မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ်စောင့်ရှောက်ပါ

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ်စောင့်ရှောက်ပါ

 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများအနက် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းလည်း ပါဝင်ပါသည်။ ၎င်းအခန်းကဏ္ဍကို သက်ဆိုင်ရာ နိုင်ငံတို့၏ ကျန်းမာရေးဆိုင်ရာတာဝန်ရှိ ပညာရှင်တို့က အလေးအနက်ပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြပါသည်။

ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း၏ အဓိကမှာ အဖြစ်များသည့် ကျန်းမာရေးပြဿနာများနှင့် ၎င်းတို့ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့် နည်းလမ်းများအကြောင်းကို သက်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပညာရှင်တို့က ပညာ ပေးခြင်းလုပ်ငန်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။

တိုးတက်ဖွံ့ဖြိုးအောင် ထိန်းသိမ်းမြှင့်တင်

အနောက်တိုင်းဆေးသိပ္ပံပညာရပ်ဖြင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်(၈) ရပ်ချမှတ် ထားရာ လူသားတို့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆေးသိပ္ပံပညာရပ်ပေါ်တွင် လုံးလုံးလျား လျားမှီခိုအားထားခြင်းသာမက  ဗူအနမညေ-အငလန နြိငခငညန (ပေါင်းကူးဆေးပညာ)ကိုလည်း မှီခိုအားထားနေကြရပါသည်။ ၎င်းတို့ထဲမှ ဗူအနမညအေငလန နြိငခငညန တွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်း တွင် အသီးသီးရှိနေသော အတွေ့အကြုံအခြေခံသည့် တိုင်းရင်းဆေးပညာရပ်သည်လည်း ပဓာနကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ လူသားတို့သည် ခေတ်အဆက်ဆက်တွင် သက်ဆိုင်ရာ တိုင်းရင်း ဆေးပညာရပ်များကို မပစ်ပယ်ရုံသာမက တိုးတက်ဖွံ့ဖြိုးအောင် ထိန်းသိမ်းမြှင့်တင်လျက်ရှိကြပါသည်။

ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြန်မာ့တိုင်းရင်းဆေးပညာတွင်   လမ်းညွှန် ပြသထားသည့် နည်းလမ်းမှာ “ကံ၊ စိတ်၊ ဥတု၊ အာဟာရ” တည်းဟူသော သမုဋ္ဌာန် (၄) ပါး၊ ညီညွတ်မျှတ လိုက်လျောညီထွေစွာ နေထိုင်၊ ကျင့်ကြံ၊ ပြုမူ၊ စားသောက်ကြရေးသည် အရေးကြီး ကြောင်းကို ပညာပေး လမ်းညွှန်ထားပြီးဖြစ်ပါသည်။ ယခုအခါ ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်(၈)ရပ်ထဲတွင် အကျုံးဝင်သည့် အဖြစ်များသော ကျန်းမာရေးပြဿနာများ နှင့် ၎င်းတို့ကို ကာကွယ်ထိန်းသိမ်းစောင့် ရှောက်သည့်နည်းလမ်းများမှ မိုးဥတုတွင် ဖြစ်လေ့ရှိသော ရောဂါအချို့အား တိုင်း ရင်းဆေးဖြင့် စောင့်ရှောက်ခြင်းကို မကြာမီ မိုးဥတုသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် တိုင်းရင်းဆေးပညာရှုထောင့်မှ ရေးသားတင်ပြလိုက်ပါသည်။

မိုးဥတု၏ ကာလအပိုင်းအခြားမှာ ၀ါဆို လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည်နေ့အထိ လေးလတာဖြစ်ပါသည်။ မိုးဥတု၏ သဘာဝအရ မိုးများပုံမှန်ရွာသွန်းခြင်း၊ အအေးဓာတ်များ တဖြည်း ဖြည်းလွှမ်းမိုးလာခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် ရေပြည့်ရေလျှံခြင်း၊ သစ်ပင်၊ တောတောင်တို့   စိမ်းလန်းစိုပြည်ခြင်း၊ သတ္တဝါတို့ အေးမြကြည်လင်၍ သာယာ ရွှင်လန်းခြင်းစသော လက္ခဏာများကို ပုံမှန်အားဖြင့်  တွေ့ရှိရမည်ဖြစ်ပါသည်။ ထို့ပြင် မိုးအလွန်ရွာလိုက်၊ နေပူလိုက်တစ်လှည့်စီဖြစ်၍ အပူ၊ အအေး အားပြိုင်တတ်ပါသည်။ အပူ၊ အအေး အားပြိုင်နေသည့်အချိန်တွင် ဥတုနှင့် လိုက်လျောညီ ထွေအောင်မနေဘဲ ဥတုနှင့်ဆန့်ကျင်ပြီး နေထိုင်စားသောက်ပါက ခန္ဓာကိုယ်အတွင်းဓာတ်များ ဖောက်ပြန် တတ်ပါသည်။

