စီမံကိန်းမစမီနှင့် ၂၀၀၀ ပြည့်နှစ်အထိ နှိုင်းယှဉ်၍ စီမံကိန်းကြောင့် ဒေသတစ်ခုလုံးတွင် ကောက်ပဲသီးနှံများ ဆတိုးထွက်ရှိလာကြောင်း သက်သေပြခဲ့သည်။
ဤဒေသတွင် စပါး၊ ဝါ၊ ကြက်သွန်၊ ငရုတ်၊ နှမ်း အစရှိသည်တို့ကို ရာသီအလိုက်စိုက်ပျိုးကြသည်။ ကွာဟမှုမှာ အောက်ပါအတိုင်းဖြစ်သည်-
ကင်းတားဆည်ရေသောက် သီးနှံအထွက်နှုန်း နှိုင်းယှဉ်ချက်
ကင်းတားဆည် မတည်ဆောက်မီနှင့် တည်ဆောက်ပြီး သီးနှံအထွက်နှုန်း နှိုင်းယှဉ်ချက် အဆိုပါအစီရင်ခံစာအရ ျမ်းမျှသီးနံှထွက်ရှိမှု လေးဆတိုးခဲ့သည်ဟု ဖော်ပြထားသည်။ တခြားရေလှောင်တမံများတွင်လည်း ဤကဲ့သို့ ဆန်းစစ်ထားမှုများ ရှိသည်။ နမူနာအဖြစ် ကင်းတားဘက်စုံရေလှောင် တမံ၏ကိန်းဂဏန်းများကိုသာ တင်ပြခြင်းဖြစ်သည်။
ပြန်လည်ပြည့်ဖြိုးမြဲရေ အသုံးချမှုတွင် လျှပ်စစ်၊ ဆည်မြောင်း၊ စည်ပင် သာယာရေပေးဝေရေး ကိစ္စများမှာ ဆက်စပ်နေသဖြင့် ဤအခန်းတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ လျှပ်စစ်ကဏ္ဍမှ ဘီလူးချောင်းစက်ရုံ အမှတ်(၁)ကို ဆက်ပါဦးမည်။
ဘီလူးချောင်းအမှတ်(၁) ဓာတ်အားပေးစက်ရုံစီမံကိန်း
ဤစက်ရုံသည် ဘီလူးချောင်းပေါ်ရှိ စက်ရုံသုံးဆင့်အနက် အပေါ်ဆုံး စက်ရုံဖြစ်သည်။ ယင်းစက်ရုံများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး မိုးဗြဲ ရေလှောင်တမံကို တည်ဆောက်ခဲ့ကြောင်း အသေးစိတ်ကို ရှေ့တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
အဆိုပါအစီအစဉ်အရ ဘီလူးချောင်းအမှတ်(၁) ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ကြိုတင်ပြင်ဆင်မှုများကို ၁၉၈၃ ခုနှစ်ခန့်မှစတင် ဆောင်ရွက်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ကြိုတင်ပြင်ဆင်မှုများပြီးစီး၍ လုပ်ငန်းများ အင်တိုက်အားတိုက်စတင်ခဲ့သည်။ ၁၉၉၂ ခုနှစ် သြဂုတ်လ ၉ ရက်တွင် ပထမစက်တစ်လုံးနှင့် သြဂုတ်လ ၁၁ ရက်တွင် ဒုတိယစက်တစ်လုံး စတင်လည်ပတ်နိုင်ခဲ့သည်။ စုစုပေါင်းတပ်ဆင်အင်အားမှာ ၂၈ မဂ္ဂါဝပ် (၁၄_၂) ဖြစ်သည်။ နှစ်စဉ် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း(ယူနစ်သန်း) ၂၀၀ ထုတ်လုပ်ပေးနေသည့်စက်ရုံဖြစ်သည်။
ဘီလူးချောင်းအမှတ်(၁) ဓာတ်အားပေးစက်ရုံ (၂၈ မဂ္ဂါဝပ်)
