နိုင်ငံတော်အတွက် သားကောင်းသမီးမွန်တို့ဖြစ်ကြပါစေ

 

နိုင်ငံတော်အတွက် သားကောင်းသမီးမွန်တို့ဖြစ်ကြပါစေ

 

၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကတော့ ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူတို့ရဲ့  မမေ့နိုင်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ စနစ်သစ်ပညာရေး(Grade-12) စာမေးပွဲတစ်နည်းအားဖြင့် ဒွါဒသမတန်း တက္ကသိုလ်ဝင်စာမေးပွဲ  အောင်စာရင်းများ ကြေညာသည့်နေ့ ဖြစ်တဲ့အတွက်  မမေ့နိုင်တဲ့နေ့ တစ်နေ့လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒီစာမေးပွဲကြီးဟာ အခြေခံပညာအဆင့်မှာ အဓိကဖြစ်တဲ့ စာမေးပွဲကြီးလည်း ဖြစ်ပါတယ်။  အောင်မြင်သူ   ကျောင်းသား၊ ကျောင်းသူတို့အနေနဲ့ အခြေခံပညာအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး အဆင့်မြင့်ပညာကို တက်လှမ်းရမှာ ဖြစ်ပါတယ်။  မိမိတို့ရဲ့ကြိုးစားအားထုတ် အောင်မြင်မှုတွေအရ လည်းကောင်း၊   မိမိတို့ရဲ့ ဝါသနာအရလည်းကောင်း ရွေးချယ်ပြီး တက်ရောက်ရမယ့် တက္ကသိုလ်တွေ အများကြီးရှိနေပါတယ်။ ဒါဟာအောင်မြင်အောင် ကြိုးစားသူတို့ ရရှိမယ့်ဆုလာဘ်ကောင်း ဖြစ်ပါတယ်။

စာရေးသူကအောင်မြင်အောင်ကြိုးစားသူတို့ဆိုတဲ့   စကားသုံးနှုန်းလိုက်တော့ ဒီစာမေးပွဲမှာ  အောင်မြင်မှုနဲ့ လွဲသွားသူတို့ရဲ့ ရင်ထဲမှာ  တစ်မျိုးဖြစ်သွားပါလိမ့်မယ်။ အောင်မြင်မှုနဲ့လွဲချော်သူတို့ဆိုတာ ကလည်း တကယ်တော့ အောင်မြင်အောင် ကြိုးစားသူတွေပါပဲ။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းကတော့ အောင်မြင်အောင် ကြိုးစားကြသူတွေချည်းပါပဲ။ အောင်မြင်သူတွေကို ဂုဏ်ပြုပါတယ်။ ထို့အတူ အောင်မြင်မှုနဲ့လွဲသွားတဲ့ ကျောင်းသား၊ ကျောင်းသူများကိုလည်း နှစ်သိမ့်ပါတယ်။ ဒီနှစ်မအောင်သေးရင် နောက်နှစ်မှာတော့ ကျိန်းသေအောင်မြင်ရမှာပေါ့။ အဓိကကတော့ စိတ်ဓာတ်ပါပဲ။ စိတ်ဓာတ်ကို ချမပစ်လိုက်ပါနဲ့။ တစ်ကြိမ်တစ်ခါ ဆုံးရှုံးတာဟာ လုံးဝဆုံးရှုံးသွားတာ မဟုတ်ပါဘူး။

ဒီနေရာမှာ စာရေးသူလည်း မိဘတစ်ဦးဖြစ်တာမို့ မိဘတွေကိုပြောချင်တာလေး တစ်ခုရှိပါတယ်။ အဲဒါကတော့ မိမိတို့ရဲ့ သားသမီးတစ်ဦးဦးဟာ အခုတက္ကသိုလ်ဝင်စာမေးပွဲမှာ ကျရှုံးခဲ့ရင် အပြစ်တင်စကားတွေ မပြောစေချင်ပါဘူး။ စိတ်အားငယ်နေတဲ့ ကလေးတွေကို အချစ်ဝင်မယ့်စကားပဲ ပြောစေချင်ပါတယ်။ အားပေးစေချင်ပါတယ်။

