စည်းနဲ့ ကမ်းနဲ့ မြန်မာစာ
ရုပ်ပြောင်း ရုပ်လွှဲ၊ သို့မဟုတ် အငှားခန္ဓာမြှောင်ကြတယ်(၄)
အသံဖြစ်ရာဌာန်တူသော ဗျည်းအက္ခရာချင်းဖြစ်စေ၊ အသံဖြစ်ရာဌာန်နီးသော ဗျည်းအက္ခရာချင်းဖြစ်စေ၊ အသံဖြစ်ဟန်တူသော ဗျည်းအက္ခရာချင်းဖြစ်စေ၊ အသံဖြစ်ဟန်နီးစပ်သော ဗျည်းအက္ခရာချင်းဖြစ်စေ၊ အသံဆက်နွှယ်မှုရှိသော သရချင်းဖြစ်စေ ပြောင်းလဲတတ်သည်။ ရုပ်ပြောင်းရုပ်လွှဲလုပ်သည်ဟု ဆိုပါရစေ။
ယခုတင်ပြမည့် ရုပ်ပြောင်းရုပ်လွှဲ ဗျည်းအက္ခရာနှစ်လုံးမှာ သနှင့် စ ဖြစ်သည်။ သ သည် သွားဌာန်၌ဖြစ်သော ဗျည်းဖြစ်သည်။ အသံဖြစ်ဟန်အားဖြင့် ပွတ်တိုက်ဗျည်းဖြစ်သည်။ စသည် သွားရင်း၌ဖြစ်သောဗျည်းဖြစ်သည်။ အသံဖြစ်ဟန်အားဖြင့် ပွတ်တိုက်ဗျည်းပင်ဖြစ်သည်။ အသံဖြစ်ရာဌာန်နီးပြီး အသံဖြစ်ဟန်တူသော ဗျည်းနှစ်လုံးဖြစ်သဖြင့် သ မှ စ သို့ဖြစ်စေ၊ စ မှ သ သို့ဖြစ်စေ အပြန်အလှန်ပြောင်းနိုင်ကြသည်။
ယခုတင်ပြလိုသည်မှာ သ မှ စ သို့ပြောင်းသောရုပ်ပြောင်းရုပ်လွှဲအကြောင်းဖြစ်သည်။ တစ်နည်းဆိုသော် သ သည် စ ၌ အငှားခန္ဓာမြှောင်သည့်အကြောင်းဖြစ်သည်။
စတေး<သန္တေး<ဂါန္တိ
] စတေးသည် ဟူသောစကားကို လူအများကြားဖူးသိဖူးပြောဖူးရေးဖူးကြသည်။ အလွန်အသုံးတွင်သော စကားလည်းဖြစ်သည်။ စတေး ၏အဓိပ္ပာယ်ကိုသိသည်ဟုလည်း ထင်မှတ်ကြသည်။ သို့ရာတွင် စတေး၏အဓိပ္ပာယ်ကို တကယ်သိသူ၊ အမှန်သိသူအလွန်နည်းပါလိမ့်မည်။ စတေး ၏ရင်းမြစ်၊ စတေး၏အနက်ကိုသိသူကား ပို၍ပင်နည်းပါလိမ့်မည်။
မြန်မာစာအဖွဲ့ကပြုစုသော ခရီးဆောင်မြန်မာအဘိဓာန်တွင် စတေး ၏အဓိပ္ပာယ်ကို နှစ်ချက်ဖွင့်ပြထားပါသည်။ ဝါစင်္ဂအားဖြင့် ကြိယာများဖြစ်ကြသည်။
