ကျိုင်းတုံ၊ မြစ်ကြီးနားနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဇွန် ၁၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၁ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ နောင်ခိုက်-နောင်ပေါင်းလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ သန်းရွှေကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း။
ဇွန်လ ၁၂ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းကျေးရွာ အနီးတွင် ကျော်ခိုင်ဦး(ခ)ဝေယံ မောင်းနှင်ပြီး မညိုညိုထွန်း (ခ)မညိုလိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် အားဆွဲ မောင်းနှင်ပြီး အားချင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၉၉၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)