ဥတုဘောဇနသင်္ဂဟဆေးကျမ်းပါ တိုင်းရင်းဆေးပညာအလိုအရ ၀ါဆိုလနှင့် ၀ါခေါင်လများတွင် ပြင်ပ လေအားကြီးသည့် အတွက် သည်းခြေဓာတ်ငုပ်ပြီး လေဓာတ် ပျက်တတ်ပါသည်။ မိုးဥတုသည် အလွန် ပူပြင်းသည့် နွေဥတုနှင့် အလွန်အေးမြသည့် ဆောင်းဥတုတို့၏အကြားတွင် ရှိနေခြင်းကြောင့် အပူနှင့် အအေးရောထွေးပြီး ဖောက်ပြန်သည့်အတွက် ဝမ်းမီးအညံ့ဆုံး၊ ရောဂါအဖြစ်အများဆုံးဥတုဖြစ်သည်ကို တွေ့ရှိရပါသည်။ အစာကို ခြေချက်ပေးသည့် ဝမ်းမီးနုံ့၍ အစာခြေချက်မှု အားနည်းခြင်းကြောင့် လေထိုးလေအောင့် ခင်း၊ အစာမကြေခြင်း၊ ဝမ်းပျက်ဝမ်းလျှော ခြင်း၊ ဝမ်းကိုက်ခြင်း၊ သန်၊ တုတ်ထ ခြင်းများအပြင် ရာသီအကူးအပြောင်းတွင်အဖြစ် များသည့် နှာစေးချောင်းဆိုးခြင်း၊ တုပ်ကွေး ဖျားခြင်း များ ဖြစ်တတ်ပါသည်။

လေထိုးလေအောင့်ဖြစ်ရခြင်း

မိုးဥတုတွင်ဖြစ်လေ့ရှိသော ရောဂါ အချို့ကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ရာတွင် လေထိုး လေအောင့်ဖြစ်ရခြင်းမှာ အအေးမိခြင်း၊ မကြေကျက်သောအစာ များစားသုံးခြင်း၊ အပူအစပ်များ လွန်စွာ စားသုံးခြင်းတို့ကြောင့် အဖြစ်များသည်။ နံဘေးရင်ဘတ်ထိုးအောင့်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း လက္ခဏာများကိုလည်း တွေ့ရလေ့ရှိပါသည်။ လေထိုးလေအောင့်သူများ သည် ခြေဖျားအေးတတ်သဖြင့် တိုင်းရင်း ဆေးပညာဖြင့် စောင့်ရှောက်ရာ၌ ခြေဖျား များပူအောင် အပူပေးခြင်း၊ ကြပ်ထုပ်ထိုး ခြင်း၊ ဆေးပူလိမ်းခြင်းနှင့် နံဘေးရင်ဘတ် ဝမ်းဗိုက်တို့ကို ရေနွေးအိတ်ကပ်ပေးခြင်း ပြုလုပ်ပေးနိုင်ပါသည်။ သာမန်လေထိုး လေအောင့်ဖြစ်ပါက ဆားခါးလက်ဖက်ရည် ဇွန်းတစ်ဇွန်းစာကို ရေနွေးဖြင့်ဖျော်၍ အကြမ်းပန်းကန်တစ်လုံးစာ သောက်ပေးခြင်း၊ ကန့်ကလာကို သုံးခွက်တစ်ခွက် တင်ကျိုပြီး ဆား၊ ပျားရည်လက်ဖက်ရည် တစ်ဇွန်းစာထည့်၍ သောက်ပေးခြင်း၊ ကြေကျက်ခဲသော အစာ၊ ဆီကြော်စာများ ကို ရှောင်ကြဉ်၍ စွပ်ပြုတ်ရည်ကျဲကျဲတစ် မျိုးမျိုးသောက်ပေးခြင်း၊ ပူနွေး၍ ကြေကျက် လွယ်သော အစာများ စားသောက်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ ၎င်းအပြင် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၂၅) မတဲမြင့်မိုရ်ကုန်းဆေး၊ တိုင်းရင်းဆေးခန်း သုံး ဆေးအမှတ်(၂) လေမျိုး (၈၀) ဆေးတို့ကိုလည်း တိုင်းရင်းဆေးပညာရှင်များ၏ ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါသည်။