အဓိပ္ပာယ်တစ်ချက်မှာ ရှေးအခါက မြို့တည်ခြင်း၊ ကန်၊ ဆည်မြောင်းတူးဖော်ခြင်း စသည့်ကိစ္စတို့တွင် လုပ်ငန်းပြီးဆုံးအောင်မြင်ရေးအတွက် နတ်ပသသည် ဟူ၍ဖြစ်ပါသည်။ နောက်တစ်ချက်မှာ တင်စားသောစကား၊ ဥပစာစကားအဖြစ်သုံးသည့်အဓိပ္ပာယ်ဖြစ်ကြောင်း ပြထားပါသည်။ အဓိပ္ပာယ်မှာယုံကြည်ချက်အတွက် အဆုံးရှုံးခံဆောင်ရွက်သည်ဟူ၍ဖြစ်ပါသည်။ စတေး၏ ရင်းမြစ်ဘာသာစကားကို သက္ကတဘာသာဂ့ါန္တိဟု ပြထားပါသည်။ ခရီးဆောင်မြန်မာအဘိဓာန်တွင် အဘိဓာန်အမျိုးအစားအလိုအရ လိုအပ်သမျှသာ ဖွင့်ပြထားခြင်းဖြစ်ပါလိမ့်မည်။
အနည်းငယ်ချဲ့၍ ရှင်းပြလိုပါသည်။ သက္ကတဘာသာ ဂ့ါန္တိ ဟူသောဝေါဟာရသည် စိတ်၏ငြိမ်သက်ခြင်း၊ တစ်နည်း ကာမ၊ ကောဓ စသည်တို့၏ပျောက်ငြိမ်းခြင်း ဟူသောအနက်ရှိသည်ဟု အဘယာရာမ ဆရာတော် မြန်မာပြန်ပြုစုသည့် အမရကောသအဘိဓာန်တွင် ပြထားပါသည်။ သက္ကတဘာသာဂ့ါန္တိ}သည် ပါဠိဘာသာ သန္တိနှင့် အခြေခံအားဖြင့်အနက်တူသည်။ ဆရာကြီး ဦးဟုတ်စိန်ပြုစုသောပဒတ္ထမÍ္ဇူသာ ပါဠိ-မြန်မာအဘိဓာန်တွင် သန္တိသည် သက္ကတဘာသာ ဂ့ါန္တိ နှင့်တူသည်ဟုပြပြီး ]ငြိမ်းချမ်းခြင်း၊ ကိလေသာ၏ငြိမ်းရာနိဗ္ဗာန်}ဟု ဖွင့်ပြထားပါသည်။
သက္ကတဘာသာ ဂ့ါန္တိမှ ဂ့ါန္တေး၊ ဂ့ါန္တေးမှ သန္တေး၊ သန္တေးမှ သတေး>စတေးသို့ ပြောင်းရွှေ့လာနိုင်သကဲ့သို့ ပါဠိဘာသာ သန္တိ၊ သန္တေးမှတိုက်ရိုက်သတေး>]စတေး}သို့ ပြောင်းရွှေ့လာနိုင်ပါသည်။
သို့ရာတွင် လောကီပညာရပ်ဆိုင်ရာ အမည်နာမဝေါဟာရများသည် သက္ကတဝေါဟာရများမှ ပြောင်းရွှေ့လာတတ်သဖြင့် စတေးသည် သက္ကတဘာသာ ဂ့ါန္တိ မှပြောင်းရွှေ့လာသည်ဟူသော ယူဆချက်သည် ယုတ္တိပိုတန်သည်ဟု ယူဆရပေသည်။
ဤတွင် မြန်မာတို့သုံးနှုန်းပြောဆိုရေးသားလေ့ရှိသော၊ မြန်မာစာပေတွင် တွေ့ရသော ဝေါဟာရသုံးလုံး အကြောင်းကို ဆွေးနွေးလိုပါသည်။ ယင်းဝေါဟာရများမှာ သန္တေး၊ သန္ဓေးနှင့် စတေးတို့ဖြစ်ပါသည်။
