လမ်းစည်းကမ်းကို လိုက်နာကြ
လမ်းအန္တရာယ်ဖြစ်ပွားမှု၏ အဓိကအကြောင်းရင်းသည် လမ်းကိုအသုံးပြုနေကြသည့် မော်တော်ယာဉ်များ၊ အနှေးယာဉ်(စက်ဘီး၊ ဆိုက်ကား)၊ လူများက စည်းကမ်း ချိုးဖောက်ကြခြင်းကြောင့်ပင်ဖြစ်သည်။
မီးပွိုင့်ကမီးနီနေသဖြင့် ယာဉ်များက ရပ်ထားကြသည်။ လမ်းအသုံးပြုသူတို့ကလည်း သူတို့ကို ဖြတ်သန်းခွင့်ပေးသည့် မီးကစိမ်းနေသဖြင့် ဖြတ်သန်းနေကြသည်။ အရှိန်မလျှော့ဘဲ ဝင်လာသော စက်ဘီး၊ လမ်းပြောင်းပြန်ဝင်လာသော စက်ဘီးက မီးနီခြင်း၊ မီးစိမ်းခြင်းကို ဂရုမပြု၊ အရေးမစိုက်သောကြောင့် လမ်းကူးသူကို ပွတ်တိုက်သည်။ လမ်းကူးသူသည် မသန်စွမ်းသူ၊ သက်ကြီးရွယ်အိုဖြစ်ပါက ပိုမိုရှုပ်ထွေးကုန်တော့သည်။ မြို့ကြီးများတွင် နေ့စဉ်ယာဉ်တိုက်မှု ရှိနေသည်။ ယာဉ်တိုက်မှုမရှိသည့်လဟူ၍ မရှိချေ။ မြို့ကြီးများတွင် လမ်းများကို အမျိုးမျိုး ပြုပြင်ပေးကြသည်။ ကျဉ်းမြောင်းသော လမ်းများကို ချဲ့ထွင်ပေးခြင်း၊ လမ်းကောက်များကို တတ်နိုင်သမျှ ဖြောင့်ပေးခြင်း၊ လမ်းတစ်ဖက်မှ လမ်းတစ်ဖက်သို့ သက်သာချောင်ချိစွာ ယာဉ်ကွေ့နိုင်ရန် ဖန်တီးပေးခြင်း၊ လမ်းပေါ်ရှိ ချိုင့်ဝှမ်းများကို ဖို့ပေးခြင်း၊ ခရီးရှည်လမ်းများတွင် ယာဉ်မောင်းသူများ ငြီးငွေ့ထိုင်းမှိုင်းမှုမရှိစေရန် သာယာသောစခန်းထောက်များ တည်ဆောက်ပေးခြင်း၊ လမ်းကို ကောင်းသည်ထက်ကောင်းရန် ငွေကုန်ကြေးကျခံကာ ပြုပြင်ပေးခြင်း၊ လမ်းပေါ်၌ အမျိုးမျိုးသော အမှတ်အသားများဖြင့် မော်တော်ယာဉ်မောင်းသူနှင့် ခြေကျင်ခရီးသွားသူများ လမ်း၏အခြေအနေကို သိရှိစေရန် အကွေ့အကောက်ရှိသောလမ်း၊ တစ်ဖက်သွားလမ်း၊ မီးရထားလမ်းနှင့် ဆုံသောလမ်း စသည်ဖြင့် အမှတ်အသားများ စိုက်ထူ၍ သတိပေးထားလေသည်။ ယင်းသို့ သတိပေးချက်များကို နိုင်ငံသားများသာမက နိုင်ငံခြားသားများပါ လွယ်ကူစွာ နားလည်၍ လိုက်နာနိုင်အောင် ကမ္ဘာ့စံတင်လမ်းအမှတ်အသားများနှင့် အချက်ပြနည်းများအတိုင်း ဆောင်ရွက်ထားခြင်းဖြစ်လေသည်။ မော်တော်ယာဉ် မောင်းနှင်သူတို့သည် လမ်းညွှန်အချက်ပြ အမှတ်အသားအတိုင်း လိုက်နာကြပါက ဘေးကင်းစွာ မောင်းနှင်နိုင်ကြမည်ဖြစ်သည်။