အစာမကြေဖြစ်ရခြင်းမှာလည်း အစားလွန်ခြင်း၊ အစားစားချိန်မမှန်ခြင်း၊ မကြေညက်နိုင်သော အစား အစာများ စားသုံးခြင်းကြောင့် ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာများအနေဖြင့် ဗိုက်နာခြင်း၊ ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းများကို တွေ့ရတတ်ပါသည်။ ပူ၊ စပ်၊ ခါး၊ ငန် အရသာရှိသော အစားအစာများကို စားသောက်နိုင်ပါသည်။ ချင်း(ဂျင်း)သတ္တုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရှောက်ရည်ဆတူ၊ ဆားအနည်းငယ်ထည့်ပြီး တစ်နေ့နှစ်ကြိမ် အစာစား ပြီးတိုင်း သောက်နိုင်ပါသည်။ သံပရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ထန်းလျက်တစ်ခဲနှင့် ရောစပ်ပြီး ရေနွေးပူပူနှင့် သောက်ပေးခြင်း၊ အစာကြေဆေး၊ လျက်ဆား တစ်မျိုးမျိုး စားသုံးပေးခြင်းများ ပြုလုပ် နိုင်ပါသည်။ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းဟင်းခါး ပူပူနွေးနွေးကို သောက်ပေးနိုင်ပါသည်။ ဆီကြော် စာများ၊ ကြေကျက်ခဲသော အစာများနှင့် အစာမာများကို ရှောင်ကြဉ်သင့်ပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ

မိုးဥတုတွင်ဖြစ်လေ့ရှိသော နောက်ရောဂါတစ်မျိုးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပါသည်။ မသန့်ရှင်း သောအစားအစာများ စားသုံးမိခြင်း၊ မသန့်ရှင်းသောသောက်ရေ သုံးရေများ၊ ယင်နားစာများ စားသုံးခြင်းနှင့် မသန့်ရှင်းသော လက်များမှတစ်ဆင့်ရောဂါပိုးများ ကပ်ငြိနိုင်ပြီး ဖြစ်ပွားနိုင်ပါသည်။ အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေတတ်ပါသည်။ ရောဂါလက္ခဏာများမှာ ဝမ်း အရည်များ မကြာခဏသွားခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ အိပ်မရခြင်း၊ နုံးချိခြင်းများကို တွေ့ရနိုင်ပါသည်။ ဝမ်းအလွန်သွားပါက ခန္ဓာကိုယ်တွင်း အရည်ခန်းခြောက်ခြင်း ဖြစ်စေနိုင်၍ အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပျားရည်ဖြင့် ရောစပ်၍ တစ်နေ့သုံးကြိမ် သောက်နိုင်ပါသည်။ တိုင်းရင်း ဆေးခန်းသုံး ဆေးအမှတ်(၃၅) ဇာတိလဝင်္ဂဆေးနှင့်    တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၃၃) အစာကြေ လေပုပ်ထုတ်ဆေးတို့ကို ဆတူရောစပ်၍ တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစ်နေ့နှစ်ကြိမ် ရေနွေးဖြင့် သောက်ပေးနိုင်ပါသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနစ်ပါးဆေးဝါလေးကို နှမ်းဆီဖြင့် ဖျော်၍ ဝမ်းဗိုက်ကိုလိမ်းပေးနိုင်ပါသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ကြက်သားစွပ်ပြုတ် သောက်ပေးခြင်း၊ အုန်းစိမ်းရည် သောက်ပေးခြင်းများ ပြုလုပ်ပေးပါ။ လိုအပ်ပါက ဓာတ်ဆားရည် သောက်ပေးနိုင်ပါသည်။ လတ်ဆတ်သောထမင်းရည်တွင် ဆားအနည်းငယ်ထည့်၍ သောက်ပေးခြင်း၊ ငှက်ပျောသီးဖီးကြမ်းကို ပြုတ်၍ ဖြစ်စေ၊ မီးကင်၍ဖြစ်စေ စားပေးခြင်း၊ ကြက်သားကိုကြော်၍ ပါးပါး လှီးပြီး ကြက်သွန်ဖြူများများ၊ ရှောက်၊ သံပရာတို့ဖြင့် သုပ်စားခြင်း၊ ထမင်းမီးဖုတ်ကို ရေနှင့်ဖျော်၍ အရည်သောက်ပေးခြင်း ပြုလုပ်ပေးနိုင်ပါသည်။ သတိပြုရန်အနေဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းသည် ဆန်ဆေးရည်ကဲ့သို့သော ဝမ်းသွားခြင်း၊ ဝမ်းတွင်သွေးများပါလာခြင်း၊ ဖျားခြင်း၊ ကိုယ်အပူချိန် တက်လာ ခြင်းနှင့် အန်ခြင်းစသောလက္ခဏာများပါ ပူးတွဲခံစားလာရပါက ဝမ်းလျှောလူနာအား   နီးစပ်ရာ ဆေးရုံသို့ လွှဲပြောင်းကုသစေရမည် ဖြစ်ပါသည်။