ဂ့ါန္တိ ဂ့ါန္တေး၏အနက်မှာ စိတ်၏ငြိမ်သက်ခြင်း၊ ကာမ၊ ကောဓ စသည်တို့ပျောက်ငြိမ်းခြင်းဖြစ်ရာထိုမှတစ်ဆင့် အစစအရာရာငြိမ်းချမ်းခြင်း၊ အနှောင့်အယှက်အဟန့်အတားမှန်သမျှ ရှင်းပပျောက်ငြိမ်းခြင်း၊ လုပ်ငန်းဆောင်တာများ အနှောင့်အယှက်ကင်း၍ အောင်မြင်ခြင်း သဘောကိုလည်း ဆောင်ပေသည်။
ထိုသို့ ငြိမ်းချမ်းသန့်ရှင်းစင်ကြယ်အောင်မြင်စေရန် ပြုသည်ကိုပင် သန္တေးသညဟုဆိုသည်။ ထို့ကြောင့်မြို့ရာနင်းခြင်း၊ မြို့တည်ခြင်း၊ ကန်တူးခြင်း၊ ဆည်ဆောက်ခြင်း စသည့်အမှုကိစ္စများ အောင်မြင်စေရန်
အတွက် နတ်များ၊ ဂြိုဟ်များကို ပူဇော်ပသသည်ကိုမြို့၊ ကန်၊ ဆည် စသည် သန္တေးသည်ဟုဆိုသည်။
ထိုသို့ပြုသဖြင့် မင်္ဂလာရှိစေသည်ဟုယူဆကြသဖြင့် မင်္ဂလာပြုသည်ဟုလည်း ခံယူကြသည်။ နတ်များ၊ဂြိုဟ်များကိုပူဇော်ရာတွင် အစပထမက မုန့်ပဲသရေစာများဖြင့်သာ ပူဇော်ကြမည်။ နောင်တွင်ငါး၊ သား၊ ဟင်းလျာများဖြင့်ပူဇော်ကြမည်။ လုပ်ငန်းမအောင်မြင်သေးပါက ကြက်၊ ဝက်၊ ကျွဲ၊ နွားစသည့်တို့ကိုသတ်၍ ပူဇော်ပသကြပေလိမ့်မည်။ သန္တေးသည်ဆိုသည်မှာ မင်္ဂလာပြုခြင်း၊ နတ်ပူဇော်ခြင်း၊ဂြိုဟ်ပူဇော်ခြင်းဖြစ်၍ အကုသိုလ်မှု ပါဝင်ဖွယ်မရှိပါ။
နောင်တွင် အယူအဆအမှား၊ ရည်ရွယ်ချက်အမှားများကြောင့် လူကိုပင်သတ်၍ပူဇော်သော အကျင့်အထိ အဖြစ်ဆိုးလာရသည်။ မသင့်လျော်သော၊မကောင်းသောအဓိပ္ပာယ်ကိုပါ ဆောင်လေတော့သည်။
အမှန်စင်စစ် သန္တေး၏ မူလအနက်မှာ အလွန်ကောင်းပါသည်။ အထက်တွင်ဆိုခဲ့သည့် အတိုင်းစိတ်၏ ငြိမ်သက်ခြင်း၊ ကာမ၊ ကောဓ စသည်တို့မှပျောက်ငြိမ်းခြင်းဟူ၍ဖြစ်ပြီး ယင်းကိုအခြေပြု၍ ငြိမ်းအေးအောင်ပြုသည်။ ကျက်သရေမင်္ဂလာရှိအောင်ဆောင်ရွက်သည်။ နတ်ပူဇော်ပသသည်။ ဂြိုဟ်ပူဇော်ပသသည်။ လုပ်ငန်းဆောင်တာပြီးမြောက်အောင် ပူဇော်ပသသည်။ မကောင်းမှုဒုစရိုက်ကို ဆေးလျှော်သည် စသည့်အနက်အဓိပ္ပာယ်များကို ဆောင်လာပါသည်။ ထိုမှတစ်ဆင့် မင်္ဂလာပြုသည့်အနေဖြင့် ဦးခေါင်းဆေးလျှော်သည်ဟူသော အဓိပ္ပာယ်ကိုပင် ဆောင်လာပါသည်။