လမ်းအန္တရာယ်ကင်းရှင်းရန် နိုင်ငံတိုင်းလိုလိုတွင် ယာဉ်ထိန်းရဲများသည် ကျောင်းသွားကျောင်းပြန် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ လမ်းမကူးတတ်သူများကို စောင့်ရှောက်ပေးကြလေသည်။ လမ်းများတွင်လည်း ဖြတ်ကူးရန်နေရာများ သတ်မှတ်ထားသည်။ လမ်းကျယ်ကြီးများ၊ ကျောင်းများ၊ ဈေးများနှင့် လူစည်ကားသော နေရာများတွင် ခြေကျင်ခရီးသွားများ အန္တရာယ်ကင်းစွာ ဖြတ်ကူးနိုင်ရန် လမ်းပေါ်တွင် လူကူးမျဉ်းကျားများ ဆွဲပေးထားသည်။ မျဉ်းကျားပေါ်၌ လူသွားနေလျှင် ယာဉ်များက ရပ်တန့်ပေးရသည်။ လမ်းဆုံများ၌ လမ်းဖြတ်ကူးသူတို့အတွက် အချက်ပြမီးများလည်း တပ်ဆင်ထားသည်။ အချက်ပြမီးတွင် လူပုံသဏ္ဌာန်မီးစိမ်းပေါ်မှ လမ်းကို ဖြတ်ကူးရသည်။
လမ်းပေါ်၌ ထိခိုက်မှုများ မဖြစ်ပွားစေရန်၊ ခြေကျင်ခရီးသွားသူများက စည်းကမ်းများ လိုက်နာရန် လိုအပ်သကဲ့သို့ မော်တော်ယာဉ်မောင်းနှင်သူများကလည်း တာဝန်ရှိသည်။ ယာဉ်မောင်းသူသည်အမြဲတမ်း မျက်စိလျင်နေရ၍ လမ်းပြရဲ၏ အချက်ပေးချက်များကိုလည်း အတိအကျ လိုက်နာရသည်။ ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းများကို လိုက်နာရန်လည်း အမြဲလိုအပ်သည်။ လမ်းအသုံးပြုသူတိုင်း လမ်းစည်းကမ်းများကို လိုက်နာကြမှသာလျှင် ယာဉ်တိုက်မှု လျော့ပါးနိုင်မည်ဖြစ်သည်။
ယခုအခါ မြို့ပြတို့၏ ဖွံ့ဖြိုးမှုနှင့်အတူ မော်တော်ဆိုင်ကယ်များ ပေါ်ပေါက်လာပြီး တစ်ဖက်၌လည်း လောင်စာဆီသက်သာ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချနိုင်သည်ဟူသော ခေါင်းစဉ်ဖြင့် စက်ဘီးအသုံးပြုသူများ ထူထပ်လာကြသည်။ ထို့အတူ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီးတို့လည်း ပေါ်လာကြသည်။ မော်တော်ဆိုင်ကယ်များသည် စက်တပ်ယာဉ်များဖြစ်သဖြင့် မော်တော်ယာဉ်များ အတွက် ရည်စူးချမှတ်ထားသော ယာဉ်စည်းကမ်းကို လိုက်နာရန်တာဝန်ရှိသည်။ မိမိအားအသုံးပြုခွင့် မပေးထားသော နယ်မြေအတွင်းဝယ် အသုံးပြုစီးနင်းနေခြင်းသည် နိုင်ငံကြီးသား မပီသသည့် အမူအကျင့်ပင်ဖြစ်သည်။ ထို့အတူ စက်ဘီးသည်လည်း ယာဉ်တစ်စီးဖြစ်သည်ကို သတိချပ်သင့်သည်။