ဝမ်းကိုက်ခြင်း

ယင်းအပြင် မိုးဥတုတွင်ဖြစ်လေ့ရှိသည့်ရောဂါတစ်ခုမှာ    ဝမ်းကိုက်ခြင်းဖြစ်ပါသည်။ ဝမ်းဗိုက်ရစ်ရစ်နာ၍ အချွဲပါသောဝမ်း (တစ်ခါတစ်ရံ ဝမ်းအရည်)များ မကြာခဏသွားခြင်း ဖြစ်သည်။ ယင်နားစာ၊ မသန့်ရှင်း သော အစားအစာနှင့် ရေများစားသောက်ခြင်းမှ ဖြစ်ပွားစေပါသည်။ ရောဂါလက္ခဏာများအနေဖြင့် ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းဗိုက်တင်းခြင်း၊  အားအင်ကုန်ခန်းခြင်း၊  အိပ်မပျော်ခြင်း၊ တစ်ခါတစ်ရံ ဝမ်းသွားရာတွင် အချွဲသာမက သွေးပါတတ်ခြင်းများ တွေ့ရှိနိုင်ပါသည်။  တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ပေးခြင်းတွင် ဗိုက်ရစ်ပြီးဝမ်းကိုက်ပါက ဖန်ခါးအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို တစ်နေ့ နှစ်ကြိမ် ရေနွေးပူပူနှင့်တိုက်ပါ။ ဝမ်းကိုက်ခြင်းဖြစ်လာပါက ကြက်သားပြုတ်ကြော်စားခြင်း၊ ထားဝယ် မှိုင်းရွက်၊ သင်္ဘောရွက်နုနု၊ ရှားစောင်းသိင်္ဂနိက်အရွက် (kiss me quick)၊ ကျွဲကျောင်းမင်စေးအရွက်၊  ဘောစကိုင်း(အဝေရာ)အရွက်နုတို့ကို ရေနွေးဖြော၍ ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ ကြက်သွန်ဖြူ၊ နှမ်းလှော် တို့ဖြင့် သုပ်၍စားသုံးနိုင်ပါသည်။

တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂) လေမျိုး (၈၀) ဆေးနှင့် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၈) သွေးဒူလာဆေးတို့ကို    တိုင်းရင်းဆေးပညာရှင်များ၏ အညွှန်းအတိုင်းသောက်နိုင်ပါသည်။

တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၃၅) ဇာတိလဝင်္ဂဆေးနှင့် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၃၃) အစာကြေလေပုပ် ထုတ်ဆေးတို့ကို ဆတူရောစပ်၍ တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစ်နေ့နှစ်ကြိမ် ရေနွေးဖြင့် သောက်ပေးနိုင်ပါသည်။ အစားအသောက်ကို အဆာပြေရုံသာစားပါ။   ဆီကြော်စာများရှောင်ပါ။ ဝမ်းကိုက်ရောဂါ မဖြစ်ပွားစေရန် မသန့်ရှင်းသော၊ မလတ်ဆတ်သော၊ အမှည့်လွန်သော၊ ရေဖြင့် စင်ကြယ်စွာ မဆေးထားသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါးများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

