ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

အခန်း(၁၉)

မြန်မာ့ရေအသုံးချမှုနှင့်လျှပ်စစ်(၁၉၈၈-၂၀၁၀)

ဤကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲရေအားလျှပ်စစ်လုပ်ငန်းများကို အထူးအားထည့်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။

ရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခု လေ့လာစူးစမ်းတွက်ချက်သည်မှ တည်ဆောက်ပြီးစီးသည်အထိ လုပ်ငန်းအကြီး၊ အသေးပေါ်မူတည်ပြီး ငါးနှစ်မှ ၁၀ နှစ်ခန့်အထိ ကြာတတ်သည်။ တချို့ နိုင်ငံပိုင်စီမံကိန်းကြီးများမှာ ရန်ပုံငွေအခက်အခဲ ဖြစ်ပေါ်တတ်၍ ၁၅ နှစ်ခန့်အထိ ကြာတတ်သည်။

တပ်မတော်အစိုးရတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့(နဝတ)နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက) နှစ်ပိုင်းတွေ့ရသည်။ နဝတအစိုးရလက်ထက်  (၁၉၈၈ မှ ၁၉၉၇) ခုနှစ်အထိ  ကိုးနှစ်ခန့်တွင် ရေအားလျှပ်စစ်စီမံကိန်းသစ်များ အနည်းငယ်သာ ဆောင်ရွက်နိုင်ခဲ့သည်။

ဤကာလတွင် ရန်ကုန်နယ်နိမိတ်အတွင်း ဇယားတွင်ဖော်ပြပါ သဘာဝဓာတ်ငွေ့သုံးစက်ရုံငါးရုံနှင့် တီကျစ်ကျောက်မီးသွေး စက်ရုံတစ်ရုံ အသစ်တိုးချဲ့ဆောင်ရွက်ခဲ့သည်။

          ၁၉၈၈ မှ ၂၀၁၁ ခုနှစ် မတ်လအထိဆောင်ရွက်ခဲ့သော သဘာဝဓာတ်ငွေ့နှင့်ကျောက်မီးသွေးသုံး (စွန့်ပစ်အပူသုံးအပါအဝင်)

                   ဓာတ်အားပေးစက်ရုံသစ်များ

စက်ရုံများအတွက်  ရင်းနှီးမြှုပ်နှံမှုတွင်  နိုင်ငံပိုင်နိုင်ငံခြားငွေကို အဓိကအသုံးပြုခဲ့ခြင်းဖြစ်၍ ကမ္ဘာ့စီးပွားရေး ပိတ်ဆို့မှု အပြင်းထန်ဆုံးကာလတွင် ကြီးမားသောအားထုတ်မှုဖြစ်သည်။

ယခင် ၁၉၈၈ ခုနှစ်မတိုင်မီ တည်ဆောက်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်းမှ  ဓာတ်ငွေ့သုံးဓာတ် အားပေးစက်ရုံအများစုတွင်  ဓာတ်ငွေ့မလုံလောက်၍ သော်လည်းကောင်း၊ စက်စွမ်းရည် ကျဆင်း၍သော်လည်း

ကောင်း စက်များရပ်နားခြင်း၊ ဒီဇယ်ဆီဖြင့် အစားထိုးမောင်းနှင်ခြင်းများ ပြုလုပ်နေရချိန်တွင် စက်သစ်ခြောက်လုံး ထပ်တိုးတည်ဆောက်နိုင်ခဲ့၍ အနည်းငယ်အသက်ရှူချောင်ခဲ့သည်။

သို့သော် ၁၉၉၀ ပြည့်နှစ်မှစ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု မလုံလောက်မှုကြောင့် ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးရသည့်အခြေအနေမှာ ၂၀၀၀ ပြည့်နှစ်အထိ ရှင်သန်နေခဲ့သည်။

