ယမန်နေ့မှအဆက်
ဖွံ့ဖြိုးလာသည်နှင့်အမျှ သဘာဝနှင့်လူမှုပတ်ဝန်းကျင်ထိခိုက်မှုတွေ တွဲပါလာမည်မှာ သဘာဝပင်။ ဤသို့မဖြစ်စေရန် မည်သည့်ဖွံ့ဖြိုးမှုမျှ မလုပ်ဘဲထိုင်နေလျှင်လည်း ကျန်ခဲ့မည်ဖြစ်သည်။ အဖြေကရှိပြီး ဖြစ်သည်။ မိမိဆောင်ရွက်လိုသော လုပ်ငန်းတိုင်းကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ဆန်းစစ်ချက် သေသေချာချာလုပ်ရန်သာလိုသည်။ သက်ရောက်မှုများကို ကုစားမည့် အစီအစဉ်များ စနစ်တကျရေးဆွဲပြီး အကောင်း ဆုံးဖြစ်အောင် စီမံရန်သာလိုသည်။ အကောင်းများပြီး အဆိုးနည်းသော အလုပ်ဖြစ်ပါက စဉ်းစား ဆောင်ရွက်ကြရန် ဖြစ်သည်။ နိုင်ငံ့အပေါ် စေတနာကောင်းထားပြီး ရိုးသားစွာ ရှုမြင်ကြဖို့လိုသည်။ ကမ္ဘာကြီးကို မျက်ခြည်မပြတ်ဖို့လိုသည်။
စာရေးသူ ၂၀၀၇ ခုနှစ်က လာအိုနိုင်ငံသို့ ပထမအကြိမ်သွားရောက် လေ့လာခွင့်ရခဲ့သည်။ Nam Theum-II ဆိုသော ရေအားလျှပ်စစ်စီမံ ကိန်းတစ်ခုကို အသေးစိတ်လေ့လာခဲ့သည်။ ထိုစဉ်က ဆောင်ရွက်ဆဲ ဖြစ်သည်။ ၁၀၇၂ မဂ္ဂါဝပ် တပ်ဆင်အင်အားရှိသည်။
စာရေးသူတို့လေ့လာရေးအဖွဲ့သည် ထိုင်းနိုင်ငံမှတစ်ဆင့် လာအိုနိုင်ငံသို့ မဲခေါင်မြစ်ကို စက်လှေဖြင့်ဖြတ်ကူးပြီး သွားခဲ့ကြခြင်းဖြစ်သည်။ ရေကြီး ချိန်မဟုတ်၍ မိနစ်၂၀ ခန့်သာကူးရသည်။ ကမ်းခြေမှတစ်ဆင့် ၂ နာရီ ခန့် ကားစီးလိုက်သည့်အခါ အဆိုပါစီမံကိန်း၏ အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့သည်။ ဦးစွာ ရှင်းလင်းခန်းမထဲတွင် စီမံကိန်း၏ Head Contractor ဖြစ်သော ပြင်သစ်နိုင်ငံ Electricite De France (EDF) ကုမ္ပဏီတာဝန်ရှိသူက အသေးစိတ်ရှင်းပြသည်။ တောင်ပေါ်သို့ ၁ နာရီ ခွဲခန့်ကားကောင်းကောင်းဖြင့် တက်လိုက်သည့်အခါ RCC တမံ (Roller Compacted Concrete Dam) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ကြသည်။ ရဲရွာ RCC တမံထက် အများကြီးငယ်သည်။
သတိပြုမိသောကိစ္စရပ်မှာ တမံအောက်ခြေတွင် ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း မဟုတ်ဘဲ တမံအထက်ဘက် ရေဝပ်ဧရိယာထဲတွင် သင့်လျော်သည့်နေရာ၌ ရေယူအဆောက်အအုံပြုလုပ်၍ တမံနှင့် ဆန့်ကျင်ဘက်အရပ်သို့ ဥမင်လိုဏ်ဖြင့် ရေသွယ်ပြီး ၁ ဒသမ ၈ မိုင်ခန့်အကွာတွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းဖြစ်သည်။ ရေသွယ်ရာတွင် ရေပြင်ညီဥမင်လိုဏ်ဖြင့်သွယ်လာပြီး တစ်နေရာအရောက်တွင် ဒေါင်လိုက်ဥမင်လိုဏ် (Vertical Shaft) အဖြစ်ပြောင်းသွားကာ နိမ့်မြင့်မှတ်ကို ရုတ်တရက်လျှော့ချလိုက်သည်။ ပြီးမှ အလျားလိုက် ဥမင်လိုဏ်ဖြင့် ဆက်လက်သွယ်ယူပြီး ဓာတ်အားပေးစက်ရုံကို လည်ပတ်စေသည်။ လည် ပတ်ပြီး စီးဆင်းသွားသောရေသည် မူလတမံတည်ဆောက်နေသည့် ချောင်းမဟုတ်ဘဲ တခြားချောင်းတစ်ခု ဖြစ်နေသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ မြစ်၊ ချောင်းအချင်းချင်း ရေလွှဲပြောင်းသုံးစွဲမှုဖြစ်သည်။
