ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ငမိုးရိပ်ရေလှောင်တမံ

ငမိုးရိပ်ရေလှောင်တမံကိုလည်း ရန်ကုန်မြို့တော်ပတ်ဝန်းကျင် စိုက်ပျိုးရေရရှိရေးနှင့် မြို့တော်ရေ ရရှိရေးအတွက် ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်တွင် လှည်းကူးမြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည်။ ရေသိုလှောင်မှုပမာဏမှာ ကုဗမီတာသန်းပေါင်း ၂၂၁ သန်း(၁၈၀၀၀၀ ဧကပေ) ရှိသည်။ ငမိုးရိပ် ရေလှောင်တမံ၏ အထက်ဘက်တွင် ငမိုးရိပ်ရေကူ ရေလှောင်တမံနှစ်ခုကို ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ရေသိုလှောင်ပမာဏ မှာ ကုဗမီတာ ၂၀၇ သန်း (ဧကပေ ၁၇၃၂၀၀) ရှိသည်။

အဆိုပါ ငမိုးရိပ်ဆည်မှရေကို ရန်ကုန်မြို့ထိ ဆက်သွယ်ယူ၍ ရေပေး ဝေရေးနှင့် စိုက်ပျိုးရေးအတွက် အသုံးပြုလျက်ရှိသည်။

အဆိုပါ ရေလှောင်တမံများနှင့် ရေလှောင်ကန်များမှ ရန်ကုန်မြို့သို့ ပေးပို့နေသော ရေပမာဏကို အောက်ပါ အတိုင်း တွေ့ရပါမည်။

လက်ရှိ ရန်ကုန်မြို့တော်သို့ ရေပို့လွှတ်နေသော ရေအရင်းအမြစ်များ(၂၀၂၀ ခုနှစ်)

ဆည်၊ ရေလှောင်ကန်၊ အရင်းအမြစ် နေ့စဉ်ရေပို့လွှတ်မှု (ဂါလန်သန်း)

လှော်ကား                                           ၁၄

ဖူးကြီး                                                ၅၄

ဂျိုးဖြူ                                                ၂၇

ငမိုးရိပ်(အဆင့်-၁)                                ၄၅

ငမိုးရိပ်(အဆင့်-၂)                                ၄၅

မြေအောက်ရေ(အဝီစိတွင်း)၄၂၅ တွင်း    ၁၆

စုစုပေါင်း                                            ၂၀၁ (ဂါလန်သန်းပေါင်း)

ရှေ့တွင်ဖော်ပြခဲ့ပြီးဖြစ်သော လူဦးရေတိုးတက်မှုနှုန်းနှင့် မြို့ဖွံ့ဖြိုးမှုနှုန်းအရ ရန်ကုန်မြို့တော် သောက်သုံးရေဖူလုံရေးမှာ အလွန်အရေးကြီးသော လုပ်ငန်းကြီးတစ်ရပ် ဖြစ်လာခဲ့သည်။

ပညာရှင်များ၏ ခန့်မှန်းချက်အရ နေ့စဉ်ရေလိုအပ်ချက်မှာ-

၂၀၂၀ ခုနှစ် လက်ရှိဖြည့်ဆည်းပေးနိုင်မှု             ၂၀၁ ဂါလန်သန်း

၂၀၂၅ ခုနှစ် ခန့်မှန်းလိုအပ်ချက်                        ၂၅၈ ဂါလန်သန်း

၂၀၃၀ ခုနှစ် ခန့်မှန်းလိုအပ်ချက်                       ၃၃၄ ဂါလန်သန်း

၂၀၃၅ ခုနှစ် ခန့်မှန်းလိုအပ်ချက်                       ၄၂၂ ဂါလန်သန်း

၂၀၄၀ ခုနှစ် ခန့်မှန်းလိုအပ်ချက်                       ၅၂၅ ဂါလန်သန်း

အသီးသီး တိုးတက်လိုအပ်လာမည်ဟု ခန့်မှန်းသည်။

ဤသို့ တိုးတက်များပြားလာမည့် သောက်သုံးရေလုံလောက်စွာ ရရှိရေးအတွက် အောက်ပါနည်းလမ်း လေးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။

(က) မြေပေါ်ပြန်လည်ပြည့်ဖြိုးမြဲရေကို အသုံးပြုခြင်း

(ခ) မြေအောက်ပြန်လည်ပြည့်ဖြိုးမြဲရေကို အသုံးပြုခြင်း

(ဂ) ပင်လယ်ရေကိုပြုပြင်သုံးစွဲခြင်း

(ဃ) စွန့်ပစ်ရေကို ပြန်လည်ပြုပြင်သုံးစွဲခြင်း

ဖော်ပြပါ နည်းအားလုံးအနက် မြေပေါ်ပြန်လည်ပြည့်ဖြိုးမြဲရေကို လိုအပ်သည့်နေရာအရောက် သွယ်ယူ အသုံးပြုခြင်းနည်းသည်သာ ရေရှည်တွင် ရေတန်ဖိုး သက်သာစေခြင်းအပါအဝင် ဘက်စုံ အကျိုးဖြစ် ထွန်းစေသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့၏ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်မှာလည်း မီလီမီတာ ၂၅၀၀ (လက်မ ၁၀၀) ဝန်းကျင်ရှိနေ၍ ဤနည်းသည် အသင့်လျော်ဆုံးနည်းဖြစ်သည်။ မြေပေါ် ပြန်လည်ပြည့်ဖြိုးမြဲရေ လုံလောက်နေပါက မြေအောက်ရေကို သုံးစွဲမှုလျှော့သင့်သည်။

