မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ်စတင်ဆွတ်ခူး

မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ်စတင်ဆွတ်ခူး

ရန်ကုန်  ဇွန်  ၁၅

မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲကို ဇွန်လ ၁၅ ရက်က မလေးရှားနိုင်ငံ ဆာရာဝပ်မြို့တွင် ကျင်းပရာ မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ်စတင်ဆွတ်ခူးရရှိသည်။

မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယင်းပြိုင် ပွဲတွင် လမ်းလျှောက် ကစားသမားနှစ်ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင် ခြင်းဖြစ်ပြီး မီတာ ၂၀၀၀၀ အမျိုးသမီးလမ်းလျှောက်ပြိုင်ပွဲတွင် ဇင်မေထက်က ရွှေတံဆိပ်ဆုရရှိခြင်းဖြစ် သည်။ မလေးရှားပြေးခုန်ပစ်အဖွဲ့သည် လက်ရွေးစင် ကစားသမားများအပါအဝင် ကစားသမား အင်အား အများအပြားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကစားသမားများအနေဖြင့် မလေးရှားနိုင်ငံရှိမြို့များ ကိုယ်စားပြု ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မီတာ ၂၀၀၀၀ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲတွင် ဇင်မေထက် (မြန်မာ)က ၁ နာရီ ၅၅ မိနစ် ၀၅ ဒသမ ၁၃စက္ကန့်ဖြင့် ရွှေတံဆိပ်၊ ဟူဆင် (Wil Persekutuan၊ မလေးရှား)က ၂ နာရီ ၁ မိနစ်  ၄၆ ဒသမ ၇၇ စက္ကန့်ဖြင့် ငွေတံဆိပ်၊ လီဘင်ရီ(ပါဟန်း၊ မလေးရှား)က ၂ နာရီ ၆ မိနစ် ၅၂ ဒသမ ၉၁ စက္ကန့်ဖြင့် ကြေးတံဆိပ် ရရှိသည်။ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲတွင် ကစားသမား ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး မြန်မာ့လက်ရွေးစင်လမ်းလျှောက်မယ် ဇင်မေထက်က      ရွှေတံဆိပ်ရခဲ့ခြင်း ဖြစ်သည်။ ငွေတံဆိပ်ရခဲ့သည့် မလေးရှားအားကစားသမားသည် ပြီးခဲ့သည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သူ ဖြစ်သည်။

မြန်မာပြေးခုန်ပစ်အဖွဲ့တွင် အုပ်ချုပ်/နည်းပြအဖြစ် ဦးထွန်းတင် (ဆီးဂိမ်းလမ်းလျှောက် ရွှေတံဆိပ် ဆုရှင်ဟောင်း)၊ ကစားသမားများအဖြစ် ပြည့်ဖြိုးထွန်းနှင့်ဇင်မေထက်တို့ပါဝင်ကြသည်။ အမျိုးသားမီတာ ၂၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲကို ဇွန်လ ၁၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာကစားသမား ပြည့်ဖြိုးထွန်း ယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ကိုထွန်း

Dates: 
Friday, July 5, 2024 - 05:27