ဒိန်ချဉ်ခဲနှင့် အဆီထုတ်ထားသော နွားနို့သောက်ခြင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်သောက်ခြင်းပြုလုပ်ပါ။    မိုးဥတုတွင်ပေါ်သော ရာသီပေါ်ဥသျှစ်သီးကို မကြာခဏကျွေးပေးပါ။ ယင်လုံအိမ်သာသုံးစွဲခြင်း၊ အိမ်သာ အသုံးပြုပြီးတိုင်း လက်ဆေးခြင်း၊ အစားအစာများ မကိုင်တွယ်မီနှင့် အစာမစားမီ လက်ကို ရေ၊ ဆပ်ပြာ တို့ဖြင့် စင်ကြယ်စွာဆေးခြင်း၊ အစားအစာများယင်မနားစေရန် အဖုံးအုပ်ထားခြင်းများ ပြုလုပ်ရမည်။

မိုးဥတုတွင် အများအားဖြင့် ဖြစ်လေ့ရှိသောသန်၊ တုတ်ထခြင်းမှာ မသန့်ရှင်းသော အစားအစာ၊ အမှည့် လွန်စာ၊ ယင်နားစာများ စားခြင်းကြောင့်ဖြစ်သည်။ လက္ခဏာများမှာ ခံတွင်းအနံ့နံခြင်း၊ ဗိုက်ပူ၍ ချက်စူ ထွက်ခြင်း၊ စအိုဝတွင်ယားယံခြင်း၊ ခြေလက်တို့ အေးစက်ခြင်း၊ မျက်သားဖြူညိုခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းနှင့်အတူသန်ပါခြင်း လက္ခဏာများ တွေ့ရပါသည်။ သန်ကောင်၊ တုတ်ကောင်ရှိနေပါက   သန်ချဆေးကို  အသက်အရွယ်အလိုက် သောက်သုံးသင့်ပါသည်။ သန်ရှိပြီး ကိုယ်သားကိုယ်ရေ ပူနေပါ က တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၄၇) ခုနစ်ပါးဆေးဝါလေး ရွေးကြီး တစ်ရွေးခန့်ကို သနပ်ခါး ရေကျဲကျဲ (သို့) အုန်းဆီနှင့်ဖြစ်စေ ရောစပ်၍ လည်မျို၊ ရင်ဝနှင့် ဝမ်းဗိုက်များကို လိမ်းပေးနိုင်ပါသည်။ ၎င်းအပြင် နာနတ်သီး ၁၅ ကျပ်သားခန့် တစ်နေ့တစ်ကြိမ် သုံးရက်စားပေးခြင်း၊ ပေါက်ပွင့်ကိုသုပ်စားခြင်း၊ ဘောစကိုင်း(ခေါ်) အဝေရာရွက်အနုကို သုပ်စားခြင်း၊ တို့စရာအဖြစ်ပြုလုပ်၍ စားသောက်ခြင်း ပြုလုပ် ပေးနိုင်ပါသည်။ ညစ်ပေသောလက်ဖြင့် အစာစားခြင်း၊ လက်မဆေးဘဲအစာစားခြင်း၊ မသန့်ရှင်းသော အစာ၊ ယင်နားစာများစားခြင်း၊ အဖုံးအအုပ်မပါသော အစာများစားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ကြေညက်လွယ်သော အစာများကျွေးပါ။ ဟင်းသီးဟင်းရွက်များကို ရေစင်အောင်ဆေးပြီးမှစားပါ။ အသား၊ ငါးများကို ကောင်းစွာကျက်အောင် ချက်စားပါ။ သန်ကောင်၊ တုတ်ကောင်ရောဂါများ မဖြစ်ပွား စေရန်အတွက် အစားအစာများ မကိုင်တွယ်မီ၊ အစားမစားမီ၊ အစာစားပြီးနှင့် အိမ်သာအသုံးပြုပြီးတိုင်း   လက်ကို ဆပ်ပြာဖြင့် စနစ်တကျ စင်ကြယ်စွာဆေးပါ။

နှာစေး၊ ချောင်းဆိုး       

မိုးဥတုတွင် မိုးမိခြင်းနှင့် အအေးမိခြင်းကြောင့် ရာသီဥတုအပြောင်းအလဲတွင် ဖြစ်ပွားတတ်သော ရောဂါ လက္ခဏာများဖြစ်သည့် နှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်းများလည်း ဖြစ် တတ်ပါသည်။နှာစေး၊ ချောင်းဆိုးပါက ချောင်းဆိုးသက်သာစေသည့် ဆေးဖြစ်သော ကွမ်းရွက်သတ္တုရည်၊ ကစော့ပုပ်ရွက် သတ္တုရည်ကို ဆားအနည်းငယ်ထည့်၍ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ တစ်နေ့သုံးကြိမ် တိုက်ပေးနိုင်ပါသည်။

