ဥတုရာသီညီမျှဖို့ သစ်ပင်စိုက်ပျိုးကြပါစို့
ယခုကာလအတွင်း မိုးရွာသွန်းမှု များပြားခဲ့သည့်အတွက် သဘာဝပတ်ဝန်းကျင်သည်လည်း တဖြည်းဖြည်း အစိမ်းရောင်လွှမ်းလာသည်။ မိုးရာသီရောက်ပြီဆိုလျှင် နိုင်ငံသားတိုင်းမဖြစ်မနေ ဆောင်ရွက်သင့်သော တာဝန်တစ်ရပ်ရှိနေသည်။ ထိုတာဝန်ကားအခြားမဟုတ်ချေ။ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုညီမျှမှုကို ထိန်းသိမ်းစေနိုင်သော သစ်ပင်များစိုက်ပျိုးသွားရေးပင်ဖြစ်သည်။
အဆင်ပြေချောမွေ့
ရှေးယခင်က မြန်မာနိုင်ငံတွင် သစ်တောသစ်ပင်ဖုံးလွှမ်းမှု ဧရိယာများပြားခဲ့ပါသည်။ ထို့ကြောင့် နှစ်စဉ်မိုးလေဝသ မှန်ကန်ပြီး မိုးရေချိန်ပြည့်မီသောကြောင့် ကောက်ပဲသီးနှံ အထွက်နှုန်းများ ကောင်းမွန်ခဲ့သည်။
ထိုသို့ ရာသီဥတုကောင်းမွန်သောကြောင့် နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်လျက်ရှိသည့် ကျေးလက်ပြည်သူများ၏ စား၊ ဝတ်၊ နေရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ခဲ့ကြသည်။ သို့သော် မျက်မှောက်ကာလတွင်မူ သစ်ထုတ်လုပ်ရောင်းချမှု၊ ထင်းလောင်စာတောင့်ထုတ်လုပ်မှုနှင့် ရွှေ့ပြောင်း တောင်ယာစနစ်တို့ကြောင့် သစ်တောဖုံးလွှမ်းမှုဧရိယာများ တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။
ထိုသို့တဖြည်းဖြည်း လျော့နည်းကျဆင်းလာသည်ကို ပြည်သူအားလုံးဂရုပြုသိရှိကာ ကုစားရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်သွားသင့်ပေသည်။
အကောင်းဆုံးနည်းလမ်းတစ်ရပ်မှာ နှစ်စဉ်လူတစ်ဦးလျှင် အနည်းဆုံး သစ်ပင်တစ်ပင်ခန့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားမည်ဆိုလျှင် သစ်တောများ ပြုန်းတီးနေမှုကို အတိုင်းအတာတစ်ခုအထိ ကုစားနိုင်မည်ဖြစ်သည်။ ထိုသို့ပြုန်းတီးသွားသော သစ်တော၊ သစ်ပင်များနေရာတွင် အသစ်အသစ်သောသစ်ပင်များဖြင့် အချိန်မီ အစားထိုး စိုက်ပျိုးမှုများ အချိန်မီမပြုလုပ်လျှင် လူသားတို့သည် မဝေးတော့သည့်အနာဂတ်ကာလတွင် သဲကန္တာရဖြစ်လာသော ကမ္ဘာကြီးပေါ်၌သာ နေထိုင်ကြရတော့မည်ဖြစ်သည်။
ကျေးရွာအလိုက်သစ်ပင်စိုက်ပျိုးရန် လိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဇုန်တွင် ပါဝင်ပြီး ယခုနှစ်တွင် ရာသီဥတုသည် သိသိသာသာ ပိုမိုပူပြင်းလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မကွေးတိုင်း ဒေသကြီး အတွင်းရှိ အချို့မြို့နယ်များသည် ကမ္ဘာ့အပူဆုံးမြို့များ စာရင်းအတွင်း၌ ပါဝင်သည်ကို တွေ့ရကြောင်း၊ အပူချိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင်အနည်းဆုံး နှစ်ဧက စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အိမ်ဝင်း၊ လမ်းဘေးများတွင်လည်း စိုက်ရန်လိုကြောင်း၊ မြို့၊ ရွာများအလိုက် သစ်တောသစ်ပင်စိုက်ပျိုးရန် မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုတည်းသာမက