နိုင်ငံ့စီးပွားအလေးထား ကူးလူးဆက်သွယ်လွယ်ကူသွား

နိုင်ငံ့စီးပွားအလေးထား ကူးလူးဆက်သွယ်လွယ်ကူသွား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိရာတွင် ဘက်စုံထောင့်စုံ ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၈ ရက်နေ့တွင်  ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)   ဖွင့်ပေးလိုက်ခြင်းမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ အဆိုပါ တံတားကြီး ဖွင့်လှစ်ပေးနိုင်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝသာမက အလုပ်အကိုင် အခွင့်အလမ်းများလည်း ပွင့်လန်းလာခဲ့သည်။ အရှေ့အနောက်စီးပွား ရေးစင်္ကြံလမ်းမကြီးကို အသုံးပြုပြီး ဘားအံနှင့်မြဝတီမြို့များအထိ ဆက်စပ်သွားလာနိုင်သည်။ မွန်ပြည်နယ် နှင့်ကရင်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုမည်ဖြစ်သည်။ ထို့အတူ ဒေသတွင်း နိုင်ငံများနှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။

အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်မှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုပေးခဲ့သည်။ သန်လျင်မြို့သို့ အသွားအပြန် ပြုလုပ်လျက်ရှိသည့် မော်တော်ယာဉ်များမှာ အဆိုပါ တံတားအသစ်ကြီးပေါ်မှ စည်ကားများပြားစွာ ဖြတ်သန်းမောင်းနှင်လျက်ရှိသည်။

တံတားကြီးအသုံးပြုခများကို  ဇွန်လ ၈ ရက်မှ ၁၅ ရက်နေ့အထိ အခမဲ့ ဖြတ်သန်းခွင့်ပြုပေးထားသည်။ ဇွန်လ ၁၆ ရက်မှစတင်ကာ တံတားဖြတ်သန်းခများကို မော်တော်ယာဉ်အမျိုးအစားများအလိုက် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ကို ဖွင့်လှစ်ပေးနိုင်ခြင်းကြောင့်  သန်လျင်တံတား အမှတ်-၁ တွင်ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်ပြီဖြစ်သည်။ ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍  ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များ ဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်လာမည်ဖြစ်သည်။ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို စတင်ဖွင့်လှစ်သည့်နေ့မှာပင် တံတားကြီးပေါ်မှ ကားအစီးရေ ၁၂၉၈၈ စီးဖြတ်သန်း မောင်းနှင်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့နေမှုကိုလျှော့ချနိုင်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာမည် ဖြစ်သည့်အတွက် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

တံတားကြီးတည်ဆောက်ထားပုံမှာ ထူးခြားလှသည့်အတွက် မြင်သူတိုင်းအံ့သြမဆုံး ဖြစ်ကြရသည်။

အဆိုပါ တံတားကြီးစီမံကိန်းမှာ ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အခြေအနေကြောင့် တည်ဆောက်ရေး လုပ်ငန်းများ တုံ့ဆိုင်းသွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စွမ်းဆောင်ချက်နှင့် နိုင်ငံ့ကောင်းကျိုးသယ်ပိုးနေမှုများကြောင့် တံတားကြီးတည်ဆောက်ရေး လုပ်ငန်းများ ကိုပြန်လည် စတင်နိုင်ခဲ့သည်။ ရန်ပုံငွေသုံးစွဲမှု လိုအပ်ချက်များ ဖြစ်ပေါ်လာသည့်အတွက်လည်း နိုင်ငံတော်မှ ကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင်ပေးခဲ့သည့်အတွက် တံတားကြီးတည်ဆောက်မှုများ အောင်မြင်ပြီးမြောက် ခဲ့သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ လက်တွဲဆောင်ရွက်သည့်အောင်ပွဲတစ်ခုဟုလည်း ဆိုနိုင်သည်။

အဆိုပါ တံတားကြီးမှာစုစုပေါင်း ၈၆၃၈ ပေရှည်လျားပြီး တံတားအကျယ် ၇၅ ပေ လေးလမ်းသွားဖြစ်သည်။ တံတားကြီး၏တစ်ဖက်စီတွင် Safe Zone ၅ ပေစီပါရှိသည်။ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်သည်။ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်သည်။ တံတားကြီး၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)၏ အခြားတံတားများနှင့် မတူသည့် အချက်မှာ ရန်ကုန်မြို့၏ အထင်ကရအမှတ်အသား (Landmark) ဖြစ်စေရန်အတွက် သံမဏိကြိုးဆိုင်း တံတား(Cable Stayed Bridge) ဖြင့် ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ပေးထားခြင်း ဖြစ်သည်။

ယခုဆိုလျှင် သန်လျင်တံတားအမှတ်-၃ ပေါ်မှ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်း သွားလာနေသည့် မြင်ကွင်းများကိုလည်း  တွေ့မြင်နေကြရပြီ ဖြစ်သည်။ သန်လျင်တံတားအမှတ်-၁ မှာ တစ်လမ်းသွား ဖြစ်သည့်အတွက် ယာဉ်သွားလာမှုများပြီး နံနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ခဲ့သည်။ သန်လျင်တံတားအမှတ်-၃ ကို ဖွင့်လှစ်ပြီးသည့်နောက်တွင် ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲများ ကင်းစင်သွားပြီဖြစ်သည်။ တံတားဝန်ဆောင်မှု ကောက်ခံရာတွင်  QR  Code  System အသုံးပြု၍ Mobile Pay ဖြင့် ဖြစ်စေ၊ ငွေသားဖြင့်ဖြစ်စေ ကောက်ခံသွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်  လမ်းပန်းဆက်သွယ်မှုကောင်းမွန်လာရေးအတွက် ပထဝီအနေအထားအရ သဘာဝ အတားအဆီး ဖြစ်သည့်နေရာများတွင် တံတားများ တည်ဆောက်ပေးခြင်း၊ လမ်းများကို ရာသီမရွေးသွား လာနိုင်အောင် ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်လှစ်ပေးနိုင်ခြင်းမှာလည်း နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် များစွာသော ကောင်းကျိုးစီးပွား ပေါ်ပေါက်လာတော့မည် ဖြစ်ပါကြောင်း သန်လျင်တံတားအမှတ်-၃ ဖွင့်လှစ်ခြင်းကို ဂုဏ်ပြုကြိုဆို ရေးသားလိုက်ရပေသည်။   ။

Dates: 
Tuesday, July 9, 2024 - 03:43