ဒရုန်းများ၊ ဖုန်းများတွင် တွေ့ရလေ့ရှိသည့် နည်းပညာအသုံးပြု DJI တစ်မျိုးကို e-bike ထုတ်ဖော်ပြသ
နာမည်ကျော်ဒရုန်းများကို ထုတ်လုပ်ဖြန့်ချိနေသော DJI ကုမ္ပဏီက e-bike များကို ထုတ်လုပ်တော့မည် ဖြစ်ကြောင်းနှင့် ဒရုန်းများ၊ ဖုန်းများတွင် တွေ့ရလေ့ရှိသည့် နည်းပညာအသုံးပြု e-bike တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအင်သုံး တောင်တက်စက်ဘီးအမျိုးအစားဖြစ်သည့် Amflow PL ကို DJI ကထုတ် ဖော်ပြသလိုက်ခြင်း ဖြစ်ပြီး ထို e-bike တွင် DJI က ဖန်တီးထားသော Avinox Drive System ကိုထည့်သွင်း အသုံးပြုထားသည်။
ထို e-bike တွင် မျက်နှာပြင်အကျယ် ၂ လက်မရှိသည့် ထိတွေ့ဖန်သားပြင်တစ်ခုပါသည်။ ယင်းဖန်သားပြင်က စက်ဘီးနင်းခြင်း နှင့်သက်ဆိုင်သည့် အချက်အလက်များအပြင် ခန့်မှန်းရောက်ရှိနိုင်မည့် အကွာအဝေးကိုလည်း ဖော်ပြပေးသည်။
အသုံးပြုသူများအနေဖြင့် Avinox အပလီကေးရှင်းအသုံးပြုပြီး မိုဘိုင်းဖုန်းမှတစ်ဆင့် စက်ဘီးကို ထိန်းချုပ်နိုင်ဦးမည် ဖြစ်သည်။ ထိုသို့ထိန်းချုပ်နိုင်သည့် လုပ်ဆောင်ချက်များတွင် စက်ဘီးကို သူခိုးမခိုးနိုင်ရေး ကာကွယ်နိုင်သည့်ပုံစံ၊ စက်ဘီး၏တည်နေရာကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်သည့် လုပ်ဆောင်ချက် စသည်တို့ ပါဝင်သည်။
ထို့ပြင် အဆိုပါ e-bike ကိုအသုံးပြုသူများသည် ထိုစက်ဘီးကို ၎င်းတို့စိတ်ကြိုက် အခြေအနေပုံစံများဖြင့် သတ်မှတ်ထားနိုင်ဦးမည် ဖြစ်သည်ဟု DJI ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုစက်ဘီးကို ဝပ်နာရီ ၆၀၀ နှင့် ဝပ်နာရီ ၈၀၀ ဟူသည့် ဘက်ထရီစွမ်းအင်ပမာဏနှစ်မျိုးဖြင့် ထုတ်လုပ်သွားမည် ဖြစ်သည်။ ပထမတစ်မျိုးမှာ ခရီးအကွာအဝေး ၁၁၇ ကီလိုမီတာသွားနိုင်ကာ ဒုတိယတစ်မျိုးမှာ ၁၅၇ ကီလိုမီတာအထိသွားနိုင်မည်ဖြစ် ကြောင်းသိရသည်။
Ref: Indian Express K.H