ပင်လယ်ရေကို ရေချိုပြုလုပ်ခြင်းကိစ္စမှာ ရေချိုရရှိရေး အခြားနည်းဖြင့် ဖြေရှင်းရန် မဖြစ်နိုင်သည့် နိုင်ငံများတွင်သာ အဓိကသုံးစွဲကြသည်။ မိမိတို့နိုင်ငံတွင် မိုးရေချိန် နှစ်စဉ် ပျမ်းမျှရွာသွန်းမှုမှာ လုံလောက်သည့်အပြင် ပိုလျှံနေသည့်အတွက်ကြောင့်လည်းကောင်း၊ ရေချိုရရှိစေမည့် ပြန်လည် ပြည့်ဖြိုးမြဲ မြစ်ချောင်းများ လက်ညှိုးထိုးမလွဲရှိနေ၍လည်းကောင်း ပင်လယ်ရေကို ပြုပြင်သုံးစွဲရန် မလိုအပ်ပါ။

စတုတ္ထနည်းလမ်းဖြစ်သော သုံးစွဲပြီးရေကို ပြန်လည်သန့်စင်ပြီးသုံးခြင်းနည်းမှာ ရေချိုရှာရ အလွန်ခက် သော အစ္စရေးနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုကဲ့သို့နိုင်ငံများမှာ သုံးစွဲနေ သည့်နည်း ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဤနည်းကို သုံးစွဲရန်လိုအပ်သည်အထိ ရေချို ရှားပါးနေသည့် နိုင်ငံမဟုတ်၍ ဤကိစ္စ လောလောဆယ် မေ့ထားသင့်သည်။

လက်ရှိ  ရန်ကုန်မြို့တွင်  ရေချိုဖြန့်ဖြူးနေသော ပင်မရေပိုက်များ၊ လက်ခွဲပိုက်များ ဖြန့်ဖြူးရေးပိုက်များ၊ ပိုက်ဆက်များ၊ ရေဘုံပိုင်ခေါင်းများ ချို့ယွင်းပျက်စီးနေမှုများနှင့် ရေဆိုးများ သောက်သုံးရေပိုက်များ အတွင်း ဝင်ရောက်လာခြင်းကိစ္စ မဖြစ်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန် များစွာအားထည့် ဆောင်ရွက် သင့်သည်။

ပို၍ အရေးကြီးသောအချက်မှာ ရေသုံးစွဲသူအားလုံး၏ စိတ်တွင် ရေချို တန်ဖိုးကို နားလည် သဘော ပေါက်ပြီး လူတိုင်းကိုယ်စီ ရေချွေတာသုံးစွဲရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ပညာပေးစည်းရုံး သင့်သည်။ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်သင်ရိုးများတွင် ပြည့်ပြည့်စုံစုံထည့်သွင်း သင်ကြားပေးသင့်သည်။ ရေဖြန့်ဖြူးမှုစရိတ် ပြန်လည်ကောက်ခံရာတွင် သုံးစွဲယူနစ်တိုးလာသည်နှင့်အမျှ ရေတန်ဖိုးမြှင့်၍ အလွှာ လိုက်ကောက်ခံ သင့်သည်။

လုပ်ငန်းသုံးရေဖိုးကောက်ခံရာတွင်လည်း ကုန်ထုတ်လုပ်မှုမဟုတ်သော လုပ်ငန်းများ ဥပမာအားဖြင့် ကားရေဆေး လုပ်ငန်းများ၊ စားသောက်ဆိုင် ကြီးများ၊ ဟိုတယ်များ၊ ကုန်တိုက်များ စသည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဈေးနှုန်းတစ်မျိုးဖြင့် ကောက်ခံသင့်သည်။

အများသုံးရေဘုံပိုင်ခေါင်းများ ချို့ယွင်းမှုနှင့် လုံးဝရေဘုံပိုင်ခေါင်း မရှိဘဲ ရေလာချိန်တွင် ရေလေလွင့် နေသည့်ကိစ္စများကိုလည်း နယ်မြေ တာဝန်ခံများအား တာဝန်ခံမှု၊ တာဝန်ယူမှု ဆုပေး၊ ဒဏ်ပေးစနစ်ထိ ကျင့်သုံး၍ ကြပ်မတ်သင့်သည်။

ရေချိုနှင့်စွမ်းအင်ကို ချွေတာသုံးစွဲတတ်သည့် အုပ်ချုပ်သူများ၊ ကြီးကြပ်သူများ၊ ပြည်သူများ ဖြစ်လာစေရေး ယခုထက်ပို၍ အားစိုက်ဆောင်ရွက်မှသာ ရေရှည်တွင် အိတ်ပေါက်နှင့် ဖားကောက် အခြေအနေမှ ရှောင်ရှား နိုင်ကြမည်ဖြစ်သည်။

ယခုဆက်လက်ပြီး ဖော်ပြလိုသည်မှာ ရန်ကုန်မြို့တော် သောက်သုံးရေ ဖူလုံရေး နိုင်ငံတော်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေမှုများဖြစ်သည်။

ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း ကာလအလိုက် တိုးတက်လိုအပ်လာမည့် ရေချိုကို ဖြည့်ဆည်း ဆောင်ရွက်ရန်မှာ အချိန်၊ ငွေ၊ လူ၊ ပစ္စည်း မြောက်မြားစွာ သုံးစွဲဆောင်ရွက်ကြရလိမ့်မည်။

မိမိတို့လို ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများတွင် မိမိပြည်သူများ ရေချိုလုံလောက်အောင် ရရှိစေရေးကိုပင် မိမိခြေထောက်ပေါ်မိမိ ရပ်တည်ဆောင်ရွက်ရန်မှာ အတော်အခက်အခဲရှိသည်။

ဆက်လက်ဖော်ပြပါမည်။