ယာဉ်တိုက်မှုလျော့ပါးသွားရန် ယာဉ်မောင်းသူများအတွက် အဓိကလိုအပ်ချက်များမှာ မော်တော်ယာဉ်ကို ကောင်းစွာထိန်းသိမ်း မောင်းနှင်ခြင်း၊ မော်တော်ယာဉ်စည်းကမ်းကိုလိုက်နာခြင်း၊ လမ်းစည်းကမ်းကို ကောင်းစွာ နားလည်သဘောပေါက်ခြင်း၊ သည်းခံစိတ်ရှည်ခြင်းနှင့် အာရုံထွေပြားမှု မရှိခြင်းတို့ဖြစ်သည်။ အဓိကအားဖြင့် ပြည့်စုံရန်လိုအပ်သည်။ မော်တော်ယာဉ်ကို ကောင်းစွာထိန်းသိမ်းရာ၌ မော်တော်ယာဉ်တွင် ဓာတ်ဆီ၊ အချက်ပြလက်နှင့် အချက်ပြမီး၊ ရေ၊ စတီယာရင်၊ တာယာ၊ ဝိုက်ပါ ခေါ် ရေသုတ်တံ၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်တို့ ကောင်းမွန်စွာ ရှိ၊ မရှိ တစ်နည်း ပြည့်စုံစွာဖြင့်ရှိမှသာ မောင်းနှင်ရန်ဖြစ်သည်။ မော်တော်ယာဉ်ကို မောင်းနှင်သည့်အခါ၌လည်း အန္တရာယ်အကင်းဆုံး မောင်းနှင်နိုင်ရန် အရှိန်ကိုထိန်းတတ်ဖို့အရေးကြီးသည်။ မည်သည့်အရှိန်နှင့်မောင်းလျှင် မည်သည့်အကွာအဝေး လောက်မှစ၍ အရှိန်သတ်ရန် လိုအပ်သည်ကို သိသင့်သည်။ ခြောက်သွေ့သောလမ်းတွင် တစ်နာရီမိုင် ၃၀ နှုန်းနှင့်သွားသော ယာဉ်သည် ဘရိတ်အုပ်သင့်ပြီဟု ဆုံးဖြတ်သည့်အချိန်မှစ၍ ဘရိတ်ကို ခြေနှင့်တော့လိုက်ပါက ၇၈ ပေ လိမ့်သွားပြီးမှ ရပ်နိုင်၍ စိုစွတ်သောလမ်းပေါ်တွင်မူ ၁၀၈ ပေ လိမ့်သွားပြီးမှ ရပ်နိုင်သည်။ ထို့ကြောင့် ယာဉ်မောင်းသူသည် မိမိမောင်းနှင်ရှိန်ကို ထိန်းညှိတတ်ရန် အလွန်လိုအပ်သည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို နားလည်နိုင်ရန်လည်း သက်ဆိုင်ရာ ယာဉ်ဌာနများက အခါအားလျော်စွာ ထုတ်ပြန်သော စည်းကမ်း၊ ဥပဒေများကို လေ့လာထားရန်လည်း လိုအပ်သည်။ လမ်းအန္တရာယ်ကင်းရှင်းရန် လမ်းအသုံးပြုသူတိုင်း လမ်းစည်းကမ်းကိုအဓိက နားလည်လိုက်နာရန် လိုအပ်သည်။ “လမ်းစည်းကမ်းဟူသည်မှာ သက်ဆိုင်ရာ အပြစ်ဒဏ်များနှင့်တကွ ချမှတ်ထားသော ဥပဒေကား မဟုတ်ပါချေ။ ပိုင်းခြားဝေဖန်တတ်သော ဉာဏ်နှင့်လူ့ယဉ်ကျေးမှု ဆက်ဆံရေးပေါ်တွင် အခြေတည်၍ လမ်းအသုံးပြုသူများ လုပ်သင့်သော အချက်များနှင့် မလုပ်သင့်သောအချက်များကို စုပေါင်းရေးဆွဲထားခြင်းသာ ဖြစ်သည်။” ထို့ကြောင့် ယာဉ်အမျိုးမျိုးကို မောင်းနှင်သူများ၊ လမ်းပေါ်တွင် ခြေကျင်လျှောက်သူများ၊ လူကြီးလူငယ်၊ ကျောင်းသား၊ ကျောင်းသူ၊ ယောကျ်ား၊ မိန်းမများပါမကျန် အားလုံးသောသူတို့အား လမ်းပေါ်၌ ဘေးရန်မတွေ့စေရန် လမ်းစည်းကမ်းများကို သဘောပေါက်နားလည်ထားရန် လိုအပ်သည်။ လမ်းပေါ်တွင်တွေ့ရှိရသော ညွှန်ကြားချက်မှတ်တိုင် အမျိုးမျိုး၊ ယာဉ်မောင်းနှင်သူများ လိုက်နာရန်စည်းကမ်း အမျိုးမျိုး၊ ခြေကျင်ခရီးသွားများ လမ်းဖြတ်ကူးသည့်အခါ သတိထားရမည့် အချက်များ၊ လမ်းပြရဲ၏အချက်ပေးပုံ အမျိုးမျိုးကို နားလည်ထားသင့်သည်။
မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးသည် လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် လမ်းပြရဲ၏ အချက်ပြခြင်းကို အမြဲလေးစားသင့်သည်။ ယာဉ်၏ ဘရိတ်၊ စီယာတိုင်နှင့် မီးလုံးများကောင်းမွန်ရန် စစ်ဆေးသင့်သည်။ ယာဉ်မောင်းသည် ခွင့်ပြုသောမိုင်နှုန်းထက် ပိုမမောင်းသင့်ဟူသည်ကို နားလည်ရမည်။ မူးလျှင် မမောင်းနှင့်၊ မောင်းလျှင်မမူးနှင့်ဟူသည့် ဆောင်ပုဒ်သည် အသက်များစွာကို စာနာတတ်ရန် လှုံ့ဆော်ပေးခြင်းဖြစ်သည်။ ယာဉ်မောင်းသူသည် စာသင်ကျောင်းများအနီး ပို၍ သတိထားမောင်းရန် လိုအပ်သည်။ ဖူးပွင့်လာမည့် ပန်းကလေးများ၏ တန်ဖိုးသည် ယာဉ်မောင်းနှင့် ယာဉ်၏မဆင်ခြင်မှု၊ ချွတ်ယွင်းမှုကြောင့် မဆုံးရှုံးသင့်ပါချေ။ အခြားယာဉ်နောက်မှကပ်၍ လိုက်ပါခြင်းသည် မိမိအန္တရာယ်ကို မိမိကိုယ်တိုင် ဖိတ်ခေါ်နေသည့်နှယ် ရှိပါသည်။ ယာဉ်မောင်းနှင့် လမ်းအသုံးပြုသူတို့သည် ရှေ့ကိုကြိုကြည့်တတ်သည့် အလေ့အကျင့်ပြုသင့်သည်။ ဤအကျင့်သည်ရန်ကို ဝေးကွာစေသည်။ ရှေ့မှသွားနေသော ယာဉ်က ကျော်တက်နိုင်ခွင့် အချက်မပြမီ ကျော်မတက်ပါနှင့်။ အရေးတကြီး ကျော်တက်မိပါက တစ်ဖက်မှ မျက်နှာချင်းဆိုင်လာသော ယာဉ်နှင့် ထိပ်တိုက်တွေ့နိုင်ခြေရှိသည်။ တစ်ဖန်အကွေ့၊ လမ်းထောင့်လမ်းဆုံတွင် ဖြတ်ကျော်မတက်ပါနှင့်။ အလွန်အန္တရာယ်ကြီးသော လုပ်ရပ်ပင်ဖြစ်သည်။ ထို့ပြင် အခြားယာဉ်မောင်းသူ မထီမဲ့မြင်ပြုသည်ကို ဒေါသဖြင့်တုံ့ပြန်မပြုပါနှင့်။ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ခြင်းသည် မိမိအတွက် လုံခြုံစေပါသည်။ ယာဉ်မောင်းသူသည် အပြိုင်မောင်းလိုသော စိတ်ကိုဖယ်ရှားပါဟု တိုက်တွန်းလိုသည်။ ဤနေရာသည် ပြိုင်ဆိုင်ရမည့်နေရာ မဟုတ်ပါလေ။ ရပ်လိုလျှင်၊ နှေးလိုလျှင်၊ ကွေ့လိုလျှင် အချက်ပြသည့်အကျင့်ကိုပြုပါလေ။ ညဉ့်အခါ ရှေ့မှယာဉ်လာနေလျှင် သို့မဟုတ် မိမိရှေ့၌ ယာဉ်ရှိလျှင် မီးမှိန်ကိုအသုံးပြုပါ။ ယာဉ်မောင်းနေလျှင် အခြားအာရုံကို လုံးဝဖယ်ရှားပါ။ မိမိရှေ့တည့်တည့်ကိုသာ အာရုံစိုက်ထားခြင်းသည် ဘေးကင်းပါသည်။ လမ်းသွယ်မှ လမ်းမကြီးသို့မထွက်မီ ယာဉ်ကိုရပ်၍ ဝဲယာ ကြည့်ပြီးမှထွက်ပါ။ လမ်းပေါ်ရှိ သတိပေးချက်၊ ညွှန်ကြားချက်များကို လေးစားခြင်းသည် မိမိအား လုံခြုံစေသည်။ လက်ဝဲဘက်ကွေ့လိုသည့် အခါနှင့် ရှေ့မှယာဉ်ကို ကျော်တက်သည့်အခါမှလွဲ၍ ယာဉ်ကို ယာဘက်မှ ကပ်၍မောင်းပါ။ တစ်လမ်းမောင်းစနစ် ကျင့်သုံးရန် သတ်မှတ်ထားသည့်နယ်နိမိတ် အတွင်းသို့မဝင်မီ မိမိသွားရမည့် ခရီးလမ်းကို ကြိုတင်စီစဉ်တွေးထားသင့်သည်။ ယာဉ်ကြောတစ်ခုမှ တစ်ခုပြောင်းရန် လိုအပ်လျှင် ကြိုတင်အချက်ပြပြီးမှ ပြောင်းခြင်းဖြင့် အခြားယာဉ်တို့အား လေးစားခြင်း အမှုကို ပြုသင့်သည်။ ယာဉ်ကြောကူးပြောင်းရန် သတ်မှတ်ထားသော မျဉ်းပြတ်၊ ကွေ့မှယာဉ်ကြောကူးပါ။ လူစည် ကားသောနေရာများ၌ ယာဉ်ကို နောက်ဆုတ်မမောင်းပါနှင့်။ မမြင်နိုင်သောအန္တရာယ်များ ဘွားခနဲပေါ်လာတတ်သည်။ ယာဉ်မောင်းသူသည် ရပ်လို ကွေ့လို ကျော်တက်လိုလျှင် မမေ့မလျော့ အချက်ပြပါ။
မော်တော်ဆိုင်ကယ်နှင့် စက်ဘီးစီးသူများသည် လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်တစ်စီးအတွက် လိုက်နာသင့်သည့် စည်းကမ်းများကို ထပ်တူလိုက်နာပေးရန် လိုအပ်သည်။ စက်ဘီးသည် ယာဉ်တစ်စီးဖြစ်သည်ကို သတိပြုပါ။ စက်မဲ့ယာဉ်ဖြစ်သော်လည်း စက်တပ်ယာဉ်နှယ် အန္တရာယ်ပေးနိုင်ပါသည်။ စက်ဘီးအသုံးပြုသူသည် အခြားယာဉ်များနည်းတူ ညွှန်ကြားသည်ကို လိုက်နာရန် လိုအပ်ပါသည်။ တစ်ဖန် မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများသည် လူပိုနှစ်ယောက် မတင်သင့်ပါ။
ကြီးမားသောပစ္စည်းများ မတင်သင့်ပါ။ အခြားယာဉ်များကို တွယ်၍မလိုက်သင့်ပါ။ ရှေ့မှသွားနေသော ယာဉ်ကို ကပ်၍မလိုက်သင့်ပါ။ လမ်း၏ လက်ယာဘက် သို့မဟုတ် မိမိတို့အတွက် သတ်မှတ်ပေးထားသော လမ်းဝယ် စီးပါလေ။ လူသွားစင်္ကြံပေါ်ဝယ် စီးခြင်း၊ လမ်းပြောင်းပြန်စီးခြင်း၊ လက်လွှတ်စီးခြင်း၊ အဆန်းထွင် စီးခြင်း၊ အရှိန်ပြင်းစွာစီးခြင်း၊ စက်ဘီးနှစ်စီး ယှဉ်၍စီးခြင်းမပြုပါနှင့်။ ညဉ့်အခါ မီးထွန်း၍စီးပါ။
ရှေ့နှင့်နောက်ဘရိတ်များ ကောင်း၊ မကောင်း စစ်ဆေးပါ။ လမ်းများပေါ်ရှိ လမ်းညွှန်အမှတ်အသားများ အတိုင်း လိုက်နာခြင်းတို့သည် မိမိနှင့် အများသူငါတို့ အန္တရာယ်ကင်းရာ ရောက်သည်။