လည်ချောင်းနာခြင်းဖြစ်ပါက ချင်းစိမ်းသတ္တုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ပျားရည်လက်ဖက်ရည် ဇွန်းတစ်ဇွန်း ရောစပ်၍ တစ်နေ့သုံးကြိမ်သောက်ပါ။ နှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများ အတွက် ကွမ်းရွက်နှင့် ချင်း ဆတူရောစပ်၍ ပြုတ်ရည် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေးနိုင်ပါသည်။ နှာပိတ်ပါက နှာပွင့်စေသည့် ရှိန်းခိုကို အုန်းဆီဖြင့်ဖျော်၍ နှာဝနှင့် ငယ်ထိပ် တို့ကို အုပ်လိမ်းပေးနိုင်ပါသည်။

ရှူဆေးတစ်မျိုးမျိုးကိုလည်း ရှူပေးနိုင်ပါသည်။ ချဉ်သောအစာများ၊ ဖျော်ရည်အေးအေးနှင့် ဆီကြော် များရှောင်ပါ။   ဒိန်ချဉ်ခဲ၊  ငှက်ပျောသီး၊ လိမ္မော်သီးများ ရှောင်ရမည်။   အစာကြေပြီး   အပွင့်ဓာတ်ရစေရန် အစားအစာများထဲတွင် ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်းများကို များများထည့်စားပေးသင့်ပါသည်။ ရေနွေးများများ သောက်ပါ။ မိုးမမိစေရန်၊ အအေးမမိစေရန် ဂရုပြုနေထိုင်ပြီး နွေးနွေးထွေးထွေး  ဝတ်ဆင် နေထိုင်ရန်လိုအပ်ပါသည်။

ရာသီတုပ်ကွေးဖျားနာခြင်း

အထူးသဖြင့် ဥတုသန္တိလို့ခေါ်တဲ့ ဥတုရာသီအဆက်အစပ် အကူးအပြောင်းကာလတွင် ရာသီတုပ်ကွေး ဖျားနာများ ဖြစ်တတ်ကြပါသည်။  ထိုကဲ့သို့  ရာသီတုပ်ကွေးဖျားနာခြင်းများဖြစ်လာလျှင် ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက စနစ်တကျသုတေသနပြုလုပ်၍ တိုင်းရင်းဆေးဝါး မှတ်ပုံ တင်ထားပြီးသော မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံထုတ် ၀ိသမ အဖျားပျောက်ဆေးကို  အသုံးပြုနိုင်ပါ သည်။ ၀ိသမအဖျားပျောက်ဆေးတွင် ဆေးခါးကြီး၊ ဆင်တုန်းမနွယ်၊ နံ့သာဖြူ၊ ချင်း(ဂျင်း) တို့ပါဝင် ပါသည်။ ၀ိသမအဖျားပျောက်ဆေး၏ သုတေသနရလဒ်များအရ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊   ပင်ပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ်နှင့် ကြွက်သားများကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းစသည့် လက္ခဏာများ သိသိသာသာ သက်သာပျောက်ကင်းကြောင်း တွေ့ရပါသည်။ ၀ိသမ အဖျားပျောက်ဆေးကို အရည် အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းဆောင်ရွက်ပြီး တိုင်းရင်းဆေးရုံနှင့် တိုင်းရင်း ဆေးကု ဌာနများသို့ ဌာနသုံးဆေးအဖြစ် အခမဲ့ဖြန့်ဖြူးပေးလျက်ရှိသဖြင့်   အကယ်၍ မိမိတို့တွင်   ရာသီတုပ်ကွေး လက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာတိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကုဌာနများတွင်  သွားရောက် ပြသ၍  ၀ိသမအဖျား ပျောက်ဆေးကို အခမဲ့ရယူနိုင်ပါသည်။        