မိဘတွေကအောင်မြင်စေချင်သလို သူတို့ကိုယ်တိုင်ကလည်း အောင်စိတ်ရှိနေမှာ အမှန်ပါပဲ။ သူတို့ဝမ်းနည်းအားငယ်နေချိန်မှာ အနီးကပ်ဆုံးဖြစ်တဲ့  မိဘအုပ်ထိန်းသူ၊ ညီအစ်ကိုမောင်နှမတွေက အထူးနှစ်သိမ့် အားပေးစကား ပြောကြားပေးစေချင်ပါတယ်။

မိဘရဲ့ အားပေးစကားတွေဟာ သားသမီးတွေအတွက် အလွန်စွမ်းအားထက်တဲ့ ခွန်အားတွေဖြစ်စေပါတယ်။    ဒါကိုဘာကြောင့်အထူးအလေးအနက်ထား ပြောရပါသလဲဆိုရင် စာရေးသူကိုယ်တိုင်ကလည်း တစ်ချိန်က ကျောင်းသားပါပဲ။ မှတ်မှတ်ရရ စာရေးသူဟာ  ဆဋ္ဌမတန်းနှစ်စာမေးပွဲကျပါတယ်။ စာမေးပွဲတစ်ခါဖူးမှ မကျဘူးတော့ ရှက်လိုက်တာအရမ်းပါပဲ။ အဲဒီလိုရှက်နေတာအပြင် မိဘကိုကြောက်ရတာလည်း အလွန်ပါပဲ။ အမေကအနေအေးပြီး စကားပြောနည်းပါတယ်။ ဆူဆူပူပူမရှိပါဘူး။ အဖေကတော့ လူဖြောင့်စိတ်တိုဖြစ်ပါတယ်။

ငယ်ငယ်က အရိုက်ခံရတာလည်းများတော့ အဖေဆိုရင် သေမလောက်ကြောက်ရပါတယ်။ အခုစာမေးပွဲ ကျပြီဆိုတော့ အရိုက်လည်း ခံရဦးမယ်။ ဆူပူကြိမ်းမောင်းတာလည်း ခံရဦးမယ်ဆိုတော့..တွေးလေ ကြောက်စိတ်ဝင်လေပါပဲ။ နောက်ဆုံးမှာတော့ အဖေနဲ့မတွေ့အောင်   ရှောင်ရတော့တာပေါ့။ ဘယ်လိုပဲရှောင်ရှောင် တွေ့တော့တာပါပဲ။

အဖေနဲ့တွေ့တဲ့အချိန်မှာ  ကျွန်တော်ထင်ထားတာတွေတက်တက်စင်အောင်လွဲပါတယ်။ အဖေက ငါ့သားရယ် ဒီနှစ်မအောင်လည်း နောက်နှစ်အောင်အောင်ကြိုးစားပေါ့ကွာလို့ နှစ်သိမ့်အားပေးလိုက်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ခွန်အားပါပဲ။ အဲဒီခွန်အားဟာ ကျွန်တော့်ဘဝမှာ တကယ့်ကို ပီတိဖြစ်ဖွယ်ကောင်းတဲ့ အဖေပေးလိုက်တဲ့ အားဆေးပါပဲ။  အဲဒီကစလို့ ကျွန်တော်ဘွဲ့ရတဲ့အထိ စာမေးပွဲကိုတစ်ခါမှ မကျတော့ပါဘူး။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုလည်း နှစ်ချင်းပေါက်အောင် ခဲ့ပါတယ်။ စာမေးပွဲကျတဲ့ အချိန်တုန်းက အဖေကသာ ရိုက်နှက်ဆူပူကြိမ်းမောင်းခဲ့မယ်ဆိုရင် ကလေးတို့ သဘာ၀ဆန့်ကျင်ဘက် အလုပ်တွေလုပ်မိမှာ သေချာပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့   မိမိတို့ရဲ့သားသမီးစာမေးပွဲအောင်မြင်မှုနဲ့      လွဲခဲ့မယ်ဆိုရင် လှိုက်လှိုက်လှဲလှဲ နှစ်သိမ့်အားပေးစကားပြောစေချင်တာပါ။

၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေ၊ တစ်ဘာသာဂုဏ်ထူးကနေ ဘာသာစုံဂုဏ်ထူးရသူတွေ အားလုံးကို   စာရေးသူရင်ထဲမှာ မိဘတွေနဲ့ထပ်တူ၊ ဆရာတွေနဲ့ထပ်မျှ  ဝမ်းသာပီတိဖြစ်ရပါတယ်။ မိဘတွေအတွက်၊ နိုင်ငံတော်အတွက် တကယ့်ကိုဂုဏ်ယူပါတယ်။ ဘဝခရီးလမ်းမှာ အောင်မြင်မှုတွေဆက်တိုက် ဆက်တိုက်ရအောင်  ကြိုးစားကြစေချင်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထွက်ပြီးချိန်မှ သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးသို့ မတက်ရောက်မီ စပ်ကြားကာလတွင်  အောင်မြင်သူအားလုံး ဝမ်းသာမှု အရှိန်မလွန်ကဲစေချင်သလို အောင်မြင်မှုနဲ့ လွဲသွားသူ အားလုံးလည်း  ဝမ်းနည်းပူဆွေး မဖြစ်စေချင်ပါဘူး။ လူငယ်တွေမှာစွမ်းရည်သတ္တိ အပြည့်အဝရှိပြီးသား ဖြစ်ပါတယ်။ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်နိုင်တာဟာ လူငယ်တွေရဲ့    အရည်အချင်းများစွာထဲက တစ်ခုဖြစ်ပါတယ်။

လူရယ်လို့ဖြစ်လာရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရသူတွေချည်း ဖြစ်ပါတယ်။ အခက်အခဲမှန်သမျှ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်စွာ ကျော်ဖြတ်ကြရမှာ ဖြစ်ပါတယ်။ ဘဝဆိုတာတိုက်ပွဲလို့ ဆိုထားတဲ့အတိုင်း အခုဆိုရင် တက္ကသိုလ်ဝင်တန်းဆိုတဲ့ တိုက်ပွဲတစ်ခုကို အောင်မြင်ခဲ့ပါပြီ။ ဒီလိုအောင်မြင်ဖို့ ကျောင်းသား၊ ကျောင်းသူတွေ ဘယ်လိုကြိုးစားခဲ့ရသလဲ။   ဒါတွေကိုလည်း အောင်မြင်လိုသူတိုင်း  သိသင့်ပါတယ်။

ဒီအကြောင်းတွေကို  ရုပ်မြင်သံကြားနဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ အောင်မြင်သူတို့ရဲ့ ရင်တွင်း စကားသံတွေကို ဖော်ပြပေးထားပါတယ်။ နားထောင်ကြည့်စေချင်ပါတယ်။   ဖတ်ကြည့်စေချင်ပါတယ်။

နားမထောင်   စာမဖတ်ဆိုရင်တော့ ဘဝတိုက်ပွဲမှာ အောင်မြင်မှုနဲ့ အဝေးကြီးဝေးနေမှာ ဖြစ်ပါတယ်။

အောင်မြင်သူတွေရဲ့ စကားသံတွေကနေ အနှစ်ချုပ်ဖော်ပြရရင် သူတို့တွေနေ့စဉ် ကျောင်းမှန်မှန် တက်ကြပါတယ်။ ကျောင်းမှန်မှန်တက် စာမခက်ဆိုသလို ကျောင်းမှန်မှန်တက်တဲ့ အခါကျတော့ စာတွေအခက်အခဲ မရှိတော့ပါဘူး။ ဆရာ၊ ဆရာမတွေ သင်ပြတာကို သေချာနားထောင်မှတ်သားတယ်။

မရှင်းလင်းတာ၊ နားမလည်တာရှိရင် မိဘတွေရော၊ ဆရာမတွေရော ရှင်းလင်းပြသပေးပါတယ်။ အချိန်နဲ့တစ်ပြေးညီ ဘာသာရပ်အလိုက်ကြိုးစားမှတ်သားကြတယ်။ နှစ်စကတည်းက တစ်နေ့ပေးတဲ့ စာကိုတစ်နေ့ ပုံမှန်လေ့လာ ကျက်မှတ်ကြတယ်။ နှစ်စမှာစာမကျေရင်၊  စာတွေပုံလာမယ်ဆိုရင် စိတ်ဖိစီးမှုတွေဖြစ်လာမယ်။ ဒါမျိုးမဖြစ်ဖို့အတွက်   စာအကြွေးမထားဘဲနေ့စဉ် လုပ်ဆောင်ကြတယ်။  အိမ်ရောက်ရင်မှတ်စုတွေပြန်ထုတ်ပြီး  ပြန်လေ့လာကြတယ်။