ရေနိမ့်မြင့်မှတ်ကွာဟချက်ပိုကောင်း၍ သမားရိုးကျတမံအခြေတွင် စက်ရုံလည်ပတ်သည့်မဂ္ဂါဝပ်ထက် သုံးဆခန့်ပိုမိုသော ဓာတ်အားကို ရရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲရေ အရင်းအမြစ်တစ်ခုကို မည်ကဲ့သို့ဖန်တီးယူ လျှင် ပို၍အကျိုးဖြစ်ထွန်းမည် ဆိုသည့်အချက်ကို ဦးစားပေးစဉ်းစားခြင်း ဖြစ်သည်။
ရေအားလျှပ်စစ်သဘောမှာ တခြားဓာတ်အားပေးစက်ရုံများနှင့်မတူ။ မြစ်တစ်စင်းပေါ်၌ တစ်နေရာတွင် စက်ရုံတစ်ရုံသာ တည်ဆောက်၍ရသည်။ အဆိုပါနေရာတွင် စွမ်းအင်အမြင့်ဆုံးထုတ်ယူရရှိရေးကို စဉ်းစား ကြရသည်။ ဤသဘောတရားကိုသုံး၍ Nam Theum -I စီမံကိန်းသည် တမံတစ်ခုဖြင့် စွမ်းအင်အမြင့်ဆုံး ရယူသွားခြင်း ဖြစ်သည်။ မူလချောင်း ဟောင်းရေမခန်းစေရန် အသင့်အတင့် ရေပမာဏကို မူလချောင်းအတိုင်း လွှတ်ထားသည်။ ယင်းရေကို အလဟဿမလွှတ်ဘဲ ရေအားလျှပ်စစ် အသေးစားစက်တစ်လုံး တပ်ဆင်ပြီးမှ လွှတ်သည်။ ရေအသုံးချမှုပညာရှင်များ သတိပြုကြရမည့် စီမံခန့်ခွဲမှုဖြစ်သည်။
ယခုအခါ ယင်း Nam Theum -I ၏ အထက်ဘက်မြစ်ဖျားတွင် Nam Theum-I ၅၂၀ မဂ္ဂါဝပ်ပါစက်ရုံ ထပ်မံ ပြီးစီးနေကြောင်း သိရသည်။ မြစ်တစ်စင်းကို ပို၍အထိရောက်ဆုံးသုံးစွဲခြင်း ဖြစ်သည်။
ဤကဲ့သို့ မြစ်ချောင်းတစ်ခုကို အဆင့်ဆင့်အသုံးချမှုကိစ္စ မြန်မာနိုင်ငံ၌ စဉ်းစားဆောင်ရွက်နေသည်။ ယင်းတို့မှာ ဒုဋ္ဌဝတီမြစ်(မြစ်ငယ်မြစ်)ပေါ်တွင် ရဲရွာ၊ အလယ်ရဲရွာ၊ အထက်ရဲရွာ။ တာပိန်မြစ်ပေါ်တွင် တာပိန် (၁)၊ (၂)။ နန့်တိန်ချောင်းပေါ်တွင် ကျိုင်းတောင်း၊ အထက်ကျိုင်းတောင်း။ ဇော်ဂျီမြစ်ပေါ်တွင် ဇော်ဂျီ(၁)၊ (၂)၊ မြို့ကြီး။ ရွှေလီမြစ်ပေါ်တွင် ရွှေလီ (၁)၊(၂)၊(၃)။ ဘီလူးချောင်းပေါ်တွင် ဘီလူးချောင်း(၁)၊(၂)၊(၃)။ ပေါင်း လောင်းမြစ် ပေါ်တွင် ပေါင်းလောင်း၊ အလယ်ပေါင်းလောင်း၊ အထက် ပေါင်းလောင်း စသည်တု့ိဖြစ်သည်။
Nam Theum-II ၏ စိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုကို လေ့လာခဲ့သည်။ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရေး လုပ်ငန်းစဉ်များ ဖြစ်သည်။ စီမံကိန်းမစမီ ငါးနှစ်ခန့်မှစ၍ လုပ်ငန်းစဉ်များ ချမှတ်ပြီး ကြိုတင်ဆောင်ရွက်သည်။ ရွှေ့ပြောင်းမှု၊ နေထိုင်မှုနှင့် နေရာသစ်တွင် အသားကျအောင် လုပ်ပေးမှုများမှာ နမူနာယူစရာများ ဖြစ်သည်။
အပိုင်း(ခ)
မြန်မာ့ရေချိုအသုံးချမှု
အခန်း(၁၂)
ပြန်လည်ပြည့်ဖြိုးမြဲရေနှင့် ရန်ကုန်မြို့တော်ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည်။ ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်သည့် ပြည့်စုံသည့်ဆိပ်ကမ်းများလည်းရှိသည်။ နိုင်ငံတကာသံရုံးများ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတစ်ခု လုံး၏ လူဦးရေသည် ၆၃၆၅၆၈၈ ဦးဖြစ်သည်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(Japan International Cooperation Agency-JICA) ၏ အစီရင်ခံစာတစ်ရပ်အရ နှစ်စဉ် လူဦးရေ တိုးတက်မှုနှုန်းသည် ရန်ကုန်မြို့တော်တွင် ၂ ဒသမ ၆ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။
ဆက်လက်ဖော်ပြပါမည်။