ခြေကျင်ခရီးသွားများသည် လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် လမ်းဘေးပလက်ဖောင်း သို့မဟုတ် လူသွားစင်္ကြံရှိလျှင် လူသွားလမ်းပေါ်မှလျှောက်ပါ။ လမ်းပေါ်ဆင်း၍ မလျှောက်ပါနှင့်။ ပလက်ဖောင်းမရှိလျှင် လမ်းနှုတ်ခမ်းကို ကပ်၍လျှောက်ပါ။ လမ်းကိုဖြတ်ကူးသည့်အခါ လူကူးမျဉ်းကျား ပြုလုပ်ထားသည့် နေရာမှသာ ဖြတ်ကူးပါ။ မီးပွိုင့်လမ်းဆုံတွင် လေးဘက်လေးတန် ဆေးဝါဖြင့်ရေးဆွဲထားသော မျဉ်းနှစ်ကြောင်း အတွင်းမှသာ ဖြတ်ကူးပါ။ လမ်းဖြတ်ကူးခါနီး၌ လမ်းနှုတ်ခမ်း၌ရပ်၍ ယာဉ်လာမည့်ဘက်သို့ကြည့်၍ကူးပါ။ လမ်းအလယ်၌ ရပ်နားရန်နေရာရှိလျှင် ရပ်တန့်ပြီး ပထမဖြတ်ကူးစဉ်ကအတိုင်း ကြည့်၍ဆက်ကူးပါ။ မိမိ လက်ဝဲ၊ လက်ယာတို့မှ အသွားအလာကို ကောင်းစွာ မမြင်ရလောက်အောင် ယာဉ်များနှင့် အခြားအတားအဆီးများ ရှိနေပါက သို့မဟုတ် မျက်စိတဆုံး မမြင်နိုင်ပါက အထူးသတိထား ဖြတ်ကူးရမည်။ သွားလာနေသည့်ယာဉ်မှ ယာဉ်မောင်းမြင်နိုင်သော ဘက်မှသာဖြတ်ကူးပါ။ မီးအချက်ပြရှိသည့် နေရာ၌ ယာဉ်အတွက် မီးနီပြထားချိန်ကျမှ လမ်းဖြတ်ကူးပါ။ အချို့နေရာ၌ အစိမ်း၊ အနီ မီးအချက်ပြများ တပ်ဆင်ထားတတ်သည်။ လူရုပ်နှင့် မီးအစိမ်းရောင်လင်းမှ ဖြတ်ကူးပါ။ လူရုပ်နီနေသောအခါ ဖြတ်မကူးပါနှင့်။ လူအစုအအုပ်နှင့် လမ်းဖြတ်ကူးလျှင် တစ်ယောက်နောက် တစ်ယောက်စီ၍ မဖြတ်ပါနှင့်။ စောင့်ရသော ယာဉ်များ အချိန်ကုန်အောင် လုပ်ရာကျပါသည်။ ပခုံးချင်းယှဉ်စီပြီး ခပ်မြန်မြန်ဖြတ်ကူးပါ။ လမ်းကို ဖြတ်ကူးသည့်အခါ ဓားလွယ်ခုတ်မကူးဘဲ တည့်တည့်ဖြတ်ကူးပါ။ တည့်တည့်ဖြတ်ကူးခြင်းသည် ခရီးအတိုဆုံးဖြစ်၍ အမြန်ဆုံး ရောက်နိုင်သည်။ အရွယ်မရောက်သေးသော၊ အသိဉာဏ် မပြည့်ဝသေးသော ကလေးငယ်များအား အုပ်ထိန်းသူများက လက်ကို မြဲမြဲတွဲပြီးမှ လမ်းကိုဖြတ်ကူးပါ။ လမ်းပေါ်၌ မူးယစ်သောက်စား သွားလာခြင်းကို ရှောင်ပါ။
လမ်းပေါ်၌ ငေးမောမလျှောက်ပါနှင့်။ လိုအပ်လျှင် ယာဉ်ထိန်းရဲ အကူအညီတောင်းပါ။
လမ်းမများပေါ်ဝယ် လမ်းကိုအသုံးပြုနေကြသည့် အမြန်ယာဉ်/အနှေးယာဉ်များ၊ ခြေကျင်ခရီးသွားသူများ၊ ယာဉ်ထိန်းရဲများဟူသည့် သုံးနားညီတြိဂံ တစ်ခုတည်ရှိနေသည်။ သုံးနားညီ တြိဂံ၏သဘောအရ ညီတူညီမျှ တာဝန်အသီးသီးရှိသည်။ သုံးနားညီတြိဂံတို့ အညီအညွတ်ပြုခြင်းသည် လမ်းစည်းကမ်းကို လိုက်နာနေခြင်းသာဖြစ်ပါသည်။ လမ်းအသုံးပြုသူတိုင်း အန္တရာယ်ကင်းဝေးစေကြောင်း ဤဆောင်းပါးဖြင့် ပံ့ပိုးခြင်းသာဖြစ်ပါကြောင်း။ ။