Grade-12 မှာ ပထမဆုံးစသင်တဲ့နှစ်ဖြစ်တဲ့အတွက် စာလေ့လာဖို့ရယ်။ အနားယူဖို့ရယ်အချိန်ကို သတ်မှတ်ကြတယ်။ စာတွေကိုဆက်တိုက် လေ့လာမှတ်သားနေရင်လည်း ကျန်းမာရေး ထိခိုက်လာ နိုင်တဲ့အတွက် ကျန်းမာရေးအတွက်လည်း  သီးသန့်အချိန်ပေးပြီး လုပ်ဆောင်ကြပါတယ်။

ကျန်းမာရေးအတွက် အချိန်ပေးရသလို ပြင်ပဗဟုသုတရဖို့အတွက် စာကြည့်တိုက်မှာစာဖတ်ဖို့လည်း အချိန်ပေးရပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာဆိုရင် ကျောင်းတွေမှာကျောင်းစာကြည့်တိုက်တွေ ဖွင့်ထားပြီး စာကြည့်တိုက်တွေမှာ စာဖတ်ဖို့ အချိန်ဇယားတွေမှာ  ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ ဒါတွေဟာ ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲမှာ   ဂုဏ်ထူးနဲ့ အောင်မြင်သူအချို့ရဲ့   စကားသံတွေထဲက အစိတ်အပိုင်းအချို့ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးကို အထူးအလေးအနက် ထားပြီး   ဆောင်ရွက်ပေးနေပါတယ်။

စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ပံ့ပိုးပေးကြပါတယ်။ ဒါ့ကြောင့်လည်း ကျောင်းသား၊ကျောင်းသူတွေ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပညာသင်ကြရပါတယ်။ ဒါကြောင့်သူတို့တွေရဲ့ ရင်တွင်းစကားတွေမှာ နိုင်ငံတော်အကြီးအကဲနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းဆိုတဲ့  စကားတွေ ထည့်သွင်းပြောကြပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုရန်ကျန်တဲ့ ကလေးတွေကို ဧပြီလနဲ့ မေလတွေမှာ အထူးအစီအစဉ် တစ်ရပ်အနေဖြင့်     ကျင်းပပေးခဲ့တာလည်း   ကျောင်းသား၊ ကျောင်းသူတွေနဲ့    မိဘတွေအတွက် ကောင်းမွန်တဲ့ အခွင့်အရေး ရရှိလိုက်တာပဲ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအောင်မြင်မှုရတာဟာ တကယ်တော့ အနီးကပ်ကြီးကြပ်ပြီး အစစအရာရာ ဖေးကူမပေးတဲ့ မိဘတွေကြောင့်ပါပဲ။ စာဆိုတာက သက်မဲ့၊ လူဆိုတာက သက်ရှိပါ။ သက်မဲ့စာကို  သက်ရှိဖြစ်တဲ့  ကျောင်းသား၊ ကျောင်းသူတွေက  အနိုင်ယူနေရမှာ။ အနိုင်ယူနိုင်အောင် ဆရာ၊ ဆရာမတွေ၊ မိဘတွေက  သွန်သင်ပြသအားပေးနေပါတယ်။ အများထက်တော်ချင်ရင် အများထက်ပိုကြိုးစားကြရတာမို့ သူတို့တွေဂုဏ်ထူးတွေရခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံးဖြေဆိုသူ ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူ ၇၄၅၉၂ ဦးဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအောင်မြင်မှုရာခိုင်နှုန်းအနေနဲ့ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ   အောင်မြင်သူများအနက် အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၇ ဦးနဲ့  မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၆ ဦး၊ စုစုပေါင်းအကျဉ်းသား  ၂၃ ဦးအောင်မြင်ခဲ့ပါတယ်။ အောင်မြင်သူများတွင်  ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊  ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂ ဦးနဲ့ ၁ ဘာသာဂုဏ်ထူးရှင် ၃ ဦး ပါဝင်ပါတယ်။ ၄ ဘာသာ ဂုဏ်ထူးရှင်က ဝိဇ္ဇာဘာသာတွဲမှာ  မြန်မာတစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးနဲ့  ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း   သိရှိရပါတယ်။ 

