စည်းနဲ့ ကမ်းနဲ့ မြန်မာစာ
ဒေါက်တာထွန်းတင့်
တို့အကြောင်းနှင့် ဒါတို့ပြည် ဒါတို့မြေ
“တဝမ်းပူလုံးကြီးတင် တစ်ချောင်းငင်အောက်မြစ်” “တို့” ဟူသော စကားခွန်း၏ အနက်နှင့်အဓိပ္ပာယ် မကျဉ်းမကျယ် ဆန်းစစ်ကြည့်ကြပါမည်။
“တို့” ၏ အနက်ဆိုသည်မှာ “တို့” ၌ ပင်ကိုရှိသောသဘောဖြစ်ပြီး “တို့” ၏ အဓိပ္ပာယ်ဆိုသည်မှာ “တို့” ၏အနက်ကို အခြေခံ၍ သိရသောသဘော ဖြစ်သည်။ တစ်နည်းဆိုသော် အနက်ဆိုသည်မှာ ရင်းမြစ် နက်ဖြစ်ပြီး အဓိပ္ပာယ်ဆိုသည်မှာ အဘိဓာန်ဖွင့်အဓိပ္ပာယ်ဖြစ်သည်။ အနက်ကို “အရှိ” အဓိပ္ပာယ်ကို “အသိ” ဟုလည်း မှတ်ယူနိုင်ပါသည်။ ဆရာကြီး ဦးဖိုးစိန်က သူ၏မြန်မာစကားနက်ကျမ်းတွင် သဒ္ဒါနက် နှင့် အဓိပ္ပာယ်နက်ဟု အမည်ပေးပါသည်။
“တို့” ဟူသောစကားခွန်းသည် မြန်မာတို့စကားပြောရာတွင်လည်းကောင်း၊ စာရေးရာတွင်လည်းကောင်း ရှောင်လွှဲမရအောင် အလွန်အသုံးတွင်ကျယ်သော စကားခွန်းဖြစ်ပါသည်။ “တို့” ကို ကြိယာအဖြစ်လည်း သုံးသည်။ ပစ္စည်းအဖြစ်လည်း သုံးသည်။ နာမ်စားအဖြစ်လည်း သုံးသည်။ နာမ်အဖြစ်လည်း သုံးသည်။ “တို့” ၏ ရင်းမြစ်နက်ကို ထားဦး၍ “တို့” အသုံးအနှုန်းနှင့် အဓိပ္ပာယ်ကို ယခုလေ့လာကြည့်ကြပါမည်။
ကြိယာ “တို့”
“တို့” ကို ကြိယာအဖြစ် အောက်ပါအဓိပ္ပာယ်များဖြင့် သုံးနှုန်းကြသည်ကို တွေ့ရပါသည်-
၁။ အသာအယာထိသည်။
သာဓက။ ။ - မီးကို လက်နှင့်တို့ကြည့်လျှင် ပူမည်။
- ဆေးလိပ်ကို မီးတို့ခဲ့ပါ။
၂။ သာမန်မျှ ရေးမှတ်သည်။
သာဓက။ ။ - တိုင်တွင် ထုံးတို့သည်။
- ဒီဖုန်းနံပါတ်ကလေးတို့ထားလိုက်စမ်းပါ။
- မင်းတို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့။
၃။ (ချဉ်ဖတ် စသည်ကို ငါးပိနှင့်တွဲ၍ ထမင်းတွင်)မြှုပ်စားသည်။
သာဓက။ ။ - အိမ်မှာလုပ်တဲ့ ခံတက်ချဉ်လေး အားရပါးရတို့စမ်းပါ။
- တို့စရာတွေများလို့ ဘာတို့ရမှန်းတောင် မသိတော့ဘူး။
၄။ တိတ်တဆိတ်သတင်းပေးသည်။
သာဓက။ ။ - ရဲကိုလည်း တို့လိုက်ရော၊ ချဲဒိုင်လည်း ပြေးရော။
- အထက်အရာရှိကို တို့တတ်လွန်းလို့ သူ့ကိုရှောင်ကြ တယ်။
၅။ ကျီစားသည်။ စသည်။ နောက်သည်။
သာဓက။ ။ - ကလေးကို ငိုုအောင်မတို့ပါနဲ့။
- ကြောက်ပါတယ်ဆိုု ကြောင်နဲ့တို့။