အခြားဝန်ကြီးဌာနများနှင့် ဒေသခံပြည်သူလူထုတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာလျှင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်လျှော့ချရေး လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မေလ ၂၄ ရက်နေ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် လမ်းညွှန်မှုပြုသွားခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University ပရဝဏ်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ ထို့ပြင် သစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်လာကြသူများက သစ်မျိုး ၁၀ မျိုး၊ အပင် ၁၄၂၆ ပင်တို့ကို စိုက်ပျိုးကြကြောင်းနှင့် တက္ကသိုလ်ပရဝဏ်နှင့်လိုက်ဖက်၍ ရာသီအလိုက်ဖူးပွင့်ကာ ရနံ့သင်းပျံ့သည့် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက်သစ်မျိုးများကို အစီအစဉ်တကျ စိုက်ပျိုးကြကြောင်း သိရသည်။
အထူးသဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် မိုးရာသီတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်းကျော် စိုက်ပျိုး တည်ထောင်သွားမည်ဖြစ်သည်။ အပူပိုင်းဇုန်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခုတွင် အထူးစီမံချက်ဖြင့် တစ်ရွာလျှင် နှစ်ဧကရှိသော ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ပေးသွားမည်ဖြစ်သည်။ စိုက်ပျိုးမည့် သစ်မျိုးများကိုလည်း ပျိုးပင်သက်တမ်း နှစ်နှစ်အထက်၊ ပျိုးပင်အမြင့် ၂ ပေအထက်ရှိသည့် ဒေသမျိုးရင်းသစ်မျိုးနှင့် အရိပ်ရလေကာသစ်မျိုးများကို တစ်ပင်စိုက် တစ်ပင်ရှင်အောင် တစ်ရွာလျှင် ဝန်ထမ်းတစ်ဦး သတ်မှတ်တာဝန်ပေးပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံကျေးရွာ လူထုအနေဖြင့်လည်း မိမိတို့ရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေး အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်။
ကြိုတင်ပြင်ဆင်မှုလို
အမှန်တော့ မိုးရာသီတွင်သစ်ပင်စိုက်ပျိုးသွားရမည်ဆိုသည်ကို လူတိုင်းသိရှိထားပြီးဖြစ်သည်။ သို့သော် သစ်ပင်ကိုချက်ချင်းစိုက်ပျိုးမည်ဆိုလျှင် ရှင်သန်နိုင်စွမ်းရှိမည် မဟုတ်ချေ။ ပျိုးထောင်၊ ပေါင်းရှင်း၊ မြေညှိ၊ ကျင်းတူး၊ မြေသြဇာထည့် စသည့်ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားမှသာလျှင် စိုက်ပျိုးသော သစ်ပင်သည်ရှင်သန်နိုင်စွမ်းရှိမည် ဖြစ်သည်။ သစ်ပင်တစ်ပင်ကို ပေါင်းမြက်များဖုံးလွှမ်းပြီး ရေဝပ်နေသောနေရာများတွင် ချက်ချင်းကျင်းတူး၍ စိုက်ပျိုးမည်ဆိုလျှင် ရှင်သန်နိုင်စွမ်းသည် အလားအလာ နည်းနေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဇွန်လမှစ၍အောက်တိုဘာလလောက်အထိ မိုးဖြိုင်ဖြိုင်ရွာသွန်းသည်။ ထို့ကြောင့် မေလလောက် ကတည်းက ကြိုတင်ပြင်ဆင်ထားသင့်သည်။ ထို့နောက် မိုးတွင်းကာလတစ်ခုလုံး အလျဉ်းသင့်သလို စိုက်ပျိုးသွားနိုင်မည် ဖြစ်သည်။ တတ်နိုင်ပါက မိုးတွင်းကာလတွင် တစ်လတစ်ကြိမ်လောက် စိုက်ပျိုးသွားမည်ဆိုလျှင် သက်ရှိအားလုံးအတွက် များစွာအကျိုးဖြစ်ထွန်းနေမည်ဖြစ်သည်။ နိုင်ငံသားတစ်ဦး၊ တစ်ယောက်ချင်းစီသည် သစ်တောသစ်ပင်ကို ချစ်တတ်ဖို့လိုနေပြီဖြစ်သည်။ အထူးသဖြင့် ယခုလိုမိုးရာသီတွင် သစ်ပင်စိုက်ပျိုးမှုကို နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်တစ်ရပ်လို သဘောထားကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွက်ပြည့်ဆောင်ရွက် သွားသင့်ပေသည်။
ဆိုရလျှင် ပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးမှုကို လှုပ်ရှားမှုပေါင်းစုံဖြင့် ဆောင်ရွက်သွားသင့်ပါသည်။
ဆိုလိုသည်မှာအပန်းဖြေခရီး သို့မဟုတ် တစ်နေရာရာသို့ ရောက်ရှိချိန်တွင် အမှတ်တရသစ်ပင် အနည်းဆုံး တစ်ပင်စိုက်ပျိုးခြင်း၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ ချစ်သူများကို မေတ္တာလက်ဆောင်အဖြစ် သစ်ပင်များအားပေးအပ်ခြင်း၊ နှစ်ပတ်လည်အခမ်းအနားများ၊ နေ့ထူးနေ့မြတ်များတွင် သစ်ပင်စိုက်ပျိုးခြင်း၊ ပြည်သူအားလုံးပါဝင်စိုက်ပျိုးခြင်း၊ ရှင်သန်ဖြစ်ထွန်းအောင်စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားသင့်ပါသည်။
အမှန်တော့ လူသားတို့သည် မိမိတို့ဖြုန်းတီးခုတ်လှဲခဲ့သော သစ်တော၊ သစ်ပင်များနေရာတွင် အစားထိုး သစ်ပင်၊ သစ်တောများ ရှင်သန်ဖြစ်ထွန်းအောင် ရည်မှန်းချက်ထား၍ စနစ်တကျစိုက်ပျိုးသွားရန် လိုအပ်နေပြီဖြစ်သည်။ ထို့ပြင်နှစ်စဉ်ပြုန်းတီးသွားသော သစ်တောဧကနှင့် ထပ်မံစိုက်ပျိုးထားသော သစ်ပင်အရေအတွက်တို့ကို စနစ်တကျ စာရင်းပြုစုမှတ်တမ်းတင်ခြင်းများ ဆောင်ရွက်သွားသင့်ပါသည်။
အလားတူ စိုက်ပျိုးထားသော သစ်ပင်များ ဖြစ်ထွန်းရေးအတွက် သစ်ပင်စိုက်ပျိုးသူများကို ရေလောင်း၊ ပေါင်းသင်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် စည်းရုံးဆောင်ရွက်ခြင်း၊ မြေသြဇာနှင့် ပေါင်းသတ်ဆေးများ ကဲ့သို့သော အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးသင့်သည်။
ထို့ပြင် သစ်ပင်များကို အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးထားရုံသာမက သစ်တောများကို တောမီးလောင်မှု အန္တရာယ်မှ ကာကွယ်ပေးရန်လည်း လိုအပ်ပေသည်။ တောမီးလောင်ခြင်းကို မီးတားလမ်းများဖောက်ခြင်း၊ တောလိုက် မုဆိုးများအား ကန့်သတ်ခြင်းကဲ့သို့သော ကြိုတင်ကာကွယ်သည့် နည်းလမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ပါသည်။ လူတစ်ဦးတစ်ယောက်၏ အမှုမဲ့ အမှတ်မဲ့စွန့်ပစ်လိုက်သော ဆေးလိပ်မီးတစ်စသည် တစ်တောလုံးကိုပြာကျသွားနိုင်သဖြင့် နိုင်ငံသားတိုင်း ကိုယ်စီအသိရှိကြရန် လိုအပ်ပေသည်။
