လွိုင်ကော်မြို့အတွင်းသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ကလေးငယ် ၄ ဦး အပါအဝင် ၁၀ဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၈
ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က ဇူလိုင် ၄ ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ နည်းပညာတက္ကသိုလ်၊ မြကလပ်တောင်၊ သီရိဒေါလမ်းဆုံနှင့် အခြားနေရာအများအပြား သို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောဓမ္မရပ်ကွက်၊ နမ့်ဘော်ဝမ်(က) ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ ကျောက်တောင်ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ရကာ ကလေးငယ် ၄ ဦးအပါအဝင် စုစုပေါင်း ဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အနေ ဖြင့် ကယားပြည်နယ်၊ လွိုင်ကော်ဒေသအတွင်း အေးချမ်းစွာဖြင့်နေထိုင်လုပ်ကိုင် စားသောက် လျက်ရှိသည့် ဒေသခံပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ ပြည်သူ လူထုနေထိုင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လွိုင်ကော်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် အကြမ်းဖက်မှုတန်ပြန် ချေမှုန်းရေးကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။