လူမှုဝန်ထမ်းဦးစီး ဌာနအောက်ရှိ လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းနဲ့ လူငယ်သင်တန်းကျောင်းများမှ လူငယ်သင်တန်းသား ၈  ဦး၊  ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ သင်တန်းသား ၂ ဦး အောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။ အောင်မြင်မှုရာခိုင်နှုန်းမြင့်မားတဲ့အတွက်  သင်ကြားပြသသူ    ဆရာ၊   ဆရာမအပေါင်း၊ အောင်မြင်ကြသူ ကျောင်းသား၊ ကျောင်းသူအပေါင်းနဲ့ ဝန်းရံပေးကြသူ မိဘအပေါင်းအတွက် ဂုဏ်ယူပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲမှာ သိပ္ပံတွဲနဲ့  အမှတ်အများဆုံးရရှိသူ ၁၁ ဦး၊ ဝိဇ္ဇာတွဲနဲ့ အမှတ်အများဆုံးရရှိသူ ၁၀ ဦး၊ ဝိပ္ပံတွဲနဲ့ အမှတ်အများဆုံးရရှိသူ ၁၀ ဦးတို့ရဲ့အောင်မြင်မှုကို တွေ့မြင်ရပါတယ်။

အောင်မြင်သူတွေကို   ဂုဏ်ပြုသလို ရှုံးနိမ့်သူကိုလည်း နှစ်သိမ့်ပေးကြရပါမယ်။ ရှုံးနိမ့်သူတွေအနေနဲ့ မိမိတို့ရဲ့အားနည်းချက်ကို အဖြေရှာပြီး အဲဒီအားနည်းချက်တွေကို အားသာချက်တွေဖြစ်အောင် လုပ်ဆောင် ရပါမယ်။    မိဘတွေအနေနဲ့ကလည်း မိမိတို့သားသမီးဘာကြောင့် ရှုံးနိမ့်ရသလဲဆိုတဲ့အဖြေကို သိရှိသင့်ပါတယ်။ ဒါမှလည်းသူတို့ရဲ့အားနည်းချက်ကိုဖြည့်ဆည်းပေးနိုင်မှာပါ။ နှစ်သိမ့်ပေးနိုင်မှာပါ။ စာရေးသူဟာ အထက်မှာပြောခဲ့သလို ဆဋ္ဌမတန်းမှာ ကျခဲ့ဖူးပါတယ်။ ဘာကြောင့်ကျရသလဲဆိုရင် အဲဒီအချိန်တုန်းက  ကျောင်းတက်ရင်းတစ်ဖက်ကလည်း ဆိုင်းပညာသင်၊ ဆိုင်းပွဲတွေထွက်၊ ကျောင်းတက်ရက်ကနည်းခဲ့လို့ ကျခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အဖေက ကျွန်တော့်ကို ဒီနှစ်မအောင် နောက်နှစ်တော့    အောင်မြင်အောင် ကြိုးစားပေါ့လို့ အားပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်သစ်ပညာရေးမှာ ပထမဆုံးသော ွမေိန-၁၂ အတန်းလည်းဖြစ်ပါတယ်။ ပထမဆုံးသော အတွေ့အကြုံများပေါ်မှာ အောင်မြင်စွာ လျှောက်သွားနိုင်သူတို့အနေနဲ့  ပိုမိုအောင်မြင်တဲ့လမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းနိုင်ပါစေ။ အကြောင်းကြောင်းကြောင့် အောင်မြင်မှု လွဲသွားသူတွေအနေနဲ့ လာမယ့်နှစ်မှာ ဂုဏ်ထူးတွေနဲ့ အောင်မြင်အောင် ကြိုးစားနိုင်ကြပါစေ။

နေပြည်တော်နယ်မြေက အောင်မြင်ကြသူကျောင်းသား၊ ကျောင်းသူတွေအနေနဲ့  တစ်နိုင်ငံလုံးမှာ အဆင့်မြင့်တက္ကသိုလ်တစ်ခု ဖြစ်လာအောင်ကြိုးပမ်းနေတဲ့ Naypyitaw State Academy မှာ စိတ်အေးချမ်းသာ ဆက်လက်ပညာ ဆည်းပူးနိုင်ကြပါစေ။ ကျောင်းသား၊  ကျောင်းသူအားလုံးက အနာဂတ်မှာ နိုင်ငံတော်အတွက် အားကိုးအားထားပြုရတဲ့ နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်ကြပါစေလို့  ဆုတောင်းရင်း ဤဆောင်းပါးကို   နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)