ဥတုရာသီညီမျှဖို့ သစ်ပင်စိုက်ပျိုးကြပါစို့
စင်စစ်အားဖြင့် သစ်ပင်၊ သစ်တောများသည် လူနှင့်တိရစ္ဆာန်များ အသက်ရှင်ရန်အဓိကလိုအပ်သည့် အောက်ဆီဂျင်ကို ထုတ်ပေးပြီး ကျန်းမာရေးကို ထိခိုက်နိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ကို စုပ်ယူပေးနိုင်ပါသည်။ ထို့ပြင် အပူဒဏ်ကိုကာကွယ်ပေးနိုင်သည့်အပြင် မြေဆီလွှာကိုပါ ထိန်းသိမ်း ပေးနိုင်ပါသည်။ မိုးရာသီတွင် မိုးရေများကို ထိန်းသိမ်းထားနိုင်သဖြင့် ရေကြီးရေလျှံမှုများကိုလည်း ကာကွယ်နိုင်သည်။
အထူးသဖြင့် ရာသီဥတု မှန်ကန်လာသောကြောင့် ကောက်ပဲသီးနှံများအထွက်နှုန်းကောင်း၍ တိုင်းပြည် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ရှိသော ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မားလာမည် ဖြစ်သည်။
ဆိုရလျှင် ယခင်ကသစ်တောများနှင့်ဖုံးလွှမ်းလျက်ရှိသော တောတောင်များသည် သစ်ထုတ်လုပ်မှုနှင့် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ခြင်းတို့ကြောင့် တောင်ကတုံးများ ဖြစ်လာကြသည်။ ဥတုရာသီ တောကိုမှီ ဆိုသည့်အတိုင်း ထိုတောင်ကတုံးများတွင် သျှောင်ထုံးနိုင်မှသာလျှင် ရာသီဥတုပြန်လည်မှန်လာမည်ဖြစ်သည်။ သစ်ပင်၊ သစ်တောများသည် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရာတွင် အခြေခံအကျဆုံးသော အရင်းအမြစ်များ ဖြစ်သည်။ သစ်တောများနှင့် လွှမ်းခြုံထားသောဒေသများတွင် ရေအရင်းအမြစ်များကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ ထို့နောက် ရာသီဥတုမှန်လာခြင်း၊ မိုးရေချိန်ပြည့်မီစွာ ရရှိသဖြင့် သောက်သုံးရေအပြင် စိုက်ပျိုးရေကိုပါ ဖူလုံစွာရရှိလာမည်ဖြစ်သည်။ ထိုသို့မိုးလေဝသမှန်ကန်မှုကြောင့်
မြန်မာနိုင်ငံ၏ လူဦးရေအများစုဖြစ်သည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မား လာမည်ဖြစ်သည်။
ဥတုရာသီ ညီမျှလာသောအခါ နေ့စဉ်စားဝတ်နေရေး၏ အခြေခံလိုအပ်ချက်ဖြစ်သော စားနပ်ရိက္ခာနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက် လာမည့်အပြင် နိုင်ငံသား အားလုံးအနေဖြင့်လည်း ကျန်းမာချမ်းသာစွာ သက်တမ်းစေ့နေထိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြုန်းတီးသွားသောသစ်ပင်၊ သစ်တောများနေရာတွင် အစားထိုးသစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင် စနစ်တကျစိုက်ပျိုးသွားရန်လိုအပ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိရာ ပြည်သူများ အနေဖြင့်လည်း မိမိတို့၏ပင်ကိုအသိစိတ်ဖြင့် သစ်ပင်များစိုက်ပျိုးကြရန်နှင့် စိုက်သောသစ်ပင်တိုင်းလည်း ရှင်သန်ဖြစ်ထွန်းအောင် ပြုစုပျိုးထောင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)