ဤကာလအတွင်း  ထပ်မံဖွင့်လှစ်ခဲ့သည့်  ဆည်တော်ကြီးဘက်စုံရေလှောင်တမံစီမံကိန်း ၂၅ မဂ္ဂါဝပ်သည်လည်း လယ်ယာစိုက်ပျိုးရေးအတွက် ရေပေးဝေရန် အဓိကရည်ရွယ်ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်၍ ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် အထိုက်အလျောက်သာ အင်အားဖြစ်စေခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်ခန့်အထိ ၁၂ နှစ်တာကာလအတွင်း ဆည်တော်ကြီးရေအားလျှပ်စစ်စက်ရုံ ၂၅ မဂ္ဂါဝပ်၊ ဇော်ဂျီရေအားလျှပ်စစ်စက်ရုံ(၁) ၁၈ မဂ္ဂါဝပ်၊ ဇော်ဂျီရေအားလျှပ်စစ်စက်ရုံ (၂) ၁၂ မဂ္ဂါဝပ်၊ ဇောင်းတူရေအားလျှပ်စစ်စက်ရုံ ၂၀ မဂ္ဂါဝပ် စသည့် ရေအားလျှပ်စစ်စက်ရုံလေးရုံ (အသေးစားများမပါ) စုစုပေါင်း ၇၅ မဂ္ဂါဝပ် တိုးတက်လာခဲ့သည်။ သို့သော် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ သိသိသာသာ တိုးလာသည့်အတွက် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများအပေါ် ပို၍မှီခိုလာရသည်။

မြန်မာနိုင်ငံတွင် ၁၉၇၄ ခုနှစ်နောက်ပိုင်း ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများကို ဦးစားပေးတည်ဆောက်ခဲ့သည်။ သို့သော် ၁၅ နှစ်ခန့်အကြာမှစ၍ ကုန်းတွင်းဓာတ်ငွေ့သိုက်များ ကုန်ခန်းသလောက်ဖြစ်ခဲ့သည်။ စက်အများစု ရပ်နားလိုက်ရသည်။ ၁၉၉၀ ပြည့်နှစ်ခန့်မှစ၍ လျှပ်စစ်အကျပ်အတည်း အကြီးအကျယ်ဖြစ်လာခဲ့သည်။ ဈေးကွက်တွင် ဓာတ်ဆီ၊ ဒီဇယ်သုံးအင်ဂျင်မီးပေးစက်များ ရောင်းအားအကောင်းဆုံးကာလဖြစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်အတွင်း ကုန်းတွင်းနှင့် ကမ်းလွန်ဓာတ်ငွေ့တချို့ထွက်ရှိလာ၍ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံအသစ်များ အမြန်တည်ဆောက်ပြန်သည်။

ယခင်ကာလများကိုမီခဲ့ကြသော ပညာရှင်များစွာက ထောက်ပြကြသည်။ ဓာတ်ငွေ့သိုက်များ၏သက်တမ်းမှာ သုံးစွဲမှုပေါ်မူတည်၍ ၁၅ နှစ်ဝန်းကျင်ခန့်သာ စိတ်ချရသည်။ တချို့မှာ ဤကာလထက်စော၍ပင် ကုန်ခန်းသွားသည်။ တချို့စက်များသည် စက်ပိုင်းဆိုင်ရာကိစ္စများကြောင့် စွမ်းအားပြည့် မလည်ပတ် နိုင်တော့ခြင်းနှင့် လုံးဝရပ်နားထားခြင်းများလည်းရှိသည်။

ဤအခြေအနေကို   နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက သဘောပေါက်သည်။ ၂၀၀၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရအဖွဲ့   အစည်းအဝေးအမှတ်စဉ် ၄/၂၀၀၁တွင် နိုင်ငံတော် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေရှည်လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တိုးတက်စေရေးနှင့် စနစ်တကျဖြန့်ဖြူးနိုင်ရေးအတွက် နှစ်ရှည်မဟာဗျူဟာတစ်ခု ချမှတ်သင့်ကြောင်း မိန့်ကြားခဲ့သည်။

ဤမိန့်ကြားချက်ကို အခြေခံ၍  နှစ်  ၃၀  လျှပ်စစ်မဟာဗျူဟာကို ရေးဆွဲခဲ့သည်။ ငါးနှစ်စီမံကိန်း ခြောက်ခုဖြင့် ဆောင်ရွက်ရန်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။