မကောင်းမှု အပြစ်အနာအဆာ၊ အညစ်အကြေး စသည်တို့ကို ဆေးကြောသည်ဟူသောအနက်ဖြင့် ဆရာတော် ရှင်မဟာသီလဝံသက ]သန္တေးစင်နေ၊ ဗျာဒိတ်ရေဖြင့်၊ ပြောက်ချေမဲှ့ကပ်၊ ဆဲ့ရှစ်ရပ်၌၊ မအပ် ကျိုးနည်း၊ မြူအထည်းကို၊ သုတ်လှည်းလျှော်ဖြူ၊ ရှင်တုံမူကား}(ပါရမီဂ ၉၂)ဟု စပ်ဆိုခဲ့ပါသည်။
ညီတော် ပေါလဇနကသည် နောင်တော်အရိဋ္ဌ ဇနကနှင့် စစ်ထိုးရန် မိတ္ထီလာပြည်သို့ စစ်ချီရန်စီမံ ဆောင်ရွက်ရာတွင် စစ်ဆင် စစ်မြင်းတို့ကို ဦးခေါင်း ဆေးလျှော်ခြင်း သန္တေးမင်္ဂလာ၊ ပြည်စောင့်နတ်၊ မြို့ စောင့်နတ်၊ ရွာစောင့်နတ်တို့အား ပူဇော်ပသသော သန္တေးမင်္ဂလာတို့ကိုဆောင်ရွက်ကြောင်းကို ]မြင်းဆင် ခေါင်းဆေး၊ သန္တေးယတြာ၊ ပြည်ရွာစောင့်တတ်၊ နတ်ခပဲအား၊ ကျင့်မြဲကော်ရော်၊ မျှို့ကြီးခေါ်၍၊ ပူဇော်ခဲ့ပြီး} (ဇနကဂ ၉) ဟု တွင်းသင်းတိုက်ဝန် မဟာစည်သူက ရေးဖွဲ့ခဲ့ပါသည်။
ဤသို့လျှင် မြို့သန္တေးသည့်အမှု၊ ဦးခေါင်းသန္တေး သည့်အမှုတို့ဖြင့် မင်္ဂလာရှိအောင်၊ အောင်မြင်အောင် ပြုလုပ်စီရင်ကြကြောင်းကို မှတ်တမ်းမှတ်ရာတွေ့ရှိ ရပါသည်။
သန္တေးကို ဦးခေါင်းအားလျှော်သည်ဟူသော အနက်သက်သက်ဖြင့်လည်း စပ်ဆိုကြသည်။ တွင်းသင်း တိုက်ဝန် မဟာစည်သူသည်ပင် ဝေဿန္တရာပျို့၌ ထိုရောအခါ၊ မယ်ကဏှာနှင့်၊ ဇာလီနွဲ့နောင်း၊ နန်းညွန့် ညောင်းကို၊ ဦးခေါင်းသန္တေး၊ ကိုယ်သန့်ဆေး၍} (ဝေပျို့ဂ ၂၇၇)ဟု စပ်ဆိုထားပါသည်။ ထို့အတူ မန်လည်ဆရာ တော်ဘုရားကြီးက သန္တေးကို ဦးခေါင်းဆေးလျှော် သည်ဟူသောအနက်ဖြင့် မဃဒေဝလင်္ကာကြီးတွင် ]မင်းမှုသန္တေး၊ ဦးတော်ဆေးပြီး} (မဃဂ ၅၇)ဟုလည်း ကောင်း၊ မင်္ဂလာသန္တေး၊ ရွှေသန္ဓေးဖြင့်၊ ဦးဆေးခေါင်း လျှော်} (မဃဂ ၄၁၆)ဟုလည်းကောင်း စပ်ဆိုခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)