အထက်တွင် ရေးသားဖော်ပြခဲ့ခြင်းများသည် မိုးဥတု၌ဖြစ်လေ့ရှိသော ရောဂါအချို့အတွက် တိုင်းရင်း ဆေးပညာအရ စောင့်ရှောက်ခြင်းကို တင်ပြခဲ့ခြင်းဖြစ်ပါသည်။ မိုးဥတုကာလအတွင်း ဆောင်ရန်၊    ရှောင်ရန်များကိုလည်း ဆက်လက်ဖော်ပြပါမည်။ မိုးဥတုတွင် မိမိ၏  ရုပ်သဘောဓာတ်ခံကိုကြည့်ပြီး   ကံ၊  စိတ်၊  ဥတု၊ အာဟာရ အလိုအရ လိုက်လျောညီထွေစွာ ပြုမူနေထိုင် စားသောက်ရပါမည်။

ရှေးသမားတော်များ၏ ဥတုအလိုအရ နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းဆယ့်တစ် ရေချိုးစနစ်ဆိုသည့် အတိုင်း မိုးဥတုတွင် အများအားဖြင့်  နံနက်  ၁၀  နာရီတွင် ရေချိုးလျှင် အသင့်တော်ဆုံးဖြစ်ပါသည်။ ရှေးသမားတော်များ၏  နွေချို၊  မိုးခါး၊ ဆောင်းချဉ် တိုင်းရင်းဆေးနည်းစဉ်ဆိုသည့်အတိုင်း  မိုးဥတုတွင်  အခါးအရသာကို ကျန်းမာနေသူများအဖို့   စားသုံးပေးရန် သင့်တော်ပါသည်။

ကြေကျက်လွယ်သော အစာအာဟာရများကို  စားသောက်သင့်

ဥတုဘောဇနသင်္ဂဟဆေးကျမ်းအလိုအရ မိုးဥတုတွင် ချွေးအောင်းခြင်း၊ အနှိပ်အနင်းခံခြင်း၊ ကရမက်၊ ကတိုး၊ ကုံကုမံ၊ အမွှေးနံ့သာများကို လိမ်းကျံသင့်သည်ဟု ဆိုထားပါသည်။  ကြေကျက်လွယ်သော အစာအာဟာရများကို စားသောက်သင့်ပြီး ကုန်းတွင်ကျက်စားသည့်  အသား၊ ငါးများသာ စားသင့်ပါ သည်။  မိုးဥတုတွင် ကြစုသီး၊   သိန္ဓောတို့ကဲ့သို့  ဆေးများစားသင့်သည်ဟု ဆိုထားပါသည်။ အထူးသဖြင့် ကလေးငယ်များ၏ အရွယ်နှင့်လိုက်ပြီး အသား၊ ငါးများကို မျှတစွာကျွေးပါ။ အသီးအရွက် များများ ကျွေးပါ။ အစာမကြေစေသော အစာမာမာများ မကျွေးရပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးကိုဂရုစိုက်ပါ။ အထူးသတိပြုရန်မှာ မိုးဥတုတွင် ရာသီပေါ်အသီးအနှံများလည်း ပေါ်ပေါက် သည့်အတွက် အမှည့်လွန်သောသစ်သီးများ၊ ယင်နားစာများ၊ ဝမ်းနူးစာများ၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာ၊ မသန့်ရှင်းသော သောက်သုံးရေများကို ရှောင်ကြဉ်သင့်ပါသည်။

နွေဥတု၏ အလွန်ပြင်းထန်လှသည့် အပူဒဏ်ကြောင့် မိုးကိုမျှော်လင့်တောင့်တခဲ့ကြရာ မိုးဥတုသို့  ကူးပြောင်းချိန်တွင် သတိပြုသင့်သည့် မိုးဥတု၌ဖြစ်လေ့ရှိသော ရောဂါအချို့အတွက် တိုင်းရင်း ဆေးပညာအရ စောင့်ရှောက်နိုင်ကြစေရန် ပြည်သူလူထု၏ ကျန်းမာရေးကိုစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများအနက် တိုင်းရင်းဆေးဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍကို   အလေး အနက်ပြု၍ “မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့်  ရောဂါကာကွယ်စောင့်ရှောက်ပါ” အကြောင်း ကို  ရေးသားဖော်ပြလိုက်ပါသည်။

ဒေါက်တာ စုစုဒွေး၊ ဆွေဆွေ၊ ရီရီစန်း၊ နေနေနိုင်ရီ (တိုင်းရင်းဆေးပညာဦးစီးဌာန)