- ကျွန်မကို ဒီမုဆိုးဖိုနဲ့တို့တာတော့ မခံနိုင်ဘူး။
၆။ ယှဉ်သည်၊ ဖက်သည်၊ စမ်းသည်။
သာဓက။ ။ - သဘင်ဝယ်ယှဉ်မတို့လာနှင့်၊ သခင်တို့ဦးချီ။
“တို့” ကို အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အဓိပ္ပာယ်ခြောက်မျိုးဖြင့် ကြိယာအဖြစ် သုံးနှုန်းကြသည်ကို တွေ့နိုင်ပါသည်။ ထိုကြိယာခြောက်မျိုးတို့သည် ကြိယာတစ်ခုနှင့်တစ်ခု အဓိပ္ပာယ် ဆက်နွှယ်နေကြသည် ကိုလည်း တွေ့နေရပါသည်။ ထိုအဓိပ္ပာယ်ခြောက်မျိုးတွင် “အသာအယာထိသည်” ဟူသော အဓိပ္ပာယ် သည် အခြေခံဖြစ်သော အဓိပ္ပာယ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အသာအယာထိသည် “တို့” ၏ အဓိပ္ပာယ်ကို “အသာအယာထိသည်” ဟု မဖွင့်ဆိုဘဲ “ထိသည်” ဟုဖွင့်လျှင် “တို့” ၏အဓိပ္ပာယ် ကိုသာမက “တို့” ၏အနက်ကိုပါဖွင့်ပြီး၊ ဖော်ပြီးဖြစ်ပေလိမ့်မည်။
“တို့” ၏အနက်ကို “ထိ” ဟုဖွင့်လျှင် “တို့၊ ထိ” တို့၏ “ပေါင်းစည်း၊ ဆက်စပ်” ဟူသော ရင်းမြစ်နက်သည်ပေါ်လွင်လာပါလိမ့်မည်။ သို့ရာတွင် “တို့” ကို “ထိသည်” ဟု ယေဘုယျ အဓိပ္ပာယ် မဖွင့်ဆိုဘဲ “အသာအယာ ထိသည်” ဟု ၀ိသေသအဓိပ္ပာယ်ဖွင့်ဆိုသည်မှာ “တို့” ၏ အဓိပ္ပာယ်ကို ပိုမိုပေါ်လွင် ထိမိစေလို၍ ဖြစ်သည်ဟု မှတ်ယူရပါမည်။ အဘယ်ကြောင့်ဆိုသော် “တို့” ၏အဓိပ္ပာယ်မှာ ကြမ်းကြမ်းတမ်းတမ်း၊ ပြင်းပြင်းထန်ထန်၊ အရှိန်အဟုန်ဖြင့်ထိသည်ဟု ဆိုလိုခြင်းမဟုတ်၊ အသာအယာ၊ ဖြည်းဖြည်းညင်းညင်းထိသည်ဟု ဆိုလိုခြင်းကြောင့် ဖြစ်ပေသည်။
ထို့ပြင် “တို့” နှင့် “ထိ” အဓိပ္ပာယ်ချင်းတူသော်လည်း “ထိ” ၏ အဓိပ္ပာယ်သည် သုဒ္ဓကြိယာ၏ အဓိပ္ပာယ် လည်း ဖြစ်သည်။ ကာရိုက်ကြိယာ၏ အဓိပ္ပာယ်လည်းဖြစ်သည်။ တစ်နည်းဆိုသော် ဖြစ်ခြင်းပြ ကြိယာ လည်းဖြစ်သည်။ ပြုခြင်းပြကြိယာလည်းဖြစ်သည်။ “တို့” ၏အဓိပ္ပာယ်မှာမူ သုဒ္ဓကြိယာ၏ အဓိပ္ပာယ် ထက် ကာရိုက်ကြိယာ၏ အဓိပ္ပာယ်က ပိုကဲနေပါသည်။ တစ်နည်းဆိုသော် ဖြစ်ခြင်းပြကြိယာ သဘောထက် ပြုခြင်းပြကြိယာသဘောက ပိုကဲနေပါသည်။ ဖော်ပြခဲ့သော “တို့”၏ အဓိပ္ပာယ် ခြောက်ရပ်နှင့် သာဓကဝါကျများကို လေ့လာလျှင် “တို့” သည် သုဒ္ဓကြိယာမဟုတ်၊ ကာရိုက်ကြိယာ သာဖြစ်ကြောင်း ပေါ်လွင်နေပေသည်။
(ဆက်လက်ဖော်ပြပါမည်)