ဘီလူးချောင်းတစ်လျှောက်တွင် ရေငုတ် (Sinkhole) များရှိနေ၍ မူလဘီလူးချောင်းကိုရှောင်ကာ အလျား ၆ ဒသမ ၁ မိုင် (၉ ကီလိုမီတာခန့်)ရှည်သော ကွန်ကရစ်ရေသွယ်မြောင်း ပြုလုပ်သွယ်ယူပြီး စက်ရုံကို လည်ပတ်စေသည်။ ယင်းစက်ရုံမှ ထွက်ရှိလာသောရေကို ဘီလူးချောင်းအမှတ်(၂) ဓာတ်အားပေးစက်ရုံ ရေသွယ်မြောင်းထဲသို့ တိုက်ရိုက်ထည့်သွင်းခဲ့သည့် အတွက် မိုးဗြဲရေလှောင်တမံမှရေသည် ရာနှုန်းပြည့် စက်ရုံများဆီသို့ ရောက်ရှိခဲ့သည်။
ရေပျောက်ဆုံးမှုရှိသော ဘီလူးချောင်း ၆ မိုင်ခန့်ကိုရှောင်၍ သီးခြားရေသွယ်မြောင်းဖြင့် သွယ်ယူသွားရသည်အထိ ရေကို အကျိုးရှိရှိ အထိ ရောက်ဆုံးဖြစ်အောင် အသုံးချခဲ့သည့် စီမံကိန်းဖြစ်၍ နမူနာယူစရာဖြစ်သည်။
ဤစီမံကိန်းသည် ၁၉၉၂ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကာလတွင်ဖွင့်လှစ်ခဲ့သည့် စီမံကိန်းဖြစ်သော်လည်း ဤစီမံကိန်း၏ အဓိကကျသောအပိုင်းများသည် လမ်းစဉ်ပါတီခေတ်တွင် ဆောင်ရွက်ခဲ့မှုများ ဖြစ်သည့်အတွက် ၁၉၈၈ ခုနှစ်မတိုင်မီ စီမံကိန်းများ အကြောင်းတွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း လမ်းစဉ်ပါတီအစိုးရ တာဝန်ယူခဲ့သည့် ကာလသည် ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးသည့်ကာလဖြစ်ခဲ့သည်။ နိုင်ငံတွင် စိုက်ပျိုးရေး၊ သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အား ဤသုံးမျိုးသည် မရှိမဖြစ်လိုအပ်ချက်များ ဖြစ်သည်ကိုလည်း သိရှိခဲ့ကြသည်။
ရှေ့အခန်းများတွင်ဖော်ပြခဲ့သော ရန်ကုန်မြို့ ရေပေးဝေရေးအတွက် ဖူးကြီးရေလှောင်တမံကို တည်ဆောက်ပေးခဲ့သည်။ အလားတူပင် နိုင်ငံတစ်ဝန်း မိုးရေလုံလောက်စွာ မရရှိသည့်ဒေသများတွင် တာတမံများ၊ ရေလွှဲဆည်များ တည်ဆောက်ပေးခဲ့သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကဲ့သို့ မိုးရာသီတွင် ရေကြီးရေလျှံဖြစ်ပြီး နွေရာသီတွင် ပင်လယ်ဆားငန်ရည်တိုးဝင်၍ စိုက်ပျိုးရေးမလုပ်နိုင်သော မြေဧကပေါင်းများစွာကို အကာအကွယ်ပေးနိုင်ခဲ့သည်။ ရေထိန်းတံခါးများဖြင့် စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
သို့သော် ရေအားလျှပ်စစ်ကဏ္ဍတွင်မူ ဖော်ပြခဲ့သည့် လုပ်ငန်းကြီးများကိုသာ ဆောင်ရွက်နိုင်ခဲ့သည်။ ဤသည်မှာ အကြောင်းတရားနှစ်ချက်ကြောင့်ဟု ဆိုနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။